ရေဘေး၊ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး တည်ငြိမ်မှု

တနေ့က DVB ဒီဘိတ်မှာ မြန်မာနိုင်ငံတစ်လွှား ရေကြီး ရေလျှံနေတဲ့အတွက် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ ရက်ရွှေ့သင့် မရွှေ့သင့် ငြင်းခုံဆွေးနွေးသွားကြတာ တွေ့ရတယ်။ အခု မြန်မာနိုင်ငံမှာ ရေကြီးမှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူ အတော်များများရှိတာ အမှန်ပဲဖြစ်သလို ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ကလည်း နီးကပ် နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတလွှား တိုင်းနဲ့ပြည်နယ် ဒေသကြီး ၁၁ နေရာလောက်မှာ ရေကြီးမှုကြောင့် ရေဘေးသင့် ပြည်သူ ၁.၆ သန်းခန့် ရှိနေပြီး ရေမြုပ်ဧက ၁၄ သိန်းကျော်ရှိကြောင်း သိရပါတယ်။ နောက်ဆုံး သတင်းများအရ အိမ်ထောင်စုပေါင်း ၃ သိန်း ၃ သောင်းလောက် ရေဘေးလွတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ရပြီး မျိုးစပါး လိုအပ်ချက်က တင်းပေါင်း ၁၇၂,၈၇၇ တင်းလောက် ရှိတယ်လို့ ခန့်မှန်းကြတယ်။ အခုချိန်ထိတော့ မျိုးစပါး စုဆောင်းမှု လိုအပ်ချက်ရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ် ရေဘေးမှာ ထူးထူးခြားခြား တွေ့ရတာကတော့ လူငယ်တွေ၊ တက္ကသိုလ် ကျောင်းသားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ သတင်းစာ ဂျာနယ်တွေ၊ အလှူရှင် အသင်းအဖွဲ့တွေ၊ တစ်ဦးချင်း စေတနာရှင်တွေ၊ ဘဏ်နဲ့ လုပ်ငန်းရှင်တွေ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းလို ပရဟိတ အဖွဲ့တွေ စသဖြင့် အသင်းအဖွဲ့ပေါင်းများစွာ၊ လူပေါင်းများစွာရဲ့ ရေဘေး ကူညီကယ်ဆယ်ရေးတွေကို တွေ့ရတာဖြစ်ပါတယ်။ မြန်မာလူမျိုးများရဲ့ တဦးနဲ့တဦး ဒုက္ခရောက်သူကို ကူညီ ရိုင်းပင်းလိုစိတ်၊ လူသားချင်းစာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏာစိတ်တွေကို စိတ်လှုပ်ရှားဖွယ်ရာ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ တရုတ်ပြည်၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကုလသမဂ္ဂ စတဲ့ အဖွဲ့အစည်းများရဲ့ ကူညီမှုတွေကိုလည်း အားရဖွယ်ရာ တွေ့ရပါတယ်။ ထူးထူးခြားခြား အလှူရှင်တွေထဲမှာ ထိုင်းဘုရင့် သမီးတော်က ဘတ်ငွေ သန်း ၅၀၀ ဖိုး ရှိတဲ့ ဆန်၊ အ၀တ်အထည်၊ စားစရာ၊ ဆေးဝါး စတာတွေ ကားနဲ့ ၁၀ စီးတိုက်လောက် လှူတာတွေ့ရတယ်။ မြန်မာနိုင်ငံ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ကလည်း ကျပ်ငွေ ၅.၇ ဘီလီယံဖိုးရှိတဲ့ အစားအစာ၊ ဆေးဝါး၊ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့တယ်လို့ ကြေညာသွားတာ တွေ့ရပါတယ်။ ဒီလို အားတက်ဖွယ်ရာ ကူညီပံ့ပိုးမှု သတင်းတွေ ကြားရပေမယ့် တကယ့် မြေပြင်မှာတော့ အကူအညီ မရသေးတဲ့ ကျေးရွာတွေ ရှိနေသေးကြောင်း သတင်းတွေ တချို့နေရာတွေမှာတော့ အလှူရှင်တွေ များနေတာတွေ စတဲ့ သတင်းတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကပ်ဘေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို စနစ်တကျ ကော်မတီတွေ ဖွဲ့ပြီး လုပ်ဖို့ အကြံပြုချက်များလည်း ကြားသိ နေရတာဖြစ်ပါတယ်။ နောက်တခုက နိုင်ငံတကာက လှူဒါန်းတဲ့ ပစ္စည်းတွေကိုလည်း တကယ့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ အလေအလွင့်မရှိ ရောက်ရှိသွားအောင် ဘယ်လို စီမံမလဲ ဆိုတာတွေလည်း ပြောဆိုနေကြတာ တွေ့ရပါတယ်။ ဒီလို ပြောဆိုလာကြတာက နာဂစ်မုန်တိုင်းတုန်းကလည်း ဒီလို အတွေ့အကြုံတွေ ရှိထားကြတာဖြစ်လို့ ပြောနေကြရတာ ဖြစ်တယ်။ အဲဒီတုန်းက နိုင်ငံတကာက ကူညီကြတဲ့ ထောင်နဲ့ချီတဲ့ shelta box ဆိုတဲ့ ယာယီတဲငယ်တွေ ဘယ်ကို ရောက်ကုန်သလဲ၊ အခုလိုအချိန်မှာ ပြန်ပြီး ထုတ်သုံးလို့ရတာပဲလို့ ပြောနေကြတာဖြစ်တယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် အချိန်ဘယ်လောက် လိုမလဲ။ အခု ရွေးကောက်ပွဲ အတွက် ကျန်တဲ့ အချိန်က ရက်ပေါင်း ၈၀ ကျော်ကျော် ရှိနေပါတယ်။ လာမယ့် နှစ်လအတွင်းမှာ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မလား၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဘယ်လောက်ထိ အစပျိုးနိုင်မလဲ။ ငွေအား၊ ပစ္စည်းအား၊ လူအင်အား ဘယ်လောက်အထိ ထောက်ပံ့ပေးအပ် ကူညီနိုင်မလဲ။ နောက် တစ်ချက်ကတော့ အထက်အောက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များရဲ့ ကူညီဆောင်ရွက်လိုစိတ် ဘယ်လောက် ရှိသလဲဆိုတာတွေက အဲဒီ ဒေသတွေ အချိန် တိုတိုအတွင်း ပြန်လည် နာလန်ထူနိုင်၊ မထူနိုင် ဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဟားခါးလို မြို့မျိုးကတော့ အချိန် နှစ်နဲ့ချီပြီး ထူထောင်မှ ရနိုင်မှာဖြစ်တယ်။ ရေကြီးနေကျ အတွေ့အကြုံ သိပ်မရှိတဲ့ ပွင့်ဖြူလို နေရာနဲ့ ရေကြီးတဲ့ အတွေ့အကြုံ နှစ်စဉ်လောက် ရှိခဲ့တဲ့ ကလေးလို နေရာမျိုး၊ ကောလင်းလို နေရာမျိုးရဲ့ ပြန်လည် ထူထောင်ဖို့ လိုအပ်မယ့် အချိန်ချင်း တူနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် ဒီလို ရေကြီးမှုတွေ နှစ်လအတွင်း ရှိမလာဘူးလို့ ယူဆပြီး တွက်ချက်မယ်ဆိုရင် နေရာ အတော်များများဟာ ပြန်လည်ပြီး ပုံမှန်နီးပါး အဆင့်ကို ရောက်နိုင်မလားဆိုတာ တွက်ချက်ဖို့ လိုတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ တလလောက် အလိုမှာ ရေကြီးရေလျှံ ဒေသများရဲ့ ရာခိုင်နှုန်း ဘယ်လောက်ဟာ ပုံမှန် မဲဆန္ဒပေးနိုင်တဲ့ အဆင့်အထိ ရောက်မယ် ဆိုတာကို တွက်ချက်နိုင်ရင် နေရာဒေသ အားလုံးမှာ ရွေးကောက်ပွဲကို ကျင်းပမလား။ အချို့ဒေသ အနည်းငယ်ကို ချန်လှပ်ပြီး ကျင်းပမလားဆိုတာကို ဆုံးဖြတ်နိုင်မယ်လို့ ယူဆရပါတယ်။ ဒီလို အလျင်အမြန် နာလန်ထူလာဖို့ ဆိုတာက နိုင်ငံတကာ လှူဒါန်းမှုများ အလေအလွင့်မရှိ၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ရောက်ရှိရေးက အလွန် အရေးကြီးတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဂိုထောင်ထဲကို ဘယ်လောက် ထည့်လိုက်တယ်၊ ဘယ်လောက်ထုတ်ပြီး ဘယ်ဒေသ၊ ဘယ်ရွာကို ပို့တယ် ဆိုတာတွေက အစ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတာပါ။ အခု နေ့စဉ် သတင်းစာတွေမှာ တွေ့မြင်နေရတဲ့ သစ်မှောင်ခို တန်ချိန် ဘယ်လောက် ဖမ်းမိတယ်တို့ ဆိုတာတွေ ရှိပါတယ်။ မှတ်မိသလောက် ပြောရရင် ဖမ်းမိ သစ်ဟာ တန်ချိန် ၅ သောင်း အထက်မှာ ရှိပြီး၊ အကောက်ခွန်မဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းဟာ ကျပ်ငွေ ဘီလီယံ ၃၀ နီးပါး ရှိတာ ဖြစ်ပါတယ်။ ဖမ်းမိသစ်တွေကို သးစ်တောဌာနကို လွှဲပေးတာ ဖြစ်တယ်။ သစ်တောဌာနက ဘယ်လို ဆက်လက် စီမံခန့်ခွဲတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အလားတူပဲ အကောက်ခွန်မဲ့ ဖမ်းမိပစ္စည်းများကို ဘယ်လို စီမံတယ်။ ရတဲ့ ဘဏ္ဍာငွေတွေဟာ နိုင်ငံတော်ကို ဘယ်လို ၀င်တယ် ဆိုတာ မသိကြရပါဘူး။ ဒီလို ကိစ္စတွေနဲ့ ပတ်သက်လို့ ဒီတလော ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်း (YSPS)မှာ လာရောက် ပို့ချတဲ့ အကူးအပြောင်း သီအိုရီဆရာ လယ်ရီဒိုင်းမွန်းရဲ့ လက်ချာထဲမှာ တချက်တွှေတာ ရှိပါတယ်။ သူကတော့ နိုင်ငံတော် လုပ်ငန်းများနဲ့ ပတ်သက်ရင် အလျားလိုက် တာဝန်ခံမှု၊ ဒေါင်လိုက် တာဝန်ခံမှုတွေ ရှိဖို့လိုတာကို ပြောတာပါ။ အစိုးရတွေမှာ အလျားလိုက် တာဝန်ခံမှုအတွက် အင်စတီကျူးရှင်း အတော်များများ ဖွဲ့ကြရပါတယ်။ ဒီ အင်စတီကျူးရှင်းတွေ လုပ်ငန်းလုပ်ရာမှာ ထိရောက်မှုရှိစေဖို့ လိုအပ်ချက် အတော်များများ ရှိတဲ့အထဲမှာ တချက်ကတော့ စစ်ဆေးသူများကို ပြန်လည်စစ်ဆေးနိုင်တဲ့ (check on the checkers) ဆိုတာ ပါဝင်ပါတယ်။ ဒါကို (resiprocal oversight) အပြန်အလှန် ကြီးကြပ်နိုင်ခြင်းလို့ ခေါ်ပါတယ်။ ကိစ္စ အတော်များများမှာ ဒီလို ပြန်လှန်စစ်ဆေးနိုင်မှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်၊ မကျင်းပနိုင် ဆိုတာက သဘာဝ ဘေးဒဏ် တခုတည်း မဟုတ်ပါဘူး၊ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့လည်းလိုတာ ဖြစ်ပါတယ်။ အခုတလော ဖြစ်ပွားခဲ့တဲ့ ကြံ့ခိုင်ရေးပါတီတွင်း ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်သွားတဲ့ ကိစ္စမှာ လုံခြုံရေးအင်အားများ သုံးစွဲခဲ့မှု၊ မျက်ကွယ်မှာ အုပ်စုနဲ့ ကိုင်တွယ်ဖြေရှင်းသွားမှုတွေကြောင့် နိုင်ငံတကာကပါ စိုးရိမ်မှု ရှိလာတဲ့ အနေအထား ဖြစ်လာပါတယ်။ ဒီကိစ္စဟာ ဘယ်လောက်အထိ ဆက်လက် သက်ရောက်သွားမလဲ ဆိုတာကလည်း စောင့်ကြည့်သွားရမယ့် သဘောဖြစ်တယ်။ မကြာခင်(၁၈ ရက်နေ့)ဆိုရင် လွှတ်တော်က ပြန်လည် စတင်တော့မှာပါ။ ဒီလို အာဏာရ ပါတီတွင်း ခေါင်းဆောင် ပြောင်းလဲမှုဟာ လွှတ်တော်တွင်းမှာ ဘယ်လောက် ဂယက်ရိုက်မလဲ။ ရိုးရိုး သာမန်ပါတီဝင်အဖြစ် ရောက်သွားသူဟာ သာမန်အဆင့် မဟုတ်ဘဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက် ဒီလို ဂယက်တွေကို ထည့်သွင်း တွက်ချက်ရတာ ဖြစ်တယ်။ လက်ရှိ အစိုးရရဲ့ သက်တမ်း ကုန်ဆုံးခါနီး၊ နောက် သက်တမ်းတခုအတွက် ရွေးကောက်ပွဲ ကျင်းပခါနီးမှာ သဘာဝဘေးဒဏ်တွေနဲ့ ကိစ္စတွေ များလာတာဖြစ်ပြီး၊ ကြိတ်ပြီး ဖြစ်လာတဲ့ ပြဿနာတွေကလည်း ပွင့်အန်လာတာ ဖြစ်တယ်။ ဒီပြဿနာများကို တည်ငြိမ်အောင် ဖြေရှင်းနိုင်သည့် တိုင်အောင် လွတ်လပ်ပြီး တရားမျှတမှုရှိမှသာ ရွေးကောက်ပွဲက အောင်မြင်မှာ ဖြစ်တယ်။ ဒီလို အောင်မြင်ပြီး နောက် ရွေးကောက်ခံအမတ်များကို ပြန်လည်ပယ်ဖျက်နိုင်တဲ့ ရွေးကောက်ပွဲ စည်းမျဉ်းများနဲ့ စိစစ်ခံရဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း မတရားပယ်ဖျက်ခံရတာတွေ ရှိနိုင်သေးတာပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပြီး၊ အစိုးရသစ်တရပ် ဖွဲ့နိုင်ဖို့အတွက် အားလုံးရဲ့ ရှေ့မှာ လုပ်ငန်းစဉ်တွေ အများအပြား၊ အခက်အခဲ အများအပြားက စောင့်ကြိုနေတာပဲ ဖြစ်ပါတယ်။ Z.ဖေ၀င်း မှတ်ချက်။ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၁၊ အမှတ်-၄၇ ဆရာZ.ဖေ၀င်းဆောင်းပါးကို ဖော်ပြပါသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up