Home
ဆောင်းပါး
တရုတ်၊ အမေရိကန်၊ အာဆီယံနဲ့ တောင်တရုတ်ပင်လယ်အရေး
DVB
·
August 10, 2015
၄၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စုံညီအစည်းအဝေးကို သြဂုတ်လ ၄ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အာဆီယံနိုင်ငံတွေရဲ့ ဆွေးနွေးဘက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမစခင်ကတည်းက တရုတ်နိုင်ငံက အဓိက အငြင်းပွားနေဆဲဖြစ်တဲ့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်နက်ကိစ္စကို အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှာကို ကန့်ကွက်ထားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ တရုတ်က ဆောင်ရွက်နေတဲ့ ကျွန်းတည်ဆောက်မှု၊ စစ်တပ်တွေချထားမှုနဲ့ အငြင်းပွားနေတဲ့ ပြဿ  နာမှာ တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ တခြားရန်လိုတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံကို တောင်းဆိုဖို့ သဘောထား ရှိနေခဲ့တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောဆိုခဲ့ကြပါတယ်။ တရုတ်ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အဖွဲ့ရဲ့ ဆွေးနွေးဘက်နိုင်ငံတွေကို ဒီအငြင်းပွားနေတဲ့ နယ်မြေပိုင်နက်ဆိုင်ရာ ပဋိပက္ခကို အစုံတရာ ဖော်ပြပြောဆိုတာတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ၀ါရှင်တန်ကတော့ တရုတ်နိုင်ငံအနေနဲ့ သူနဲ့ပြိုင်ဘက် ဖြစ်နေတဲ့ နိုင်ငံတွေအပေါ် ရန်လိုတဲ့ လှုပ်ရှားဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းပစ်ပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ ဒီပြဿ  နာအတွက် သံတမန်ရေးအရ ဖြေရှင်းအဖြေရှာဖို့ တောင်းဆိုမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘတ် ဒဲလ် ရိုဇာရီယိုက “ဒေသတွင်း တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ နည်းလမ်းတခုအနေနဲ့ ဖိလစ်ပိုင်က အပြည့်အ၀ ထောက်ခံပါတယ်။ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတဲ့ နယ်မြေပိုင်နက် တောင်းဆိုမှု ရပ်ဆိုင်းရေး၊ တည်ဆောက်နေတာတွေကို ရပ်ဆိုင်းရေးနဲ့ တင်းမာမှုတွေ ပိုပြီးမြင့်တက်လာနိုင်တဲ့ ရန်လိုတဲ့ လှုပ်ရှားဆောင်ရွကှ်ုမှေုတွကို ရပ်ဆိုင်းဖို့ဆိုတဲ့ 'ရပ်သုံးရပ်' တောင်းဆိုမှုကိုလည်း ဖြစ်ထွန်းအောင်မြင်လာဖို့ တက်တက်ကြွကြွ တိုးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ သူက လွန်ခဲ့တဲ့နှစ်အတွင်း အငြင်းပွားနေတဲ့ သန္တာကျောက်တန်း အနည်းဆုံး  ခုနှစ်ခုပေါ်မှာ တရုတ်နိုင်ငံက စတင်တည်ဆောက်ခဲ့တဲ့ ကြီးမားတဲ့ ကျွန်းတုကြီးတွေကို ရည်ညွှန်းပြီး “ကျနော်တို့ဟာ တရုတ်နိုင်ငံက တောင်းဆိုနေတဲ့ ဟာတွေဟာ ဘယ်လိုနည်းနဲ့မဆို တရားဝင်မဖြစ်သင့်ဘူး ဆိုတာကို ကျနော်တို့ အလေးအနက်ပြုရမှာ ဖြစ်ပါတယ်။” တကယ်တော့ တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ နယ်မြေပိုင်နက် တောင်းဆိုမှုတွေမှာ တရုတ်၊ ဖိလစ်ပိုင်နဲ့ တခြား အစိုးရ ၄ ဖွဲ့က ပိုင်နက်တောင်းဆိုမှုတွေနဲ့ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ အချေအတင် အငြင်းပွားလာခဲ့ကြတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ် ဆိုတာကလည်း သယံဇာတ ပေါကြွယ်ဝပြီး ကုန်သွယ်စီးပွားအတွက် အသုံးများလှတဲ့နေရာ ဖြစ်တဲ့အတွက် ခုလို သူနိုင်ကိုယ်နိုင် အပြိုင် ပိုင်ဆိုင်ခွင့်ရ ထိန်းချုပ်နိုင်ရေး တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က နိုင်ငံတကာက ရေကြောင်းလွတ်လပ်စွာ အသုံးပြုခွင့်ကို အဟန့်အတားဖြစ်လာမှာ၊ ကမ္ဘာ့ရေနံရောင်းဝယ်မှုအတွက် အဓိက ကူးပြောင်းဖြတ်သန်းရာနေရာနဲ့ ကုန်သွယ်စီးပွား ဆောင်ရွက်မှုတွေအတွက် အနှောင့်အယှက် အဟန့်အတား ဖြစ်လာမှာကို စိုးရိမ်ထိတ်လန့်မှုဖြစ်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲက စပရက်စ်တလေကျွန်းတွေမှာ ကျွန်းတုတွေ စတင် တည်ဆောက်လာခဲ့တဲ့အတွက် တင်းမာမှု တဟုန်ထိုး မြင့်မားသွားခဲ့ရပါတယ်။ ၀ါရှင်တန် (အမေရိကန်) အနေနဲ့ကတော့ ဒီပဋိပက္ခမှာ ပါဝင်တဲ့နိုင်ငံ တနိုင်ငံ မဟုတ်သလို နယ်မြေပိုင်နက် အငြင်းပွားမှုမှာ ဘက်မလိုက်ရေးမူရှိတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿ  နာကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့နဲ့ အငြင်းပွားနေတဲ့ ရေပြင်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့်ရှိရေးတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုတွေကို ငြင်းပယ်ထားပါတယ်။ ဒီအငြင်းပွားမှုဟာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံကြားမှာ အန္တရယ်ကြီးတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပြီး အမေရိကန်နဲ့ ဒေသတွင်း အစိုးရတွေကလည်း စစ်တပ်နေရာချထားမှုတွေ တိုးတက်မြင့်မားလာပြီး တွက်ဆချက် မှားယွင်းမှုဖြစ်လာမှာ၊ မတော်တဆ ရင်ဆိုင်တိုက်ခိုက်မှုတွေ မထိန်းချုပ်နိုင်ဘဲ ဖြစ်လာကြမှာတွေကိုပါ ပူပင်ကြောင့်ကြ ဖြစ်လာစေခဲ့ပါတယ်။ တရုတ်အစိုးရဘက်က ဒီအငြင်းပွားမှုကို မလေးရှား အစည်းအဝေးမှာ မဆွေးနွေးသင့်ဘူးလို့ ပြောခဲ့ပေမယ့် ထိပ်တန်း အရှေ့တောင်အာာရှ သံတမန်တွေကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံက ဆွေးနွေးဘက် သံတမန်တွေနဲ့ အာဆီယံ ဒေသဆိုင်ရာညီလာခံ (ARF) လို့  သိကြတဲ့ အင်္ဂါနေ့မှာ ကျင်းပမယ့် နှစ်ပတ်လည် အာရှဒေသ လုံခြုံရေး ဆွေးနွေးပွဲမှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်ခ် တုန်နာကတော့ “နိုင်ငံခြားရေးဌာန ၀န်ကြီး ဂျွန်ကယ်ရီက နယ်နိမိတ်ရေးရာ ကိစ္စတွေကို မလေးရှား အစည်းအဝေးမှာ ကိုင်တွယ် ဆောင်ရွက်ပါလိမ့်မယ်” လို့ အစည်းအဝေးမတိုင်ခင် တနင်္လာနေ့က ပြောဆိုခဲ့ပြီး သူကပဲ အငြင်းပွားမှုပေါ် ဆောင်ရွက်ချက်တွေမှာ အင်အားနဲ့ လုပ်ငန်းဆောင်တာအရ အတိအလင်း တိုးများလာတာ၊ စစ်ရေးအသွင် ဖန်တီးလုပ်ဆောင်လာတာတွေကို ရန်စတဲ့ လုပ်ရပ်တွေလို့ အမေရိကန်က မြင်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒီတောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်တောင်းဆိုမှု ပြဿ နာဟာ အရှေ့တောင်အာရှဒေသနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ကြီးမားတဲ့ပြဿ     နာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အဓိကနယ်မြေ တခုလုံးနီးပါးကို သူပိုင်ပါတယ်လို့ တောင်းဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးဘက်နိုင်ငံတခုဖြစ်တဲ့ အမေရိကန်နိုင်ငံ ၂ နိုင်ငံစလုံးနဲ့ ဆွေးနွေးနေခဲ့ကြတာပါ။ အာဆီယံအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် လီလျောင်မင်းက  နယ်မြေဒေသတွင်းမှာ တင်းမာမှုတွေကို မြင့်တက်လာစေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ကျွန်းတည်ဆောက်ရေး ဆောင်ရွက်မှုတွေအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက စိုးရိမ်ပူပန်မှု ရှိနေကြောင်း ဖော်ပြပြောဆိုခဲ့ကြတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီကိစ္စဟာ ၄၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အကြမ်းဖက် ဖြေရှင်းလာတဲ့အထိ ပေါက်ကွဲပြင်းထန်လာနိုင်တဲ့အတွက် တရုတ်နိုင်ငံက အစည်းအဝေးအတွင်းမှာ အငြင်းပွားနေတဲ့ ဒီပြဿ  နာနဲ့ ပတ်သက်လို့ ပြောဆိုမှာမဟုတ်ဘူးလို့ အစည်းအဝေးပြင်ပ ဆွေးနွေးပွဲတွေမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံလိုပဲ တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်နက်ဆိုင်ရာ တိုက်ရိုက်ထိပ်တိုက်တွေ့နေတဲ့ ဖိလစ်ပိုင်နိုင်ငံက ဒေါသနဲ့ တုံ့ပြန်ပြောဆိုလာခဲ့တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံကတော့ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်နိုင်ငံတွေက လွန်ခဲ့တဲ့ ၄၅ နှစ်ကာလအတွင်း တောင်းဆိုခဲ့တဲ့ အကျယ်အ၀န်းက ၄၀ ဟက်တာပဲရှိပြီး လွန်ခဲ့တဲ့ ၁၈ လလောက်အတွင်း တရုတ်နိုင်ငံက တောင်းဆိုခဲ့တဲ့ နယ်မြေပိုင်နက်ဖြစ်တဲ့ ၁၂၀၀ ဟက်တာနဲ့စာရင် အစိတ်အပိုင်း နည်းနည်းလောက်ပဲ ရှိတာပါလို့ ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံက မကြာသေးခင်ကပဲ အာဆီယံအသင်း အုပ်ချုပ်ရေးပိုင်းကို အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုတခုပြုလုပ်ဖို့ ကတိပြုခဲ့ပေမယ့် တကယ့်ပကတိ အခြေအနေနဲ့ သူ့ရဲ့ ကတိပေးအပ်ခဲ့တာတွေကြားမှာ ကွာဟမှု ရှိနေခဲ့တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မင်က ပြောဆိုခဲ့ပါတယ်။ သူက “ကျနော်တို့ စိုးရိမ်ပူပန်မှု ရှိနေတဲ့ ပြုမူဆောင်ရွက်မှုတွေ၊ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ယုံကြည်စိတ်ချမှုတွေကို ပြိုပျက်သွားစေနိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ရှုပ်ထွေးအောင် လုပ်ပစ်တာတွေကို နိဂုံးချုပ်ကြဖို့ တောင်းဆိုပါတယ်” လို့လည်း မင်က ဆက်ပြောခဲ့ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ အာမင်ကတော့ အာဆီယံ ၀န်ကြီးတွေက အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုရှိကြဖို့ တောင်းဆိုပါတယ်လို့ ပြောကြားသွားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကတော့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ တရုတ်နိုင်ငံပိုင်နက်ထဲမှာသာ ဖြစ်နေခဲ့တာဖြစ်ပြီး တခြား နယ်မြေပိုင်နက် တောင်းဆိုသူတွေနဲ့ ဆက်စပ်ပြီး ဒီကိစ္စမှာ စံနှုန်း ၂ မျိုး မထားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက “ဒီကိစ္စမှာ စံ ၂ မျိုး ချမှတ်အသုံးပြုတာဟာ အပြုသဘော မဖြစ်နိုင်ပါဘူး။ တရုတ်နိုင်ငံနဲ့ အာဆီယံဟာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အတူတူ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။”  လို့ အစည်းအဝေးပြင်ပမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာမင်ကလည်း “အာဆီယံဟာ အခင်အမင်မပျက် ဖြေရှင်းမှုတခု ရရှိလာရအောင် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်၊ ပါဝင်သင့်ပါတယ်။ ဒီထက် အစည်းအဝေးမှာ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းဆောင်ရွက်မှုရှိရှိ တင်ပြဆွေးနွေးတာကိုပဲ ကျနော်တို့ မြင်ချင်ပါတယ်။ ကျနော်တို့က အပြုသဘောဆောင်တဲ့ စတင်မှုကို လုပ်ဆောင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီထက်ပိုပြီး လုပ်ကိုင်ဖို့တော့ လိုအပ်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာတော့ တရုတ်နိုင်ငံခြာရေးဝန်ကြီး ၀မ်ရီက သူ့နိုင်ငံက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း နယ်မြေတောင်းဆိုမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အဲဒီစီမံချက်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ သတင်းထောက်တွေကို “တရုတ်နိုင်ငံက ရပ်ထားလိုက်ပါပြီ” လို့ ဖြေကြားခဲ့ပြီး သူတို့အနေနဲ့ လေယာဉ်ငှားပြီး ကိုယ်တိုင်သွားရောက် ကြည့်ရှုဖို့ သင့်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ တကယ်ပဲ တောင်တရုတ်ပင်လယ်တွင်း ငြိမ်းချမ်းတည်ငြိမ်မှုရှိလာတော့မှာပါလား။ တရုတ်နိုင်ငံက သူ့ရဲ့ ကျွန်းတည်ဆောက်ရေး လုပ်ငန်းတွေနဲ့ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုကို တကယ်ပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ တောင်းဆိုမှုကို လိုက်လျောရပ်ဆိုင်းပေးလိုက်တာပါလား။ လားပေါင်းများစွာကတော့ ကျန်ရှိနေဆဲဖြစ်ပါကြောင်း။   ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024