Home
မြန်မာသတင်း
ချင်းပြည်နယ် ပလက်ဝကို ကယ်ဆယ်ရေးပစ္စည်းများ ရောက်မလာ
ရွှေအောင်
·
August 7, 2015
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ ရေဘေးဒုက္ခသည်တွေအတွက် ခုချိန်ထိ စားနပ်ရိက္ခာ အပါအ၀င် အကူအညီ အထောက်အပံ့ တစုံတရာ မရရှိသေးဘူးလို့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ချင်းနဲ့ ရခိုင်နယ်စပ် ပလက်ဝမြို့နဲ့ အနီးနား ရွာတွေဖြစ်တဲ့ ဆမီးနဲ့ သံထောင်တို့မှာ ဒေသခံ ၂၀၀၀ ကျော် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပြီး ရေကျပြီး တပတ်ကျော်ကြာချိန်အထိ အကူအညီ မရရှိသေးဘဲ ဖြစ်နေကြတာပါ။ ပလက်ဝမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ People Hope Community Development အဖွဲ့ တည်ထောင်သူတယောက်ဖြစ်တဲ့ ဦးဇော်လီအောင်က မြို့နယ်အတွင်း လက်ရှိ အခြေအနေကို ခုလို ပြောပြပါတယ်။ “ဆမီးမှာက ၇၅၀၊ သံထောင်မှာက ၄၅၀-၅၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်၊ ပလက်ဝမြို့နယ်မှာက ၉၂၀၊ ပလက်ဝမှာကျတော့ ကီမိုခန်းမ၊ စာသင်ကျောင်းတို့မှာ နေရာပေးထားပါတယ်။ ဆမီးမှာကျတော့ တိုက်နယ်ဆေးရုံရယ်၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ နေရာချထားပေးတယ်။” သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတို့နဲ့ ခရစ်ယာန်ဘုရားကျောင်း စတဲ့ လူမှုအဖွဲ့အစည်းတို့က ဒုက္ခသည် ၂၀၀၀ ကျော် စားဝတ်နေရေးအတွက် ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးနေတယ်လို့လည်း ပြောပါတယ်။ သြဂုတ် ၅ ရက်နေ့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပလက်ဝမြို့အတွက် ကူညီထောက်ပံ့ပေးပို့ခဲ့တဲ့ ထောက်ပံ့ပစ္စည်း အထုပ် ၅၀ ဟာ စစ်တွေမြို့မှာ သောင်တင်နေပြီး အဲ့ဒီအထုပ်တွေထဲ ဆန်၊ ငါးသေတ္တာ၊ ခြင်ထောင်၊ အိုးခွက်ပုဂံအစုံ စတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ အဲဒီထောက်ပံ့ပစ္စည်း အထုပ် ၅၀ ပလက်ဝရောက်ဖို့ ကူညီလုပ်ဆောင်ပေးနေတဲ့ စစ်တွေမြို့က ဦးအောင်ထိုက်က ဒီနေ့ညနေပိုင်း ကားလမ်းကတဆင့် ကျောက်တော်ရောက်အောင် ပို့ဆောင်မယ်၊  ကျော်တော်ကတဆင့် ပလက်ဝကို စက်လှေနဲ့ ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားပြီး သြဂုတ် ၉ ရက်နေ့မှာ အဲ့ဒီအထုပ် ၅၀ ပလက်ဝရောက်မယ်လို့ ပြောပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အင်တာနက်စာမျက်နှာမှာ “၅.၈.၂၀၁၅ နေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ချင်းပြည်နယ်(တောင်ပိုင်း) ပလက်ဝမြို့နှင့် အနီးကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်း၍ နေအိမ်များစွာ ပျက်စီးဆုံးရှုံးပြီး ရေဘေးသင့် အိမ်ထောင်စုများစွာ ဒုက္ခရောက်နေကြသည်ကို ကြားသိရ၍ ဒုက္ခသည် အိမ်ထောင်စုများအတွက် ဆန်၊ ငါးသေတ္တာဘူးများ၊ အိမ်မိုး တာလပတ် (၁၅ပေ x ၁၅ပေ) များ၊ စောင်၊ ခြင်ထောင်၊ မျက်နှာသုတ်ပုဝါ၊ အိုးခွက်ပန်းကန် အစုံများနှင့် Top Boots များကို ရေစိုပြီး ပျက်စီးမှု မရှိအောင် Plastic အထပ် (၄) ထပ်ဖြင့် သေချာစွာထုပ်ပိုး၍ တပ်မတော်လေယာဉ်၊ Helicopter များမှတဆင့် ပလက်ဝမြို့ပေါ်သို့ အမြန်ဆုံး (Air Drop) လုပ်ပေးနိုင်ရန် တပ်မတော် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ ကယ်ဆယ်ရေးပစ္စည်းထုပ်များ ပေးပို့ခဲ့ပါသည်” လို့ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကို ခုနေခါ သွားရောက်နိုင်တဲ့ လမ်းခရီးက စစ်တွေက တဆင့် ကျောက်တော်ထိ ကားလမ်းနဲ့သွားပြီး ကျောက်တော်ကမှတဆင့် ပလက်ဝမြို့ကို ရေလမ်းခရီးနဲ့ သွားရောက်နိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ အစိုးရရဲ့ သြဂုတ် ၃ ရက် ညနေပိုင်းထိ သတင်းထုတ်ပြန်ချက်အရ  ပလက်ဝမြို့နယ်အတွင်း လူဦးရေ ၂၆၀၀ ခန့် ရေဘေးသင့်ခဲ့တယ်၊ အဆောက်အဦ ၆၁ လုံး ရေထဲမျောပါခဲ့ပြီး လမ်းတံတား ၆ စီး ပျက်စီးခဲ့တယ်၊ ရေဘေးကြောင့် မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ်ပြီးရင် ပလက်ဝမြို့ဟာ ရေဘေးသင့်လူဦးရေ အများဆုံး ဖြစ်ပါတယ်။ ဓာတ်ပုံ - People Hope Org Paletwa01-PeopleHopeOrg Paletwa02-PeopleHopeOrg Paletwa03-PeopleHopeOrg Paletwa04-PeopleHopeOrg Paletwa05-PeopleHopeOrg Paletwa06-PeopleHopeOrg Paletwa07-PeopleHopeOrg Paletwa08-PeopleHopeOrg Paletwa09-PeopleHopeOrg Paletwa10-PeopleHopeOrg
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024