ရှစ်လေးလုံး သစ္စာ (သို့မဟုတ်) စိန်သားကျောက်ဆိုင် မော်ကွန်းတိုင်

မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားမျိုးနွယ်စုအားလုံးဟာ ယဉ်ကျေး ရည်မွန်တယ်၊ ခင်မင်ဖော်ရွှေတယ်၊ စိတ်နေစိတ်ရင်း ရိုးသားတယ်။ ပင်ကိုယ်အားဖြင့် ငြိမ်းချမ်းစွာ နေထိုင်လိုကြတယ်။ လူဦးရေအများစုဟာလည်း ဗုဒ္ဓအဆုံးအမမှာ မွေ့လျော်သူတွေမို့ ခွင့်လွှတ်တတ်တယ်။ အလွန်သည်းခံတတ်၊ အားနာတတ်တယ်။ အနွံအတာခံတတ်တယ်။ ဒီလောက်ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံတဲ့ လူမျိုးတွေဟာ ဖိနှိပ်မှုတရပ် အဆုံးစွန် ရောက်လာတဲ့အခါ မခံမရပ်နိုင်တဲ့အဆုံး နေ့ရက်တရက်မှာ လမ်းမတွေပေါ် တညီတညာတည်း ထွက်လို့ မတရားမှုကို လက်မခံနိုင်တော့ကြောင်း ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်ခဲ့ကြဖူးတယ်။ အဲဒီနေ့ဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ မော်ကွန်းထိုး ကမ္ပည်းတင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့နေ့ပါပဲ။ အင်္ဂလိပ်ရက်စွဲနဲ့ အတိအကျပြောရရင် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် တနင်္လာနေ့ပါ။ ဒါကြောင့်လည်း ရှစ်လေးလုံး (၈.၈.၈၈) အရေးတော်ပုံလို့ သမိုင်းမှာ ထင်ရှားခဲ့တာပါ။ မြန်မာသက္ကရာဇ်နဲ့ ပြောရရင် ကောဇာသက္ကရာဇ် ၁၃၅၀ ပြည့်နှစ်၊ သာသနာသက္ကရာဇ် ၂၅၃၂ ပြည့်နှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့မှာပါ။ ဒါကြောင့်လည်း တချို့က ၁၃၅၀ ပြည့် အရေးတော်ပုံလို့လည်း သုံးနှုန်း ခေါ်ဆိုကြပါတယ်။ အဲဒီတုန်းက မြင်ကွင်းတွေကို မသိမမီလိုက်တဲ့ နှောင်းလူတွေ မြင်စေချင်လှပါတယ်။ အမြို့မြို့အနယ်နယ် ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းက ဆန္ဒထုတ်ဖော်ဖို့ ထွက်လာကြတဲ့ လူစုလူဝေး လူအုပ်ကြီးတွေ လမ်းမတွေပေါ် စီးမျောရွေ့လျားလာပုံဟာ ဒီလှိုင်းလုံးကြီးတွေ တလိမ့်လိမ့်တက်လာပြီး ကမ်းခြေကို တဝုန်းဝုန်း ရိုက်ခတ်လာသလိုမျိုးပါပဲ။ သပိတ် သပိတ် … မှောက်မှောက် .... ဖိလျှင်ဖိလျှင် … ကြွကြွ … ထိလျှင်ထိလျှင် … ချချ … တပါတီအာဏာရှင်စနစ် … ဖျက်သိမ်းပစ် ... ဖျက်သိမ်းပစ် ... ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ဒီမိုကရေစီရရှိရေး … တို့အရေး ... တို့အရေး … အရေးတော်ပုံ … အောင်ရမည် … အောင်ရမည်လို့ သိန်းဂဏန်းချီတဲ့ ဧရာမလူအုပ်ကြီးကနေ ရင်ခေါင်းထဲက အသံကြီးတွေနဲ့ တပြိုင်နက် သံပြိုင် တညီတညာ အော်ဟစ်ကြွေးကြော်သံကို ကြားရတဲ့အခါ တကိုယ်လုံး ရှိရှိသမျှ ကြက်သီးမွေးညင်းတွေထောင်ထ သွေးခုန်နှုန်းတွေ ရုန်းကြွခဲ့ရတဲ့ မေ့မရနိုင်လောက်တဲ့ တော်လှန်ရေးလပေါ့။ ရှစ်လေးလုံး အရေးအခင်းကြီး စဖြစ်တဲ့ လွန်ခဲ့တဲ့ ၂၇ နှစ်တာကာလကနေ စစ်အာဏာရှင် အသိုင်းအဝန်းတွေဟာ တကယ့်သမိုင်းမှန်ကို ပုံဖျက်ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာဟာ ဒီနေ့ချိန်ထိအောင် ကြိုးစားနေဆဲပါ။ ကွန်မြူနစ်တွေ မြှောက်ပေးတာတို့၊ ပြည်ပမီဒီယာတွေ သွေးထိုးပေးတာ၊ နားယောင်တာတို့ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့တာတို့ စတဲ့ လုပ်ကြံထိုးနှက်ချက်တွေနဲ့ မတရားမှုကို ဆန့်ကျင်ကြောင်း ပြသဖို့ လူထုတရပ်လုံးရဲ့ ဒီမိုကရေစီရေး တောင်းဆိုမှု တိုက်ပွဲကို သိက္ခာမဲ့အောင် အနှစ်သာရ မရှိသယောင် စစ်အာဏာရှင်တွေရဲ့ အမှားတွေ၊ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာတွေ၊ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ထိမ်ချန်ပြီး သမိုင်းကို လိမ်လည်မှု၊ နိုင်ငံတော်အဆင့် မုသာဝါဒကံ ကျူးလွန်နေကြတာပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဒေါက်တိုင်အဖွဲ့အစည်းဖြစ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကို သပ်လျှိုဖြိုခွဲဖို့ တန်ပြန်သပိတ်အဖွဲ့ကို ဖွဲ့ခဲ့တယ်။ ပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်လာအောင်၊ လုယက်မှုတွေ ဖြစ်လာအောင်၊ ဆန်ဂိုထောင်တွေ ဖောက်၊ သပိတ်မှောက် ပြည်သူတွေကြား အထိတ်တလန့် ဖြစ်အောင် မယုံကြည်မှုတွေက တဆင့် သတ်ဖြတ်မှုတွေ ဖြစ်ပွားလာအောင် ထောက်လှမ်းရေး အောက်လမ်းနည်းတွေနဲ့ သောက်သုံးရေကန်တွေကို အဆိပ်ခပ်တာတွေ စနစ်တကျ လုပ်ဆောင်ခဲ့တယ်လေ။ တပါတီအာဏာရှင်စနစ်နဲ့ အာဏာပိုင်တွေရဲ့ အနိုင်ကျင့်မှုဒဏ်ကို ခါးသီးစွာ နှစ်ပေါင်း ၂၆ နှစ်လုံးလုံး ကျောကော့အောင် ခံစားခဲ့ရလို့ နာကြည်းချက်တွေ ဆူဝေနေတဲ့ လူထုကြီးရဲ့ ဒေါသမီးတောက်ကို လေပင့်ပေးခဲ့တယ်။ လူထုက ပေါက်ကွဲပြီး အကြမ်းဖက်တဲ့ အခါကျမှ မင်းမဲ့စရိုက်ဆန်ဆန် လမ်းပေါ်တက် ဆန္ဒပြကြတာလို့ တံဆိပ်ကပ်တာလေ။ ဒါပေမယ့် သူတို့ရဲ့အကြံကို ရိပ်စားမိတဲ့ သံဃာတော် အရှင်သူမြတ်တွေ၊ မြို့မိမြို့ဖတွေ၊ တတ်သိပညာရှင်တွေ၊ နိုင်ငံရေးအင်အားစုတွေ ဦးဆောင်တဲ့ အနယ်နယ်အရပ်ရပ်မှာ ဖွင့်လှစ်ခဲ့တဲ့ သပိတ်ကော်မတီများက မိဘပြည်သူတွေကို ဖျောင်းဖျ ထိန်းသိမ်းနိုင်ခဲ့လို့ စစ်ထောက်လှမ်းရေးတွေရဲ့တန်ပြန်သပိတ်အကြံဟာ လုပ်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ "တကယ်တော့ လူထုအုံကြွမှု အရေးတော်ပုံကြီးတွေဆိုတာ ရုတ်ခြည်းကောက်ခါငင်ခါ ထဖြစ်ပွားလာတာမျိုး မဟုတ်ဘူး။ တိုင်းပြည်မှာ မကျေနပ်မှုတွေ၊ ပဋိပက္ခတွေ များများလာလေလေ၊ အဲဒီအဖုအထစ်၊ အစိုင်အခဲတွေ ပေါင်းစည်းမိသွားတဲ့ အချိန်တချိန်မှာ ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရ နိုင်တော့တဲ့ ပေါက်ကွဲမှု၊ ပြောင်းလဲမှု၊ အချိုးအကွေ့ကြီးတခု ဖြစ်ပွားပေါ်ပေါက်လာရစမြဲပဲ" လို့ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းက ကောက်ချက်ချ ပြောခဲ့ဖူးပါတယ်။ တပါတီစနစ် အရေခြုံထားတဲ့ စစ်အာဏာရှင် ကြီးစိုးဗိုလ်ကျခဲ့တဲ့ ၂၆ နှစ်တာ ကာလအတွင်း ၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားကျာင်းသူ ၁၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဆဲဗင်းဇူလိုင် လူသတ်ပွဲကစပြီး သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို မိုင်းခွဲဖြိုဖျက်ခဲ့မှု၊ ၁၉၆၃ ခုနှစ် ကျွန်းဆွယ်အားကစားပြိုင်ပွဲ အဓိကရုဏ်း၊ ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် အလုပ်သမားအရေးအခင်း၊ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် ဦးသန့်ဈာပနကိစ္စ အုံကြွလှုပ်ရှားမှု၊ ၁၉၇၅ ခုနှစ်၊ ဇွန် ၆ ရက် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်၊ ၁၉၇၆ ခုနှစ်၊ မတ် ၂၃ ရက် မှိုင်းရာပြည့်အရေးတော်ပုံ၊ ၁၉၈၇ ခုနှစ် ငွေစက္ကူအရေးအခင်း၊ ဆန်ပြဿနာ၊ ၁၉၈၈ မတ်လ ၁၃ နဲ့ ၁၆ ရက်နေ့ စက်မှုတက္ကသိုလ်ကျောင်းသား အရေးအခင်းနဲ့ အင်းယားကန်ဘောင်ဘေး တံတားနီ ကျောင်းသားလှုပ်ရှားမှု နှိမ်နှင်းလူသတ်ပွဲ၊ ၁၉၈၈ ဇွန်လ မြေနီကုန်းအရေးအခင်း နှိမ်နှင်းလူသတ်ပွဲနဲ့ စစ်ကိုင်းလူသတ်ပွဲ စတဲ့ အာဏာအားကိုး၊ လက်နက်အားကိုးပြီး ရဟန်းရှင်လူ ကျောင်းသားပြည်သူ၊ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့မှု၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ အကြမ်းဖက်သတ်ဖြတ် နှိပ်ကွပ်ခဲ့တာတွေနဲ့ အထွေအထွေစီးပွားရေး အကျပ်အတည်းတွေ၊ တရားဥပဒေ စိုးမိုးမှုမရှိ၊ ဘ၀လုံခြုံမှုမရှိ၊ ဘ၀အာမခံချက်မရှိ၊ အနာဂတ်မဲ့နေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ လမ်းမပေါ် တက်လာခဲ့ကြတာပါ။ အဲ့ဒီလို တနိုင်ငံလုံး အတိုင်းအတာနဲ့ မတရားမှုကို ဆန့်ကျင်ဖို့၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတွေ ရယူပိုင်ဆိုင်ဖို့ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်ပြီး ကိုယ့်အခွင့်အရေး တောင်းနေတဲ့ မိဘပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ခါးပိုက်ဆောင်စစ်တပ်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာသိမ်းယူပြီးတဲ့နောက် လက်မရွံ့ အာဏာသားတွေဟာ ရန်ကုန်မြို့ရဲ့ မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းကို မောင်းပြန် ဂျီ ၃၊ ဂျီ ၄ သေနတ်များနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းခဲ့တာ အတည်မပြုနိုင်သေးတဲ့ ခန့်မှန်းခြေ သတင်းတွေအရ ပြည်သူပေါင်း ၃၀၀၀ ကျော် အသက်ဆုံးပါးခဲ့ရတယ်လို့ ဆိုကြတယ်။ အဲဒီလို အဖြိုခွဲခံလိုက်ရတာကိုပဲ မျက်တောင်အောက်မှာ ဘဝသုဉ်း၊ မျက်စိတဆုံး မကြည့်တတ်တဲ့သူတချို့က ရှစ်လေးလုံး အရေးတော်ပုံကြီး ကျဆုံးခဲ့တယ်လို့ မိုက်မဲစွာ သုံးသပ်ပြောဆိုကြတယ်။ တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အသက်ပေးသွားခဲ့ရတဲ့ အာဇာနည် အထောင်အသောင်းရဲ့ ပေးဆပ်မှုတွေ၊ ဘဝနဲ့ အနာဂတ်ကို ရင်းခဲ့ရတဲ့ လူ ရှင် အာဇာနည်၊ ရဟန်းရှင်လူ အသိန်းအသောင်းရဲ့ ပေးဆပ်မှုတွေဟာ အချည်းအနှီး မဖြစ်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ထိုးလိုက်တဲ့ ဒီမိုကရေစီခေါင်းလောင်းသံ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးခေါင်းလောင်းသံဟာ မြန်မာနိုင်ငံကနေ မိုးယံထက် လွင့်ပျံလို့ ဂြိုဟ်ပြာကြီးတခုလုံး ပဲ့တင်ပျံသွားခဲ့တာ မဟုတ်လား။ ရှစ်လေးလုံးသစ္စာဆိုတာ မတရားမှုကို ဆန့်ကျင်ရဲတဲ့စိတ်ဓာတ်၊ ဖိနှိပ်မှုကို ခေါင်းငုံ့မခံတဲ့စိတ်ဓာတ်၊ ဗိုလ်ကျ အနိုင်ကျင့်မှုကို လက်မခံတဲ့စိတ်ဓာတ်၊ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်ရယူရဲတဲ့စိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓာတ်၊ လွတ်လပ်မှုကို တန်ဖိုးထားတဲ့စိတ်ဓာတ်၊ ငြိမ်းချမ်းတဲ့လူ့ဘောင်ကို တည်ထောင်လိုတဲ့ စိတ်ဓာတ်တွေပါ။ အဲဒီရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဝိညာဉ်တွေဟာ ဒီနေ့ မျက်မှောက်ခေတ် လူငယ်မျိုးဆက်တွေထံမှာ ရှင်ပြန်ထုံလူး သွေးကူးမျိုးပွားနေတာဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံတွေလို့ပြောရင် မမှားနိုင်ပါဘူး။ ဒါပေမယ့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ရည်မှန်းချက်ပန်းတိုင်တော့ ဆုံးခန်းတိုင်အောင် မရောက်သေးပါဘူး။ စစ်အာဏာရှင်အနွယ်တော် အမြစ်အကြွင်းအကျန်တွေဟာ ဒီမိုကရေစီ အရေခြုံပြီး စစ်အာဏာရှင်စနစ်ကို အသွင်သစ်နဲ့ အသက်ဆက်ဖို့ ကြိုးစားအားထုတ်နေတုန်းပါ။ ဒီနေရာမှာ စစ်အာဏာရှင် အနွယ်တော် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့  ရိုးသားတဲ့ စစ်ဗိုလ်စစ်သားတွေကို ခွဲခြားမြင်တတ်ဖို့ လိုပါတယ်။ ရိုးသားတဲ့ စစ်ဗိုလ်စစ်သားတွေကလည်း ရိုးသားနေရုံ၊ အမိန့်နာခံတတ်ရုံနဲ့ စစ်သားကောင်း မဖြစ်ဘူးဆိုတာ အလေးအနက် စဉ်းစားဖို့ လိုနေပါပြီ။ အမှားနဲ့ အမှန်ကို ခွဲခြားတတ်ဖို့၊ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ စိတ်သတ္တိရှိဖို့ လိုပါတယ်။ ဒါကြောင့် စစ်အာဏာရှင်ရဲ့အမိန့်ကို နာခံရင် ကြိုက်တဲ့ ရာဇဝတ်မှု ကျူးလွန်လိုက် တာဝန်ခံစရာမလိုဘူးဆိုတဲ့ အစဉ်အလာကို တိုက်ဖျက်ပါ။ အထက်အမိန့်ကို နာခံရင် သူများအိုးအိမ်လယ်ယာ သိမ်းလို့ရတယ်၊ ပြန်ပေးစရာမလိုဘူး ဆိုတာကို ဆန့်ကျင်ပါ။ အထက်ညွှန်ုကြားချက်ကို မျက်စိမှိတ်လိုက်နာရင် သူများသားပျိုသမီးပျိုကို ဖျက်ဆီးလို့ရတယ် ဆိုတာကို တော်လှန်ပါ။ အထက်အမိန့်ကို ကျေပြွန်ဖို့ လူသတ်ခဲ့လည်း ရာထူးတက်၊ ဥပဒေအထက် နေနိုင်တာကို အမြစ်ဖြတ်ပါ။ အထက်အမိန့်ထမ်းဆောင်ဖို့ လူတွေကို သတင်းအမှားပေး၊ လိမ်ညာလမ်းမှား ပို့ရမယ်ဆိုတာကို ရိုက်ချိုးပစ်ပါ။ အထက်အမိန့်ကို မလွန်ဆန်ရဲလို့ ဘာခိုင်းခိုင်း လုပ်နေရတာပါ ဆိုတာကို ပြောင်းပြန်လှန်ပစ်ပါ။ အထက်အမိန့်ကို သစ္စာခံဖို့ မတရားမှန်းသိပေမယ့် မလွှဲမရှောင်သာ လုပ်ရတာပါလို့ သတ္တိကြောင်တဲ့ ဆင်ခြေကို ရှုတ်ချပါ၊ ဆုံးမပါ။ အထက်အမိန့်ကို သစ္စာခံဖို့ မိဘနောက်ကျောကို ဓားနဲ့ထိုးရဲတဲ့ သားဆိုးမျိုး မြန်မာမြေက အပြီးတိုင် ပျောက်ကွယ်အောင် ၀ိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါတယ်။ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးတွင် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်ခြင်းများစွာနဲ့ ရဲဝံ့ပြောင်မြောက်စွာ ပါဝင်လှုပ်ရှားခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသူကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသား၊ ပြည်သူအပေါင်းအား လည်းကောင်း၊ မိဘပြည်သူ့ဘက်သို့ ကူးပြောင်းပါဝင်လာခဲ့သော ကြည်း၊ ရေ၊ လေ စစ်သည်တော်များအားလည်းကောင်း၊ ကျဆုံးခဲ့ပြီးသော အာဇာနည်အပေါင်းတို့အားလည်းကောင်း အမှတ်ရ လေးမြတ်စွာ ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ လေးစားစွာဖြင့် မင်းကောင်းချစ် သြဂုတ် ၃ ရက်နေ့ ၂၀၁၅ ခုနှစ်

More News
Up