Home
မြန်မာသတင်း
ရေဘေး ကြောင့် ကျောင်းပေါင်း ၂၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့
DVB
·
August 7, 2015
flooding-Mon-State
11824242_927872757254285_859239927_n
11823803_927857047255856_2130183638_n
11813243_928409477197553_4342464563650160447_n
11703495_388188794714105_8145381919986902676_o
11062753_409156909274395_4376246685811209999_o
ပြည်နယ်တိုင်း ၁၁ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အခြေခံ ပညာကျောင်းပေါင်း ၂၉၀၀ ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး သြဂုတ်လအတွင်း အဲ့ဒီကျောင်းတွေ ပြန်လည်ပြင်ဆင်ရေး လုပ်ဆောင်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ရေကြီးပျက်စီးကျောင်းများ ပြန်လည်ထူထောင်ရေးအတွက် အဆင့် ၈ ခုနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ကျောင်းထောက်ပံ့ကြေး ကြိုတင်ထုတ်ပေးတာ၊ ရေဘေးသင့်ကျောင်းတွေရဲ့ သန့်စင်ခန်းတွေ သန့်ရှင်းရေး၊ ရေဘေးသင့်ကျောင်းတွေရဲ့ ရွှံ့နွံတွေ ဆေးကြောတာနဲ့ ပြုပြင်တာ၊ ကယ်ဆယ်ရေးစခန်းတွေအဖြစ် ပြုလုပ်ခဲ့တဲ့ ကျောင်းတွေပြင်ဆင်တာ စတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။ အဲ့ဒီ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ငွေကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော် သုံးစွဲသွားမယ်လို့လည်း ပညာရေးဌာန ကြေညာချက်အရ သိရပါတယ်။ ဒါ့အပြင် သြဂုတ် ၃ ရက်ကစပြီး ငွေကျပ်သန်းပေါင်း ၃၀၀ ကျော်တန်ဖိုးရှိတဲ့ စာအုပ်၊ ခဲတံ စတဲ့ စာရေးကိရိယာတွေကို ပေးပို့ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ ကလေးမြို့ အလက ၅ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးဇေယျာညိုကတော့ ရေကြီးမှုဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်းမှာတော့ ရေမြုပ်လို့ ဆိုးဆိုးဝါးဝါး ပျက်စီးတဲ့ကျောင်း မရှိဘဲ သာမန်ပြုပြင်ဖို့လောက်ပဲ လိုမယ်လို့ ပြောပါတယ်။ “ဆိုးဆိုးဝါးဝါးပျက်စီးသွားတဲ့ ကျောင်းရယ်လို့ အခု ကျနော်တို့ ရေပေါ်ပေါ်နေတဲ့ ကျောင်းတွေ လိုက်ကြည့်သလောက် အဲ့လောက်ကြီးတော့ မတွေ့ပါဘူးခင်ဗျ။ သာမန် ပြင်ထိန်းလောက်လေး လုပ်ဖို့ပဲ ရှိပါတယ်ခင်ဗျ။” ကလေးမြို့နယ်တွင်း ရေမြုပ်ကျေးရွာ ၆၂ ရွာ ရေပြန်ကျသွားပြီး ပျက်စီးဆုံးရှုံးမှု စစ်တမ်း လိုက်ကောက်နေတုန်းလို့ ပြောပါတယ်။ နိုင်ငံတ၀န်း ရေဘေးကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းပေါင်း ၆၆ ကျောင်း ရှိတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024