DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ရပ်စာချုပ်အပြီးသတ်ရေး ရန်ကုန်တွင် ထပ်မံဆွေးနွေး
DVB
·
August 6, 2015
တပြည်လုံး အပစ်ရပ်စာချုပ်အပြီးသတ်ရေး ရန်ကုန်တွင် ထပ်မံဆွေးနွေး
1 / 2
Donate to DVB

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ အဆင်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ (ယူပီဒဗလျူစီ) နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ နေ့လယ် ၁ နာရီ စတင်မယ့် ဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (အန်စီအေ) အချောသပ်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဓိက သုံးချက်ကို ဆွေးနွေးညှိနှိုင်းမယ်လို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က သြဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီသုံးချက်ကတော့ -

“တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ ၁၇ ဖွဲ့စလုံး  ပါဝင်လက်မှတ်ရေးထိုးရေး။ စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးမှာဖြစ်သလို အစိုးရဘက်ကလည်း အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က ခေါင်းဆောင်တွေ ပါဝင်လက်မှတ်ထိုးရေး၊ အသိသက်သေတွေအဖြစ် တရုတ်နိုင်ငံ၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရှေ့မှောက်မှာ လက်မှတ်ထိုးဖို့ အစိုးရဘက်က သဘောတူထားပြီးဖြစ်ပေမယ့် ပိုမိုအားကောင်းစေဖို့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ထောက်ခံပံ့ပိုးနေကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ နော်ဝေ၊ အီးယူအဖွဲ့နဲ့ ဂျပန်နိုင်ငံတို့ပါ အသိသက်သေအဖြစ် ပါဝင်စေရေး။ စတဲ့ သုံချက်ကို အဓိကဆွေးနွေးမှာဖြစ်ပါတယ်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ နိုင်ဟံသာက “ကျနော်တို့အားလုံးသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းနေတဲ့ အဖွဲ့တွေထဲက အဖွဲ့တချို့ကို  ချန်ပြီးတော့မှ အဖွဲ့တချို့နဲ့ပဲ အပစ်ရပ်မယ်ဆိုရင် ဒါတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ ဒါက အဖွဲ့တချို့ကို အပစ်ရပ်ပြီးတော့မှ ကျန်တဲ့အဖွဲ့တချို့ကို ဖိတိုက်နေမယ်ဆိုရင် ဒါကတော့ မိမိတို့ရဲ့ ရန်သူကိုပေါ့နော် ခွဲပြီးတော့မှ ဒါက အပြုတ်တိုက်ရေး နည်းဗျူဟာအရပဲ ကျင့်သုံးနေတယ်လို့ ကျနော်တို့က အဲလိုခံယူတယ်။ နောက် တဘက်က ကျနော်တို့ဘက်က ပြန်ကြည့်ရင် ကျနော်တို့ရဲ့ဘ၀တူညီအစ်ကိုတွေလို အမြဲတမ်းလက်တွဲလာတဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ ဟိုအဖွဲ့ကို ချန်ထားပြီးတော့မှ ကျနော်တို့ပဲ ရတဲ့အဖွဲ့နဲ့ပဲ လုပ်ဖို့ဆိုတဲ့ဟာကလည်း ဒါတော့ မဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်းအကြားမှာ သစ္စာမဖောက်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ သစ္စာဖောက်လို့ မရဘူးလို့လည်း ကျနော်တို့မြင်တယ်လေ။” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆွေးနွေးပွဲကို သြဂုတ် ၆ ရက်၊ ၇ ရက် နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ဒီနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မူကြမ်းကို ရရှိခဲ့ပြီး သမ္မတရှေ့မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီမူကြမ်းကို တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေထံ တင်ပြရာမှာ ပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက် ဆုံးဖြတ်ပြီး နော်စီဖိုးရာစိန်ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ယူပီဒဗလျူစီနဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက တကြိမ်ဆွေးနွေးပြီး အတော်များများကို သဘောတူညီခဲ့ကြပါတယ်။

ဒီနောက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်တွေကို တင်ပြခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးကနေ အဖွဲ့ ၁၇ ဖွဲ့လုံး (ဘယ်အဖွဲ့ကိုမှမချန်ဘဲ) ပါဝင်လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရဘက်ကတော့ ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့် တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာ မိတ် တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊၊ ၀အမျိုးသား အဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိပါဘူး။

သြဂုတ်လ ၅ ရက်နေ့ကတော့ အထက်ပါ ၆ ဖွဲ့ထဲမှာပါဝင်တဲ့  ကိုးကန့်၊ တအာင်း နဲ့ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က  အပစ်ခတ်ရပ်စဲရေး လုပ်ဖို့  အစိုးရကို ဖိတ်ခေါ်ကမ်း လှမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013