DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ် အချောမသတ်နိုင်ဘဲ ဆွေးနွေးပွဲရပ်နား
DVB
·
July 24, 2015
အပစ်ရပ်စာချုပ် အချောမသတ်နိုင်ဘဲ ဆွေးနွေးပွဲရပ်နား
1 / 5
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) အချောသတ်ရေး ဆွေးနွေးပွဲဟာ ဆွေးနွေးတဲ့အချက် ၁၃ ချက်အနက် ၁၀ ချက်ကို သဘောတူညီခဲ့ပြီး ကျန်အချက်သုံးချက်ကို သက်ဆိုင်ရာ ခေါင်းဆောင်တွေထံက အဆုံးအဖြတ်ရယူဖို့ ဆွေးနွေးပွဲကို   ဒီကနေ့ အဆုံးသတ်လိုက်ပြီး လာမယ့်သြဂုတ်လမှာ ပြန်ဆွေးနွေးကြဖို့ ချိန်းဆိုပါတယ်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ဟာ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ ဇူလိုင် ၂၂ ရက်နေ့က စတင်ဆွေးနွေးကြတာဖြစ်ပြီး ဒီကနေ့ မွန်းတည့်ပိုင်းမှာ အဆုံးသတ်ခဲ့ကြ တာပါ။

လော်ခီးလာ တိုင်းရင်းသားထိပ်သီးဆွေးနွေးပွဲက ပြင်ဆင်ဖြည့်စွက်ချက် ၁၃ ချက်ကို နှစ်ဘက် ဆွေးနွေးရာမှာ အများစုကို သဘောတူညီမှု ရရှိခဲ့ပါတယ်။

“ဆယ်ချက်သဘောတူသွားပြီ။ ကျန်တဲ့သုံးချက်ကျန်သေးတယ်။ သုံးချက်မှာ နှစ်ချက်ကတော်တော်ညှိရဦးမယ်၊ အပေါ်က ထိပ်သီးခေါင်းဆောင်တွေနဲ့။

“အဓိကကျန်တဲ့သုံးချက်က လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း၊ လွှတ်တော်မှာ အတည်ပြုချက်ရယူခြင်းဆိုတဲ့ အခန်းကဏ္ဍ။ အဲဒီ ၂ ခုဟာဆိုရင် တိုင်းရင်းသားတွေဘက်က ထိပ်သီးခေါင်းဆောင်တွေနဲ့ ပြန်ဆွေးနွေးပြီးတော့မှ အန်စီအေစာချုပ်ကို အချောသတ်နိုင်မယ်ခင်ဗျ။ နောက်တခုက မြေယာသယံဇာတကိစ္စ” လို့ ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို အချောသတ်သဘောတူတဲ့အခါ  နောက်ဆက်တွဲဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ကိုယ်စားလှယ်နှစ်ဖွဲ့က အပြန်အလှန် အဆိုပြုခဲ့ကြတယ်လို့ ပြောပါတယ်။

“အန်စီအေစာချုပ်နဲ့ မဆိုင်ဘဲနဲ့ သူတို့ရည်ရွယ်ထားတဲ့ သုံးခုဟာဆိုရင် ပထမအချက်က အန်စီအေစာချုပ်ထိုးရင် အစိုးရဘက်က ဘယ်ခေါင်းဆောင်တွေ ထိုးမလဲ၊ တိုင်းရင်းသားတွေဘက်က ဘယ်ခေါင်းဆောင်တွေ ထိုးမလဲ တချက်ပါမယ်၊ ဒုတိယအချက်က နိုင်ငံတကာ ပြည်တွင်းပြည်ပ လေ့လာသူတွေ အသိသက်သေတွေအဖြစ် ဘယ်သူတွေထိုးမလဲ၊ နောက်ဆုံးအချက်က အန်စီအေကို လက်နက်ကိုင်တိုင်းရင်းသားတွေ ဘယ်နှဖွဲ့လောက် ပါဝင်လက်မှတ်ထိုးမလဲဆိုတာ အဲဒီသုံးချက်က သူ့ဘက်ကိုယ့်ဘက် တင်ပြထားကြတာပဲရှိသေးတယ်။” လို့ ကိုမျိုးဇော်လင်းက ပြောပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူ ပူးဇင်ကျုံးက ဒီဆွေးနွေးပွဲရလဒ်တွေနဲ့ ယူပီဒဗလျူစီဘက်က အဆိုပြုချက်တွေကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေထံ တင်ပြမှာဖြစ်ကြောင်းနဲ့ နောက်တကြိမ် ဆွေးနွေးပွဲကျရင်တော့ ကျန်ရှိအချက်တွေ ညှိနှိုင်းပြေလည်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုပါတယ်။

လာမယ့်သြဂုတ်လမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ ထပ်မံဆွေးနွေးကြဖို့ ချိန်းဆိုတယ်လို့ သိရှိရပါတယ်။

သတင်းဓာတ်ပုံ - Hla Maung Shwe Facebook

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013