Home
မြန်မာသတင်း
ကျိုင်းတုံ နောင်တုံကန်တွင်း ငါး ကောင်ရေ သိန်းချီ သေဆုံး
နန်းမြနဒီ
·
July 22, 2015
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့လယ်ခေါင်က မြို့ကျက်သရေဆောင် နောင်တုံကန်ကြီးမှာ ငါးကောင်ရေ သိန်းနဲ့ချီပြီး သေဆုံးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ကစပြီး ငါးတွေ ရေပေါ်ရောက်လာတာဖြစ်ပြီး အကျယ် ၃၃ ဧကကျော်တဲ့ ရေပြင်ထဲမှာ ငါးသေတွေ တပြင်လုံးဖြူဖွေးနေတယ်လို့ ကျိုင်းတုံမြို့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းက ဒီဗွီဘီကို ပြောပါတယ်။ “၁၉ ရက်နေ့က စပြီး ရေပေါ်ပေါ်ပြီးတော့ ၂၀ ရက်နေ့မှာ ငါးသေတွေ စတွေ့တယ်။ ၂၁ ရက်နေ့မှာတော့ ကန်ရေတပြင်လုံး သေတယ်။ အနီးနားရပ်ကွက်တွေထိ ပုပ်စော်နံနေတယ်။ ကျနော်တို့ လူမှုကူညီရေးအသင်းတွေရော၊ မြို့နယ်ထွေအုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက အဖွဲ့တွေ၊ မီးသတ်၊ စစ်တပ်၊ ရဲတပ်ဖွဲ့တွေ၊ စေတနာရှင်လုပ်အားပေးတွေပါ အားလုံးစုပေါင်းပြီး မနေ့က တနေကုန် ၀ိုင်းပြီး ဆယ်ထုတ်တာ မကုန်သေးဘူး။ ကန်ရဲ့ မြောက်ဘက်ခြမ်းမှာ တပြင်လုံးကျန်သေးတယ်။ ဒီနေ့လည်း ထပ်ပြီး ဆယ်နေကြပါတယ်။ ရေကန်သန့်ရှင်းဖို့ ငှက်ပျောတုန်းတွေ ခုတ်ပြီး ကန်ထဲချတာ၊ ရေ၀င်မြောင်းတွေ ပြန်စစ်ပြီး သန့်ရှင်းတဲ့ရေတွေ ပြန်သွင်းတာတွေလည်း လုပ်နေပါတယ်။” ငါးတွေ သေဆုံးရတာဟာ ရာသီဥတုကြောင့်လို့ ယူဆရပြီး ပူပြင်းနေစဉ် မိုးရေတွေကျလာတဲ့အခါ အပူနဲ့အအေး ရောစပ်ပြီး ရေတွေဟာ စိမ်းပြာရောင်ကနေ အ၀ါပုပ်ရောင်၊ အဲဒီကနေ ထိုင်းထိုင်း မှိုင်းမှိုင်းအရောင်အဖြစ် ပြောင်းသွားကာ ငါးတွေဟာ ရေပေါ်ကို အသက်ရှူဖို့ရောက်လာပြီး သေဆုံးတယ်လို့  ဆိုပါတယ်။ ဒါပေမယ့် ငါးတွေ သေဆုံးရတဲ့ အဖြစ်မှန် သိရဖို့အတွက် ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ ရန်ကုန်ကို ပို့ဆောင်ထားတယ်လို့  ဦးစိုင်းဇော်မင်းကပြောပါတယ်။ ဒါ့အပြင် အနီးနားပတ်ဝန်းကျင် ရပ်ကွက်ထဲက ချောင်းရေမြောင်းရေတွေဟာ နောင်တုံကန်ထဲ စီးဆင်းစုပုံလာတဲ့အတွက် ကန်ရေညစ်ညမ်းမှုကြောင့်လည်း ယူဆရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်တုံကန်က ငါးတွေသေဆုံးတာ အရင်နှစ်တွေကလည်း သုံးလေးကြိမ် ဖြစ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာဆိုရင် ငါးကြီးတွေပါ သေဆုံးခဲ့တဲ့အကြောင်းနဲ့ ဒီနှစ်ကတော့ ငါးသေဆုံးမှု အများဆုံးပဲလို့ ကျိုင်းတုံမြို့ခံတွေက ပြောပါတယ်။ ဓာတ်ပုံ - Dama Ktg    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024