Home
ဆောင်းပါး
ဂရိနိုင်ငံစီးပွားပျက်ကပ်
DVB
·
July 10, 2015
နောက်ဆုံးကြားရတဲ့သတင်းတွေအရတော့ ဂရိဘဏ်တွေဟာ အခုအထိ ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူး။ အေတီအမ်စက်တွေကနေလည်း ငွေထုတ်ဖို့ ခက်နေကြပြီ။ ဥရောပဇုန် ငွေကြေးဈေးကွက်ကနေလည်း ထွက်ရဖို့က အလားအလာများနေပြီ။ ဂရိစီးပွားရေးကြီးတခုလုံး တစတစ ပြိုကျနေပြီ။ လုံးဝ ဗုန်းဗုန်းလဲသွားမယ့် အလားအလာကို ဦးတည်နေပြီ။ ဘာလို့ ဒီလောက်ထိ အခြေအနေဆိုးတွေ ဖြစ်ပေါ်ခဲ့တာလဲ။ ဂရိစီးပွားပျက်ကပ်ကြီး ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ။ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကို သာမန်လူ နားလည်အောင် ရှင်းပြရရင်တော့ ကုမ္ပဏီတခုရှိတယ် ဆိုပါစို့။ လိုအပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖြည့်ဆည်းနိုင်မယ်ဆိုရင် ကုမ္ပဏီအနေနဲ့ စီးပွားရေးချေးငွေကို အတိုးနှုန်းနည်းနည်းနဲ့ ချေးလို့ရမယ်လို့ အဲဒီကုမ္ပဏီကို ဘဏ်တခုကနေပြီး အကြောင်းကြားလာတယ်။ ကုမ္ပဏီအနေနဲ့ တကယ်က အဲဒီဘဏ်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မပြည့်မီဘူး။ အဲဒီတော့ ငွေချေးလို့ မရဘူး။ ဒါပေမယ့် ပြည့်မီတဲ့ပုံစံမျိုး ဖြစ်အောင် စာရင်းဇယားတွေကို အတုရိုက်ပြီး ကုမ္ပဏီက ငွေတွေချေးတယ်။ နောက်ပြီး အဲဒီ ချေးထားတဲ့ ပိုက်ဆံတွေကို ကုန်ထုတ်လုပ်မှုမရှိတဲ့ (စီးပွားရေးနဲ့ မပတ်သက်တဲ့) နေရာတွေမှာ သုံးပစ်တယ်။ နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီအနေနဲ့ ဘဏ်က ငွေတွေချေးပြီး သုံးတယ်။ သာသာယာယာပဲ။ တနေ့လဲကျတော့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြီး ဖြစ်ပြီး ဘဏ်က ကုမ္ပဏီကို ငွေမချေးနိုင်တော့ဘူး။ အဲတော့ ငွေချေးတာ ရပ်လိုက်ပြီး အရင်အကြွေးတွေကို အတိုးအရင်းပေါင်းပြီး ပြန်တောင်းပါလေရော။ ကုမ္ပဏီကလည်း ပြန်မပေးနိုင်ဘူး။ အဲဒီတော့ ကုမ္ပဏီက ကြွေးဆပ်ဖို့ ပျက်ကွက်ပြီး (default) ဒေ၀ါလီခံရမယ့် အနေအထားမျိုးနဲ့ ကြုံပါလေရော။ ဂရိရဲ့ အဖြစ်အပျက်က အထက်ပါ ကုမ္ပဏီရဲ့ ဥပမာနဲ့ အလားသဏ္ဌာန် တူပါတယ်။ ဂရိစီးပွားပျက်ကပ် ဖြစ်ရတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်မယ်ဆိုရင် ဂရိဟာ ၂၀၀၁-၂၀၀၂ ခုနှစ်မှာ အီးယူအဖွဲ့ထဲဝင်တယ်၊ အီးယူအဖွဲ့ဝင်အနေနဲ့ ဂရိဟာ အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးခွင့်ရှိတယ်။ အဲဒီတော့ ၂၀၀၁ ကနေ ၂၀၀၈ ခုနှစ်အထိ အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးပြီး တိုင်းပြည်ဘဏ္ဍာရေးကဏ္ဍကို စီမံခန့်ခွဲတယ်။ ချေးတဲ့နေရာမှာလည်း တရားဝင် သတင်းထုတ်တာတွေထက် ပိုချေးတယ်။ ချေးကောင်းကောင်းနဲ့ကို ချေးတာ။ ဒီတော့ တိုင်းပြည်ရဲ့ လိုငွေပြမှုက ကြီးထွားလာပြီး အကြွေးတွေ နစ်လာတယ်။ အီယူအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ လိုငွေပြမှုက ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းပဲ ရှိရမယ်။ အကြွေးကလည်း ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းပဲ ရှိရမယ်။ အဲဒါကို ကန့်သတ်ထားဖို့ လိုတယ်။ ဒါပေမယ့် ဂရိက အဲဒီစည်းမျဉ်းတွေကို ရှောင်လွှဲတယ်။ ပိုက်ဆံတွေချေးပြီး သုံးကောင်းကောင်းနဲ့ ဆက်သုံးနေတယ်။ ဂရိကပြတဲ့ စာရင်းဇယားတွေကလည်း အမှားတွေချည်းပဲ။ နှစ်စဉ် အကြွေးတွေ၊ အသုံးငွေတွေနဲ့ ပတ်သက်ပြီး စာရင်းဇယား အမှားတွေကိုပဲ ထုတ်ပြန်ခဲ့တယ်။ အဲဒီငွေ ချေးလို့ ကောင်းနေတဲ့ ကာလအတွင်းမှာ အစိုးရအနေနဲ့ ရတဲ့ချေးငွေတွေကို အစိုးရနဲ့ ပြည်သူ့အသုံးစရိတ်တွေမှာပဲ သုံးနေပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လျစ်လျူရှုထားတယ်။ ၂၀၀၄ ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ အခွန်ကနေရတဲ့ ၀င်ငွေဟာ ၃၁ ရာခိုင်နှုန်းပဲ မြင့်တက်လာပေမယ့် နိုင်ငံရဲ့ အသုံးစရိတ်ကတော့ ၈၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်။ အကျိုးဆက်ကတော့ တိုင်းပြည်ဟာ ဘဏ္ဍာရေးမညီမျှမှု အရမ်းကို ကြီးမားလာပါတယ်။ ၂၀၀၈ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် ဖြစ်လာတော့ ဂရိအနေနဲ့ ချေးငွေတွေ ထပ်ချေးလို့ မရတော့ဘူး။ အဲတော့ ငွေခန်းလာပါလေရော။ အတိုးတွေ၊ အရင်းတွေ ပေါင်းပြီး တိုင်းပြည်ရဲ့ အကြွေးကလည်း မြင့်တက်လာပါလေရော။ ၂၀၁၀ ခုနှစ်မှာ ဂရိရဲ့ အကြွေးပြန်ဆပ်နိုင်ချေ ရှိ၊ မရှိ ဆိုတာကို သတ်မှတ်ထားတဲ့အမှတ် (credit rating) က ဥရောပမှာ အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားပါလေရော။ ဂရိနိုင်ငံ အစိုးရအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး ပြောရရင် ပထမဆုံး ပြောရမှာက စစ်အသုံးစရိတ်ပဲ။ ဂရိဟာ ဂျီဒီပီအချိုးနဲ့ တွက်မယ်ဆိုရင် နေတိုးအဖွဲ့ဝင် ၂၇ နိုင်ငံမှာ အမေရိကပြီးရင် ကာကွယ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ အခု စီးပွားပျက်ကပ် ဆိုက်နေချိန်မှာတောင် ဂရိကာကွယ်ရေး အသုံးစရိတ်က မြင့်နေတုန်းပဲ။ အခုနှစ် ကာကွယ်ရေးဘတ်ဂျတ်က ၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ်ကထက်တောင် ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်လာတယ်။ အဓိက ကာကွယ်ရေးအသုံးစရိတ် မြင့်ရတဲ့အထဲမှာ စစ်သည်တွေ လစာမြင့်တာရယ်၊ အိမ်နီးချင်း တူရကီရဲ့ ခြိမ်းခြောက်မှု ရှိနေတာနဲ့ လက်နက်ဝယ်ယူမှုနှုန်း မြင့်မားတာရယ်ကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။ စီးပွားရေးအခြေအနေ အရမ်းဆိုးရွားနေတဲ့ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာကို ဂရိစစ်တပ်ဟာ စစ်လက်နက်ပစ္စည်း အများအပြားကို ၀ယ်ယူခဲ့တယ်။ အဲဒီကာလအတွင်းမှာ ဂျာမနီဆီကနေ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅၅၁ သန်းဖိုး၊ ပြင်သစ်ဆီကနေ ဒေါ်လာ ၁၃၆ သန်းဖိုး ၀ယ်ခဲ့တာကိုပဲ ကြည့်တော့။ နောက်ပြီး လက်နက်ဝယ်ယူမှုတွေမှာလည်း ခြစားမှုတွေ ရှိတယ်လို့ သုံးသပ်သူတွေက ဆိုတယ်။ ဂရိရဲ့ အစိုးရအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး နောက်ထပ် ထောက်ပြရမယ့် အချက်တခုကတော့ မြင့်မားလှတဲ့ ပင်စင်လစာငွေပဲ။ ၂၀၁၂ ခုနှစ်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ဂရိရဲ့ ပင်စင်လစာငွေ ပေးတဲ့ပမာဏဟာ ဂျီဒီပီရဲ့ ၁၇ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်။ အခု စီးပွားပျက်ကပ်ဆိုက်လို့ လျော့တာတောင် ၁၆ ရာခိုင်နှုန်း ရှိသေးတယ်။ ၂၀၁၂ ခုနှစ် စာရင်းတွေအရ များပါတယ်ဆိုတဲ့ အီတလီ၊ ပြင်သစ်နဲ့ သြစတြီးယားတို့တောင် ၁၅ ရာခိုင်နှုန်းပဲ ရှိတယ်။ နောက်ပြီး ဂရိအစိုးရ အလုပ်သမားတွေရဲ့ လုပ်ခလစာ အခွင့်အရေးကလည်း ဥရောပမှာ အကောင်းဆုံးလို့ ပြောရမယ်။ ဝေဖန်သူတွေက ဂရိအစိုးရ အလုပ်သမားတွေဟာ ဘာအလုပ်မှ မလုပ်ဘဲ လူလုံးပြရုံနဲ့ လစာကောင်းကောင်း ရနေကြတာ၊ တချို့ဆို အလုပ်တောင် မှန်မှန်မတက်ဘဲ အပိုဆုကြေးတွေ ရနေကြတာ၊ နာမည်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ အပိုဆုကြေးတွေ ခံစားနေကြတာလို့ ဝေဖန်ကြတယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ အစိုးရ၀န်ထမ်းတဦး သေဆုံးသွားပေမယ့် သူ့သမီးက လက်မထပ်သေးရင် အဖေ့ ပင်စင်လစာကို ခံစားခွင့် ရှိနေတဲ့စနစ်ကိုသာ ကြည့်တော့။ အစိုးရ အသုံးစရိတ် မြင့်မားမှုက အဓိက အခန်းကဏ္ဍမှာ ရှိသလို ဂရိစီးပွားပျက်ကပ် ဖြစ်စေတဲ့ အခြားအကြောင်းရင်း တချက်ကတော့ အခွန်ရှောင်တာပါပဲ။ ဂရိဟာ သူ့ပြည်သူတွေဆီက အခွန်ကို ကျကျနန မကောက်နိုင်ဘူး။ အထူးသဖြင့် ငွေကြေးချမ်းသာသူတွေက အခွန်ရှောင်မှု ပိုများတယ်။ ၂၀၁၂ ခုနှစ်မှာ ဘဏ်တွေက ကောက်ယူခဲ့တဲ့စာရင်းနဲ့ အစိုးရစာရင်းကို နှိုင်းယှဉ်ကြည့်လိုက်တော့ သာမန်ပြည်သူတွေရဲ့ တကယ့်ဝင်ငွေဟာ အစိုးရဆီကို တင်ပြထားတာထက် ၉၂ ရာခိုင်နှုန်းတောင် မြင့်မားနေတာကို တွေ့ရပါတယ်။ ဘယ်လောက်တောင် အခွန်ရှောင်ကြလဲဆိုတာကို စဉ်းစားသာ ကြည့်ကြပေတော့။ နောက်ထပ် အရေးကြီးတဲ့ အကြောင်းတချက်ကတော့ ဂရိဟာ အီးယူအဖွဲ့ဝင်ဖြစ်ပြီး အီးယူရဲ့ တခုတည်းသော ယူရိုငွေကို သုံးနေရတဲ့အချက်ပါ။ တကယ်လို့ ဂရိဟာ ယူရိုဇုန်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူးဆိုရင် ခုလို ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ချိန်မှာ သူ့ရဲ့ငွေကြေးဖြစ်တဲ့ Drachma (ယူရိုမတိုင်ခင်က သုံးခဲ့တဲ့ ပိုက်ဆံ) ကို ပိုမိုရိုက်ထုတ်နိုင်တယ်။ နောက်ပြီး ငွေတန်ဖိုးကို ချ၊ ငွေကြေးဖောင်းပွမှုကို မြှင့်ပြီး သူ့ရဲ့ထုတ်ကုန်ကို ပိုမိုပြိုင်ဆိုင်မှု အားကောင်းအောင်နဲ့ ဆွဲတင်နိုင်တယ်။ ဒါက ၀ယ်လိုအားနဲ့ အလုပ်အကိုင်တွေ ဖန်တီးပြီး စီးပွားရေးကို ပြန်စွဲတင်တဲ့နည်းပါ။ ၂၀၀၈ စီးပွားရေး အကျပ်အတည်း ကာလတုန်းက အမေရိကန်လည်း ဒီလိုနည်းမျိုး သုံးခဲ့တာပါ။ ဒါပေမယ့် ဂရိခမျာ ဒီလိုလုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ယူရိုဇုန်ထဲမှာ ရှိနေလို့ပါ။ ဒီတော့ ပြဿ      နာကို ခါးစည်းခံနေရတာပေါ့။ ကိုရဲ (စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024