Home
ဆောင်းပါး
အမှိုက်ကစ ပြာသာဒ်မီးလောင်
DVB
·
July 9, 2015
အမှိုက်သိမ်းစနစ်ကို မြို့တော်ကို တာဝန်ယူရသော မြို့တော်ဝန်တိုင်းနဲ့ စည်ပင်သာယာအဖွဲ့တိုင်း အမျိုးမျိုး ပြုပြင်ပြောင်းလဲရသည့်စနစ် ဖြစ်လေသည်။ အစိုးရအဖွဲ့သစ်လက်ထက် မြို့တော်စည်ပင်သာယာရေးအဖွဲ့သည် ရန်ကုန်မြို့တွင်း၌ စနစ်တကျ အမှိုက်ပုံးများထားကာ စွန့်ခိုင်း၏။ အမှိုက်အိတ်ကိုပင် အရောင်အမျိုးမျိုးဖြင့် ထုပ်ကာ စွန့်စေ၏။ အမှိုက်ကို စနစ်ကျအောင် စီမံခန့်ခွဲကြသည်။ အမှိုက်သိမ်းသူများက နံနက်စောစောဆိုလျှင် ရန်ကုန်မြို့လယ် လမ်းမကြီးများပေါ်တွင် အမှိုက်များ လှည်းကျင်းကြသည်။ အမှိုက်အိတ်များကို သိမ်းကာ အမှိုက်ကားပေါ်တင်၍ သယ်ဆောင်သွားကြသည်။ အမှိုက်ဆိုသည်မှာ စွန့်ပစ်ပစ္စည်း ဖြစ်ပါသည်။ အသုံးမလိုသော ပစ္စည်းများ၊ သုံးပြီးပစ္စည်းများ၊ အညစ်အကြေးများ၊ စားကြွင်းစားကျန်များ၊ အိမ်တွင်ထားရန် မသင့်သော၊ ထားဖို့မလိုအပ်သော ပစ္စည်းများအားလုံးကို စွန့်ပစ်ကြသဖြင့် အမှိုက်များသည် နေ့စဉ်နဲ့အမျှ မရှိမဖြစ် ရှိလာရသော စွန့်ပစ်ပစ္စည်းများ ဖြစ်သလို စားဝတ်နေမှုကို နေ့စဉ်  လုပ်ဆောင် ရုန်းကန်နေရသော လူအဖို့လည်း အမှိုက်ဆိုသည်မှာ မရှိမဖြစ် ရှိလာရသော အရာတခု ဖြစ်လေသည်။ စားသောက်၍ ပိုလျှံသော ပစ္စည်း၊ မသုံးဖြစ်သောပစ္စည်း၊ ပျက်စီးသွားသော ပစ္စည်းများမှာ အမှိုက်ထဲ ရောက်သွား၏။ ပေရေညစ်ပတ်နေမှုကို သုတ်သင်သော ပစ္စည်းများမှာလည်း အမှိုက် ဖြစ်သွားသည်။ ဟောင်းနွမ်းနေသော ပစ္စည်း၊ သုံး၍မရသော ပစ္စည်းများမှာလည်း အမှိုက် ဖြစ်သွားလေသည်။ ထိုသို့ များပြားလှသော အမှိုက်များကို စွန့်ပစ်ချင်တိုင်း စွန့်ပစ်၍ မရပေ။ ဒေသတခုတွင် လူဦးရေ တိုးပွားလာသည်နဲ့အမျှ ထိုလူများ စွန့်ပစ်သည့် အမှိုက်များ များပြားလာခြင်းမှာ ဓမ္မတာပင် ဖြစ်သည်။ ထိုအမှိုက်များကို စွန့်ပစ်ရေးမှာလည်း အခက်အခဲ ဖြစ်လာသည်။ ပင်လယ်ထဲ စွန့်ပစ်၍လည်း မရ။ ပလတ်စတစ်ခေတ်ဖြစ်၍ ပင်လယ်ထဲ စွန့်ပစ်၍ မရနိုင်ပေ။ မီးရှို့လျှင်လည်း မီးခိုးများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်သဖြင့် မီးရှို့ချင်တိုင်းလည်း ရှို့ခွင့်မရှိပေ။ ထို့ကြောင့် အမှိုက်အကြောင်းကို ရန်ကုန်မြို့တော်ဝန်သည်သာမက ကမ္ဘာပေါ်ရှိ မြို့တော်ဝန်တိုင်း မစဉ်းစား၍ မဖြစ်သော၊ ခေါင်းထဲမထည့်၍ မဖြစ်သော ကိစ္စတခု ဖြစ်လေသည်။ အမှိုက်ပြဿနာသည် ကမ္ဘာပေါ်၌ ခေါင်းခဲရသော ပြဿနာတခု ဖြစ်လာလေသည်။ ကမ္ဘာ့လူသားအားလုံး စုပစ်သော အမှိုက်များကိုထားဖို့ အခက်အခဲ ဖြစ်လာ၏။ မီးရှို့ဖျက်ဆီးလျှင်လည်း လေထုညစ်ညမ်းမှုအတွက် ပြဿနာဖြစ်သည်။ ပင်လယ်ထဲစွန့်ပစ်လျှင်လည်း ပလတ်စတစ်များက ပိတ်ဆို့ပြီး ရေသတ္တဝါများအတွက် ပြဿနာ ဖြစ်သည်။ မြေကြီးထဲမြှုပ်လျှင်လည်း စက္ကူများက မြေသြဇာ ဖြစ်နိုင်သော်လည်း ပလတ်စတစ်များကမူ မြေဆီသြဇာအတွက် အတားအဆီး ဖြစ်စေသည်။ မည်သို့ပင်ဖြစ်စေ အမှိုက်ဆိုသည်မှာ မသုံးဘဲ စွန့်ပစ်လိုက်သော စွန့်ပစ်ပစ္စည်း ဖြစ်လေသည်။ လူက သုံးစရာ မရှိတော့၍ လုံးဝ စွန့်ပစ်လိုက်သော ပစ္စည်းမှာ အမှိုက် ဖြစ်၏။ အမှိုက်ဆိုသည်မှာ စွန့်ပစ်ခံပစ္စည်း၊ သုံးမရသောပစ္စည်း၊ တန်ဖိုးမရှိသောပစ္စည်း၊ နောက်ဆုံး ဖျက်ဆီးပစ်ရမည့်ပစ္စည်း ဖြစ်သည်။ ယခင်က ရန်ကုန်မြို့၌ အမှိုက်ပုံကြီးများ ရှိ၏။ အလုံတွင် အမှိုက်ပုံတခု၊ ပုဇွန်တောင်နဲ့ မလွှကုန်းကြားတွင် အမှိုက်ပုံတခု ရှိလေသည်။ အမှိုက်ပုံမှာ တောင်လေးတခုကဲ့သို့ပင် မြင့်မားနေပြီး စည်ပင်သာယာက ရန်ကုန်ရှိ အမှိုက်မှန်သမျှ ထိုနေရာတွင် စွန့်ပစ်လေသည်။ ထိုနေရာတွင် အမှိုက်များထဲမှ နို့ဆီခွက်၊ သုံးလို့ရသည့် အဟောင်းများကို လာကောက်သော လူဆင်းရဲများ ရှိသလို နေစရာမရှိသော အိမ်မဲ့ယာမဲ့များက ထိုအမှိုက်ပုံဘေးတွင် လာအိပ်လေ့ ရှိလေသည်။ ယခုအခါ မြို့ပြ၏ ကျယ်ဝန်းမှု၊ လူနေစိပ်မှု များကြောင့် ထိုအမှိုက်ပုံများမှာ လုံးချင်းအိမ်ရာများ ဖြစ်နေပေပြီ။ ထိုသို့ ဖြစ်ရသည်မှာလည်း အမှိုက်ကြောင့် မဟုတ်ဘဲ နေရာအနေအထားကြောင့် ဖြစ်လေသည်။ အမှိုက်ဆိုသည်မှာ တန်ဖိုးမရှိသောအရာ ဖြစ်လေသည်။ ထို့ကြောင့် လူ့လောကတွင် အသုံးမဝင်သူများ၊ အဟန့်အတား၊ အနှောင့်အယှက် ဖြစ်သူများကို ‘အမှိုက်’ ဟု နာမည်ပေးကြသည်။ မိဘဆရာများက တပည့်သားမြေးများကို အမှိုက်လိုလူများ မဖြစ်အောင် ဆုံးမ တတ်ကြလေသည်။ စွန့်ပစ်ပစ္စည်း အမှိုက်များမှာ ဘာအသုံးမှ မဝင်တော့သလို လူ့အမှိုက်များမှာလည်း လူ့လောကတွင် အဟန့်အတား ဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်း အမှိုက်များ ပေါများလာလျှင် မြို့၊ ရွာနဲ့ ကျောင်းများတွင် သန့်ရှင်းသာယာမှုကို အနှောင့်အယှက်ဖြစ်သလို လူ့လောကတွင်လည်း “အမှိုက်လိုလူများ” ပေါများလာလျှင် လူ့အသိုင်းအဝိုင်းအတွက် ထိခိုက်နစ်နာလာလေသည်။ ယခုအခါ၌ “အမှိုက်လိုလူ” များမှာ ပေါများလာ၏။ အမှိုက်လိုလူဆိုသည်မှာ အခွင့်အရေးသမားများ၊ အချောင်သမားများကို ဆိုလိုသည်။ သူတို့သည် အခွင့်အရေးကောင်းမှ၊ အခြေအနေကောင်းမှ နေရာဝင်ယူလိုသူများ၊ နောက်ဖေးပေါက်မှနေ ကျက်သရေခန်းသို့ တက်လိုသူများ၊ ဧည့်ခန်းတွင် မိန့်မိန့်ကြီးထိုင်ပြီး မျက်နှာကောင်းရအောင် ကြိုးပမ်းလိုသူများ ဖြစ်ပါသည်။ “တောင်လေတိုက်လာပြီ အမှိုက်များလွင့်နေ၏ ကူ၍ သိမ်းပေးကြပါ” သူငယ်တန်းဖတ်စာတွင် ပါရှိသော စာပိုဒ်ကလေးမှာ အလွန်ကို သတိချပ်စရာ ကောင်းပေသည်။ ယခုအခါ၌ တောင်လေတိုက်စပြုလေပြီ။ လွတ်လပ်မှုနဲ့ အခွင့်အလမ်းများမှာလည်း အပြည့်အဝနဲ့ အလုံးစုံ မရသေးသည့်တိုင် ပျို့လာ၏။ နိုင်ငံရေးပါတီများမှာလည်း ပွင့်လင်းလာကြသည်။ အလားအလာရှိသော နိုင်ငံရေးပါတီများမှာ ပျိုတိုင်းကြိုက် နှင်းဆီခိုင်များ ဖြစ်လာသလို အာဏာရ နိုင်ငံရေးပါတီကလည်း ပါတီတွင်း စည်းရုံး လှုပ်ရှားနေရသလို လူအမြင်ကောင်းအောင်လည်း လုပ်နေကြရပါသည်။ ထိုအခါ ပါတီတွင်း၌ အမှိုက်များမှာလည်း နေရာကောင်းရဖို့ ဝင်ရောက်တိုးဝှေ့လာကြလေသည်။ အမှိုက်ဆိုသည်မှာ အခွင့်အရေးသမားကို ဆိုလိုပါသည်။ ခေတ်အဆက်ဆက် မိမိတို့ အခွင့်အရေးရဖို့သာ ကြိုးစားသည်။ ဘယ်ခေတ်ပြောင်းပြောင်း၊ ဘယ်အစိုးရတက်တက်၊ မိမိကောင်းစားလျှင် ပြီးရော၊ မိမိ မိသားစု ချမ်းသာလျှင်ပြီးရောဆိုသည့် ရည်ရွယ်ချက်ဖြင့် အမျိုးမျိုးအဖုံဖုံ အာဏာရရန်၊ ငွေကြေးရရန် ကြိုးစားကြပါတော့သည်။ ထိုသို့ အမှိုက်များအကြောင်း၊ အခွင့်အရေးသမားများအကြောင်းကို ပီပီပြင်ပြင်၊ ကွက်ကွက်ကွင်းကွင်း မြင်အောင် ဝတ္ထုအဖြစ် ဖော်ပြခဲ့သည်မှာ ကွယ်လွန်သူ စာရေးဆရာ နတ်နွယ် ဖြစ်ပါသည်။ သူ၏ တကွေ့တော့ တွေ့ကြဦးမည်ဆိုသော ဝတ္ထုထဲ၌ အမှန်တကယ် ရှိခဲ့သော အချောင်သမား၊ အမှိုက် ဦးကျော်ညွန့် အကြောင်းကို ပီပီပြင်ပြင် ရေးသားနိုင်စွမ်း ရှိလေသည်။ ထိုထဲမှ အမှိုက်များအကြောင်းကို ဤသို့ ရေးထားပါသည်။ “ကိုဝင်းမြင့်သည် အထက်လူကြီးများ ကျေနပ်မှုရအောင် ဆောင်ရွက်တတ်သည့် အတတ်ကို ဗြိတိသျှ စက်ယန္တရားတွင် ပါဝင်ခဲ့စဉ်က ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်ဖြစ်ရာ ဂျပန်များအလိုကျ ဆောင်ရွက်တတ်သည်က မဆန်းပါပေ။ သူသည် ဂျပန်အဝယ်တော်ဟူသည့် အမည်နဲ့အညီ  ဂျပန်များလိုချင်သည့် မည်သည့် အရာဝတ္ထုကိုမဆို မရမက ရှာဖွေပေးနိုင်သည့် အစွမ်းရှိသဖြင့် သူ့လုပ်ငန်းသည် အောင်မြင်ဖွံ့ဖြိုးလာတော့သည်။ ဂျပန်စစ်ဗိုလ်များ၏ အခွင့်အရေးပေးခြင်းကို ရရှိကာ လက်မထောင်နိုင်လာတော့သည်။ ယင်းကြောင့်ပင် သူသည် ဒေါက်တာဘမော်အစိုးရ အဖွဲ့တွင် ရာထူးရသည်ကိုပင် ဝင်မလုပ်ဘဲ ခရိုင်ဝန်ထက် တန်ခိုးအာဏာ ပိုကြီးမားသော၊ ဝင်ငွေကောင်းသော အဝယ်တော်အလုပ်ကိုသာ ဂုဏ်ယူဝင့်ကြွားစွာ လုပ်ကိုင်လျက် ရှိလေသည်။ ယခုအခါတွင် သူ့အိမ်သို့ ဂျပန်ဗိုလ်ကြီးများ ဝင်ထွက်သွားလာလျက်ရှိရာ သာမန်ဂျပန်စစ်သား ပမွှားကလေးများ ဝင်ရောက်စော်ကားဖို့ မဆိုထားနဲ့၊ အနားကိုပင် မသီနိုင်တော့ပေ။” ဟု အလိုတော်ရိ ဝင်းမြင့်အကြောင်းကို ရေးထားသလို ခေတ်အဆက်ဆက် ဗြိတိသျှခေတ်တွင်လည်း မြို့အုပ်၊ နယ်ပိုင်၊ ဂျပန်ခေတ်တွင်လည်း ဂျပန်အလိုတော်ရိ၊ ဖဆပလခေတ်တွင်လည်း တည်မြဲ ဖဆပလခေါင်းဆောင်၊ ၅၈ အာဏာသိမ်းစစ်အစိုးရ လက်ထက်တွင်လည်း စစ်တပ်၏လူယုံ စသည်ဖြင့် တခေတ်ရောက်တိုင်း အာဏာရအောင် ပြောင်းလဲသွားတတ်သည့် ဦးကျော်ညွှန့်လို လူများအကြောင်းကို စာရေးဆရာ နတ်နွယ်က ရေးထား၏။ ထို “အမှိုက်လိုလူ” များမှာ အကြောင်းတခုခုကြောင့် တောင်လေသွေးလာတိုင်း လေနဲ့အတူ စုပြုံ ရောက်ရှိလာတတ်လေသည်။ သူတို့သည် ခေတ်ဘယ်လိုပြောင်းပြောင်း၊ ပြောင်းသည့်ခေတ်အတိုင်း သူတို့အရေခွံကို လိုက်ပြောင်းတတ်သည့် မြွေများ ဖြစ်လေသည်။ အားနည်းသူကို ဖိနှိပ်ပြီး အားကြီးသူထံ ခေါင်းငုံ့ဝင်တတ်သူများ ဖြစ်၏။ မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း ထိုအမှိုက်များ အများအပြား ပေါ်ပေါက်ခဲ့ပါသည်။ ဗကပ အားကောင်းစဉ်က ဗကပ ဗဟိုကော်မတီအထိ နေရာယူတတ်သော သူများမှာ မဆလခေတ်တွင်လည်း ထိပ်ပိုင်းရောက်အောင် ဆိုရှယ်လစ်အသံ တညံညံပေးကာ ဝင်ရောက်ခိုလှုံခဲ့ကြလေသည်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလ၌လည်း အင်အားကောင်းသော အန်အယ်လ်ဒီထဲ ဝင်ရောက်ပတ်သက်ခဲ့၏။ နောက် စစ်တပ်က အာဏာသိမ်းသောအခါ အာဏာသိမ်း စစ်အစိုးရ၏ သဘောဆန္ဒအတိုင်း အတိုက်အခံများအား ဖိနှိပ်သော စာများကို ရေးသားခဲ့လေသည်။ ယခုကာလ တောင်လေတိုက်စတွင်လည်း သူတို့သည် အလားအလာရှိသည်ဟု ဆိုသော နိုင်ငံရေးပါတီထဲ ဝဲပျံကာ ဝင်ရောက်ခိုလှုံစ ပြုကြတော့သည်။ မဆလခေတ်တလျှောက်လုံး ခေါင်းတော်ညိတ် သတင်းစာဆရာများ၊ အလိုတော်ရိများမှာ အာဏာရဖို့ အလားအလာကောင်းသော အန်အယ်လ်ဒီပါတီထဲသို့ စုပြုံ၍ ဝင်ရောက်ခဲ့ကြပေသည်။ မြို့တွင်ရော၊ နယ်တွင်ပါ ထိုဖြစ်စဉ်များကို လူထုက သိရှိနေသည်။ သူတို့သည် လူထုကို ဖိနှိပ်ရာတွင် လက်နှေးမည့်သူများ မဟုတ်သလို အထက်မှ ခေါင်းဆောင်နဲ့ ဗဟိုမှ ခေါင်းဆောင်များကို အကြိုက်ဆောင်ကာ ပြောသမျှ၊ ခိုင်းသမျှ လုပ်မည့်သူများ ဖြစ်၏။ သူတို့လို အမှိုက်များကား တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာ ကောင်းလှပေသည်။ ထို “အမှိုက်လိုလူ” များ အကြောင်းကို စဉ်းစားရင်း ဆရာမြသန်းတင့် မကွယ်လွန်မီက ကျနော်နဲ့ ပြောခဲ့သော စကားတခွန်း မှတ်မှတ်ထင်ထင် ရှိနေပါသည်။ ဆရာမြက “ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ခင်ဗျားတို့ ကျနော်တို့နဲ့ ပြည်သူတရပ်လုံး အသက်တွေ၊ သွေးတွေ၊ ချွေးတွေ စတေးခဲ့ကြတယ်။ ပြည်သူတွေက လွတ်လပ်မှု လိုချင်တယ်။ ဒီမိုကရေစီ ရချင်တယ်။ ဆင်းရဲတွင်းကနေ လွတ်ချင်ကြတယ်။ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတခုအဖြစ်ကို လိုချင်ကြတာပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲတွေလုပ်လို့ စစ်တပ်က မဟုတ်တဲ့ ပါတီတခုက အာဏာရလာရင်ရော ဆင်းရဲတွင်းက လွတ်ကင်းသွားမယ်လို့ ခင်ဗျားထင်သလား။ လွတ်လပ်ပြီး ဒီမိုကရေစီ အပြည့်အဝ ရနိုင်ပြီိလို့ရော ခင်ဗျား ယူဆနိုင်သလား။ ကျနော်တို့တွေဟာ ဖဆပလခေတ်ရော၊ ပထစခေတ်ရော ဖြတ်သန်းခဲ့ဖူးကြပါပြီ။ ကျနော် တခုပဲ ပြောချင်တယ်။ အဲ့ဒါကတော့ အဲဒီခေတ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဘီကလပ်စ်ဆိုတာ ပေးဖို့ တောင်းဆိုရမှာပဲ။ ကျနော်တို့ဟာ အဖိနှိပ်ခံနေရဦးမှာပဲ။ အဲဒီတော့ ဘီကလပ်စ်လေးရအောင် တောင်းဆိုဖို့ပဲ ရှိတော့တာပေါ့ဗျာ။” ဟု ပြောခဲ့လေသည်။ ဘီကလပ်စ် (B Class) ဆိုသည်မှာ ဗြိတိသျှခေတ်က နိုင်ငံရေးအကျဉ်းသားများကို ထောင်ထဲတွင် ပေးခဲ့သော အခွင့်အရေး ဖြစ်ပါသည်။ တနေ့လျှင် ၇ ကျပ်ခွဲနှုန်း ကျွေးမွေးပြီး ထောင်ကျတယောက်ကို ခေါ်ယူ ခိုင်းစေနိုင်သော သီးသန့်နေထိုင်ခွင့်ရသည့် ပုဒ်မ ၅ အကျဉ်းသားကို ဆိုလိုပါသည်။ အရေးကြီးသည်မှာ တောင်လေနဲ့အတူ လွင့်ပါလာသည့် အမှိုက်များသည် ယခုအချိန်၌ပင် လွင့်ပျံ ရောက်ရှိလာကြပေပြီ။ သူတို့သည် ရနိုင်သရွေ့ အခွင့်အရေးများကို ရသည့်ထောင့်မှ ရသလို ယူကြပေမည်။ အာဏာကို ရအောင်ယူပြီး ငွေကြေးကိုလည်း ရအောင်ယူကြပေမည်။ ယခင် စစ်အာဏာရှင် စနစ်အောက်၌ မိသားစု ကြွယ်ဝချမ်းသာအောင် လုပ်ကြသလို ခရိုနီစီးပွားရေး အားကောင်းအောင် လုပ်ကြလေသည်။ ယခုတက်လာမည့် အစိုးရတွင်လည်း အမှိုက်လိုလူများက မိမိတို့ အကျိုးစီးပွားရအောင်၊ နေရာရအောင် ယူကြမည်မှာ သေချာပါသည်။ “အဓမ္မအမှုကို ပြုသမျှသော သူတို့သည် စော်ကား၍ ကြမ်းတမ်းသောစကားကို ပြောလျက် အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။ အို …. ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍ အမွေတော်တို့ကို ညှဉ်းဆဲကြပါသည်။ မုဆိုးမနဲ့ ဧည့်သည်ကိုလည်းကောင်း၊ မိဘမရှိသော သူငယ်ကိုလည်းကောင်း သတ်ကြပါ၏။ သို့ရာတွင် ထာဝရဘုရားသည် မမြင်၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် မမှတ်တတ်ဟု ဆိုကြပါသည်။” တိရစ္ဆာန်သဘောရှိသော သူတို့ နားလည်ကြတော့။ လူမိုက်တို့ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။ နားကို စိုက်ထားသောသူသည် မကြားရသလော။ မျက်စိကို ဖန်ဆင်းသောသူသည် မမြင်ရသလော။ လူအမျိုးမျိုးတို့ကို ဆုံးမသောသူ အပြစ်မပေးရသလော။ လူတို့ကို ပညာအတတ် သင်ပေးရသောသူသည် ကိုယ်တိုင် ပညာအတတ် မရှိရသလော။  သူတို့၏ အကြံအစည် အချည်းအနှီးဖြစ်သည်ကို ထာဝရဘုရားသခင် သိတော်မူ၏။” ဆာလံကျမ်း။ ထက်မြက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024