အာဖဂန်မြို့တော် အသေခံဗုံးခွဲမှု လူ ၅ ဦးသေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က အသေခံဗုံးခွဲမှု ၂ ခုအတွင်း ဗုံးခွဲသမား ၄ ဦး အပါအ၀င် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသူ ၂ ဦးထဲက ၁ ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ တိုက်ခိုက်မှုတခုက ရှာရှာဟစ် နယ်မြေမှာ နေတိုး စစ်မဟာမိတ်အဖွဲ့က စစ်အကြံပေး အရာရှိတဦး လိုက်ပါတဲ့ ကားတစီးကို ဒေသစံတော်ချိန် ၁၁ နာရီခွဲလောက်မှာ အသေခံ ဗုံးခွဲသမားက တိုက်ခိုက်တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အိမ်တွေ အတော်များများနဲ့ ကားတွေ ပျက်စီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ နောက် တိုက်ခိုက်မှုတခုကတော့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီဝန်းကျင် ထောက်လှမ်းရေးဌာနချုပ်အနီး အသေခံ ဗုံးခွဲမှုဖြစ်ပြီး တိုက်ပွဲလည်း ဆက်ဖြစ်ခဲ့တယ်လို့ ကဘူးလ်မြို့တော် ရဲမင်းကြီး အဗ္ဗဒူ ရာဟ်မန် ရာဟီမီ (Abdul Rahman Rahimi) က သတင်းထောက်တွေကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကို တာလီဘန်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။ တာလီဘန်အဖွဲ့ဟာ ဧပြီ ၂၄ ရက်နေ့စလို့ ပွင့်လင်းရာသီ စစ်ဆင်ရေးဆိုပြီး တိုက်ခိုက်နေတာပါ။ အာဖဂန်စစ်သား ၁၈၀ နဲ့ ရဲသား ၇၉ ယောက် ကျဆုံးသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ   အာဖဂန်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တာလီဘန် အရာရှိတွေ ပါကစ္စတန်မှာ တွေ့ဆုံပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အာဖဂန်ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ အမေရိကန် အိမ်ဖြူတော်က ကြိုဆိုလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up