DVB Logo
Home
မြန်မာသတင်း
တအာင်းတပ် နှင့် အစိုးရတပ် တိုက်ပွဲကြား မူလတန်းကျောင်းသားများ ပိတ်မိ
DVB
·
July 7, 2015
တအာင်းတပ် နှင့် အစိုးရတပ် တိုက်ပွဲကြား မူလတန်းကျောင်းသားများ ပိတ်မိ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ကြား ပစ်ခတ်မှုတွေကြောင့် မူလတန်းကျောင်းသားတွေ ပိတ်မိခဲ့ပြီး ရွာသားပေါင်း ၁၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းက သီပေါကနေ နမ္မတူဘက်တက်လာတဲ့ အစိုးရတပ် စစ်ယာဉ်တန်းကို တီအန်အယ်လ်အေ တအာင်းတပ်ဘက်က ခြုံခိုတိုက်ခိုက်ရာကနေ ၂ ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရွာသားတွေ ထွက်ပြေးရသလို ကျောင်းသားလေးတွေလည်း ၄ နာရီကြာ အိမ်မပြန်နိုင်ဘဲ ပိတ်မိနေခဲ့တယ်လို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဒီဗွီဘီကို ပြောပါတယ်။

“မနက်ဆယ်နာရီလောက်က စပြီးတော့ နမ့်တောင်ကုန်းရွာနဲ့ ပန်သပြေရွာကြားမှာ ပစ်ခတ်ကြတယ်။ ပန်သပြေကနေ နမ့်တောင်ကုန်းမှာ ကျောင်းလာတက်တဲ့ ကလေး ၃၀ ကျော် အိမ်ပြန်လို့မရဘဲ ပိတ်မိနေတာ၊ ကျမတို့လည်း ပန်သပြေဘုန်းကြီးကျောင်းက ကား ၂ စီးနဲ့ ကလေးတွေကို သွားကြိုမလို့လုပ်တော့ လမ်းမှာ တခြားကားတွေ အများကြီးပြန်လာကြတယ်။ ရှေ့မှာ တိုက်ပွဲဖြစ်နေတယ် မသွားနဲ့တဲ့။ တအာင်းတပ်က တားတာကို နားမထောင်ဘဲ  ရှေ့ဆက်မောင်းသွားတဲ့ ကားတစီး ဘီးကို သေနတ်နဲ့ ပစ်ခံရတယ်လို့ပြောတယ်။ အဲဒါနဲ့ ကလေးတွေ သွားကြိုလို့မရဘူး။ ညနေ ၄ နာရီကျော်တော့ အစိုးရတပ်က နမ့်တောင်ကုန်းရွာထဲ ရောက်လာတယ်။ ကလေးတွေကို ခေါ်ထုတ်သွားဖို့ပြောတယ်။ အဲဒါ သူတို့ဆရာမတွေက ရွာသင်္ချိုင်းကုန်းရှိတဲ့ဘက်ကနေ ခေါ်ထုတ်ပြီး ကျမတို့လည်း ဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ဘက်ကနေ ပတ်ပြီး သွားကြိုခဲ့ရပါတယ်။”

မနေ့က ပစ်ခတ်မှုတွေကြောင့်  မံစံကျေးရွာဘက်ကို  ထွက်ပြေးလာတဲ့ နမ့်တောင်ကုန်းက ရွာသားပေါင်း ၁၀၀ ကျော်လည်း ဘုန်းကြီးကျောင်းမှာပဲရှိနေပြီး ရွာသားတွေက ထမင်းထုပ်ဝေပေးကာ ကျန်းမာရေးဝန်ထမ်းတွေက မကျန်းမာသူတွေကို ဆေးစစ် ကုသပေးခဲ့ရပါတယ်။

မနေ့က ပစ်ခတ်မှုမှာ ရွာသားတွေ ဒဏ်ရာရ ထိခိုက်မှုမရှိပေမယ့် ပန်သပြေနားက ကုလားကျေးရွာထဲကို လက်နက်ကြီး ကျတာကြောင့် ခြံထဲ ကျွဲနှစ်ကောင်ကို ကျည်စထိသွားသလို နေအိမ်တချို့လည်း  လက်နက်ကျည်စတွ လွှင့်စင်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒီမတိုင်ခင် ဇူလိုင်လ ၄ ရက်နေ့ ညက နမ္မတူမြို့နယ် ပင်လုံရွာက ရွာသား ၂ ဦး လယ်တောကအပြန် တောပစ်တူမီးသေနတ် ပါတဲ့အတွက် အစိုးရစစ်တပ်က ရပ်ခိုင်းတာမှာ  ရပ်မပေးလို့ စစ်တပ်က နောက်ကနေ ပစ်လိုက်တဲ့ကျည် ရွာသား စိုင်းမောင်ကို ထိမှန်ပြီး သီပေါဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်လို့ တရွာတည်းသား စိုင်းပန်ကပြောပါတယ်။

တိုက်ပွဲတွေကြောင့် လားရှိုး၊ မန်တုံဘက်ကနေ နမ္မတူဘက်ကိုသွားမယ့် ခရီးသည်တင်ကားတွေနဲ့  ကိုယ်ပိုင်းကားတွေလည်း မနေ့က ရှေUဆက်မသွားနိုင်ဘဲ မံစံရွာမှာပဲ သောင်တင်နေခဲ့ကြပါတယ်။

ဒီနေ့မှာလည်း နမ္မတူအရှေ့မြောက်ဘက် မိုင်းရင်ကျေးရွာဘက်မှာ  ပစ်ခတ်မှုတွေ ရှိနေဆဲပဲလို့  ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013