Home
မေးမြန်းခန်း
ကချင်ဆရာမ ၂ ဦးသေဆုံးတဲ့ကိစ္စ စစ်ကြောင်းမှူးကို စစ်ဆေးချင်တယ် - ဒေါက်တာဆမ်ဆွန်ခလမ်
အေးနိုင်
·
July 7, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာမှာ ဒီနှစ်ဆန်းပိုင်းတုန်းက အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ကချင်ဆရာမနှစ်ဦးအမှုကို အမှုမှန် ပေါ်ထွက်လာရေးအတွက် လုပ်ပိုင်ခွင့်ပေးဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင် ၂ ရက်နေ့က စာရေးသားတောင်းဆိုပါတယ်။ ဇန်န၀ါရီ ၁၉ ရက်နေ့မနက် အရုဏ်မတက်ခင်မှာ ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲက နေအိမ်မှာ ကျောင်းဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ နှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အခင်းဖြစ်တဲ့ အနီးတ၀ိုက်မှာ စခန်းချ ညအိပ်ရပ်နားတဲ့ တပ်ဖွဲ့ရှိနေသလို မနက်ပိုင်းမှာ တပ်အရွှေ့အပြောင်းတွေကြောင့် တပ်ဘက်ကို စစ်ဆေးချင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကေဘီစီ အမှုမှန်ဖော်ထုတ်ရေး ကော်မတီအနေနဲ့ လုပ်ပိုင်ခွင့်မရှိတာကြောင့် အမှုမှန်ဖော်ထုတ်နိုင်ရေး ခက်ခဲနေကြောင်းနဲ့ သမ္မတက လုပ်ပိုင်ခွင့်ပေးအပ်ဖို့ တိုက်ရိုက် တောင်းဆိုထားပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) ရဲ့ အထွေထွေအတွင်းရေးမှူး  သိက္ခာတော်ရဆရာကြီး ဒေါက်တာ ဆမ်ဆွန်ခလမ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဆရာကြီးတို့ ဒီလဆန်းပိုင်းတုန်းက နိုင်ငံတော်သမ္မတဆီကို ကချင်ဆရာမလေး ၂ ဦး ကွယ်လွန်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်ပေးဖို့ တင်ပြတောင်းဆိုတဲ့စာ ပေးပို့ခဲ့တယ်နော်။ ဒါကလေ ဘယ်လိုအခက်အခဲတွေရှိလို့ ဒီလို တောင်းဆိုတာပါလဲခင်ဗျာ။ “ကျနော်တို့ ဇွန်လဆန်းပိုင်းလောက်က အမှုစစ်တဲ့ ခရိုင်ရဲပေါ့ မူဆယ်က၊ မူဆယ်ခရိုင်ရဲမှူးကြီးပေါ့။ သူတို့က ကျနော်တို့ဆီ စာရေးလာတယ်။ ‘ဒီလို အမှုကြန့်ကြာတာ ကေဘီစီ (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) ရဲ့ ပူးပေါင်းမှု အားနည်းတာပေါ့။ ကေဘီစီ ပူးပေါင်းမှုမရှိဘူး’ လို့ သူတို့ အဲဒီမှာ ဆိုထားတယ်။ ပြီးရင် ဒီအန်အေ (မျိုးရိုးဗီဇစစ်ဆေးမှု) က သူတို့ အခုရပြီပေါ့နော်။ ဒီအန်အေနဲ့ ရွာမှာရှိတဲ့ အဲဒီကောင်လေး ၂ ယောက်နဲ့ ရွာသား ၁ ယောက်ပေါ့နော်၊ ၃ ယောက်ကို သူတို့က ပြန်စစ်ဆေးမယ် ဆိုပြီးမှ စာရေးလာတယ်။ စာရေးလာတော့ ရှမ်းပြည်နယ် ကချင်ရှေ့နေများကွန်ရက်က ကေဘီစီအတွက် ဒီအမှုကို သူတို့က စစ်ဆေးပြီးမှ ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်။ အမှုမှန်ဖော်ထုတ်ရေး ကော်မတီရဲ့ ကိုယ်စားပေါ့နော်။ ဒါဆိုရင်တော့ အဲဒီစာအရဆိုရင် ကျနော်တို့ အမှုမှန်ဖော်ထုတ်ရေးကနေ ဆောင်ရွက်တဲ့ စစ်ဆေးချက်တွေကို ရဲတွေကို ပေးတဲ့အချိန်မှာ သူတို့က ဒါကို အသိအမှတ်မပြုတဲ့ပုံစံ ဖြစ်နေတယ်။ maran-lu-ra-tangbau“ဖြစ်နေတော့ ကျနော်တို့ ပြန်ပြီး workshop (ဆွေးနွေးပွဲ) လုပ်ပြီးမှ ဆွေးနွေးတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် အခုက ဒီအန်အေနဲ့ ကောင်လေး ၂ ယောက်နဲ့ လူကြီး ၁ ယောက်ပေါ့၊ ၃ ယောက်ကို သူတို့က ပြန်စစ်ဆေးပြီးမှ ဒီအန်အေနဲ့ သူတို့နဲ့ အတင်းအဓမ္မ ၀န်ခံခိုင်းတာမျိုး၊ ၀န်ခံစေခိုင်းတာမျိုးများ ဖြစ်မလားပေါ့နော်၊ ဒါကို ကျနော်တို့ နည်းနည်းစိုးရိမ်တာပေါ့။ အဲဒါကြောင့်မို့လို့ ကျနော်တို့က အမှန်ဆိုရင် ဒီလူတွေကိုလည်း သူတို့က ၃၊ ၄ ခါ စစ်ပြီးသားပဲ ရဲက။ ဒါပေမယ့် ပြန်စစ်မယ်ဆိုတော့ သူတို့က အခု သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သူတို့သွားနေကြတယ်ဆိုတော့ သူတို့ ဘယ်ရောက်နေမှန်းတော့ ကျနော်တို့ မသိဘူးပေါ့နော်။ ဒါပေမယ့် သူတို့ရွာမှာရှိရင်တော့ ကျနော်တို့က ခေါ်ပေးလို့ရတာပေါ့။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့အချိန်မှာ နောက်ဆုံး ကျနော်တို့ ဒီအမှုမှန်ဖော်ထုတ်ရေးရဲ့လုပ်ပိုင်ခွင့် လိုလာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ တွေ့ရတော့ ကျနော်တို့ အဲဒီမှာ အချက် ၉ ချက်ပေါ့နော် တောင်းဆိုလိုက်တယ်။ တောင်းဆိုလိုက်ပြီးမှ ကျနော်တို့ အခုက သမ္မတရဲ့ Respond (တုံ့ပြန်မှု) ကို စောင့်နေတယ်။ သမ္မတရဲ့ Respond ကလည်း မလာဘူးဆိုရင်တော့ ကျနော်တို့က သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်တော့ ရှိတယ်။ အခုလောလောဆယ်တော့ သမ္မတရဲ့တုံ့ပြန်မှုကို စောင့်နေတုန်းပဲ။ “အဓိကတော့ ကျနော်တို့ သမ္မတဆီ တောင်းဆိုတာကလည်း ကျနော်တို့လုပ်ဆောင်မှုတွေ အားလုံးကို အသိအမှတ်ပြုပေးဖို့နဲ့ အရေးယူပေးဖို့ပေါ့။ ကျနော်တို့ တောင်းဆိုထားတဲ့ ၂၀ ရက်နေ့မနက်မှာ ထွက်သွားတဲ့ ကားမောင်းတဲ့သူတွေပေါ့နော်။ ပါသွားတဲ့ရဲဘော်တွေ။ သူတို့ကို စစ်ဖို့လိုတယ် ကျနော်တို့။ ပြီးရင် စစ်ကြောင်းမှူးကို စစ်ဖို့လိုတယ်။ ဒီဟာတွေ အားလုံးက အမှုမှန် ဖော်ထုတ်ရေးမှာ တော်တော်အရေးကြီးတဲ့ကာလပေါ့။ နောက်ပြီးမှ အမှုစစ်ရဲတွေက စစ်သားတွေကိုလည်း သူတို့စစ်တယ်။ ဒါပေမယ့် သူတို့ ရိုးရိုးစစ်တာပဲ ဖြစ်နေတယ်။ အဲဒါတွေပေါ့နော်။ အဲဒါတွေကို ကျနော်တို့က အပြန်အလှန် စဉ်းစားတဲ့အချိန်မှာ ဘာပဲပြောပြော သမ္မတရဲ့ အမှုမှန်ပေါ်ဖို့အတွက် အရင်တုန်းက စာကတော့ ၀ိုင်းဝန်းကူညီဖို့လောက်ပဲ ပြောထားတယ်။ ဒါပေမယ့် အခု ဒီ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ရဖို့လိုတယ်ဆိုတာ တောင်းဆိုလိုက်တာဖြစ်တယ်။” နိုင်ငံတော်သမ္မတထံ ဆရာကြီးတို့ ပေးပို့တဲ့စာထဲမှာ ပါတာက ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သမ္မတကြီးက သူသိပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ပါရှိတော့ ဖြစ်ကာစမှာပဲ သိသွားတာလား။ ဘာလုပ်ပိုင်ခွင့်တွေ ချပေးခဲ့လဲ။ “ဖြစ်ဖြစ်ချင်း ကျနော်တို့ ၁၉ ရက်နေ့ဖြစ်တယ်။ ၂၃ ရက်နေ့မှာ ကျနော်တို့ သမ္မတဆီ စာရေးတယ်။ ရေးတော့ သမ္မတကလည်း ဒါကို ချက်ချင်းပဲ တုံ့ပြန်လာတယ်။ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) ဦးအောင်မင်းတို့ဆီက တဆင့်၊ သမ္မတရုံးကနေ တုံ့ပြန်လာတဲ့အထဲမှာ သမ္မတအနေနဲ့ ဒါကို များစွာ စိတ်မကောင်းဖြစ်ရကြောင်းပေါ့နော် ပါတယ်။ အဲဒီမှာက တရားခံလို့ ယူဆရသူတဦးက ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတာလည်း ပါတယ်။ ဒါကတော့ Raw Information (အချက်အလက်အကြမ်းထည်) ပေါ့နော်။ နောက်ပြီးမှ အဲဒီမှာ ကျနော်တို့အားလုံးက ၀ိုင်းဝန်းကူညီဖို့လိုကြောင်းဆိုတာ အဲဒါပဲပါတယ်။ ကျနော်တို့ ၀ိုင်းဝန်းကူညီရုံနဲ့တော့ ဒီအမှုမှန်ကတော့ ပေါ်မှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော်တို့ အမှုမှန်ဖော်ထုတ်ရေး ကေဘီစီရဲ့ကိုယ်စား ရှမ်းပြည်နယ် ကချင်ရှေ့နေများ ကွန်ရက်ကတော့၊ ကချင်ဆိုပေမယ့်လည်း အဲဒီမှာ အားလုံးက ရှမ်းတို့၊ ဗမာတို့ အဲဒါ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖွဲ့စည်းထားတဲ့ ရှေ့နေကွန်ရက်ပဲ။ သူတို့က အခု ကျနော်တို့အတွက် ကြိုးစားပေးနေတယ် အဲဒါပါပဲ။” မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံတဲ့ အဖြစ်ဆိုးမျိုးက အရင်တုန်းက နယ်စပ်တွေမှာ အတော်များများ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။ အခု ကချင်ဆရာမလေး ၂ ဦး ကိစ္စမှာတော့ အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်က ဆရာတော်ကြီးတွေက မြစ်ကြီးနားကို လာရောက်မေးမြန်း ဆွေးနွေးတာ သိရတယ်။ ဒီဖြစ်စဉ်မှာ သူတို့တတွေအပေါ် အကူညီတောင်းတာရော ဘယ်လိုအခြေအနေ ရှိနေပါသလဲ။ “အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်ကတော့ ဒီအန်အေတွေဘာတွေ ပြောသံအပြီးမှာ သူတို့တော်တော် စိုးရိမ်နေကြတယ်။ ကျနော့်ဆီတောင်မှ လွန်ခဲ့တဲ့ ၂ ရက်က ဖုန်းဆက်လာတယ်။ ဒီအန်အေ ကိစ္စတွေ ဘာတွေကျတော့ ဘယ်လိုလဲပေါ့နော်။ အခုထက်ထိတော့ ပြတ်ပြတ်သားသားတော့ မသိရသေးဘူး။ ဒါပေမယ့် ကျနော်တို့ လိုလာလို့ရှိရင်တော့ ကျနော်တို့ကို အကူအညီပေးဖို့ပေါ့နော် သူတို့ကိုလည်း အဲလို တောင်းဆိုထားတယ်။” အခင်းဖြစ်တဲ့နေ့က ဆရာမလေးနှစ်ယောက် နေထိုင်တဲ့ ဘုရားကျောင်းဝင်းအတွင်းက အိမ်နားမှာ တပ်က စခန်းချထားတယ်။ မနက်ပိုင်းမှာ အဲဒီတပ်က ရုပ်သွားတယ်ဆိုတဲ့ ဖြစ်စဉ်က တကယ်ဖြစ်ခဲ့တာလား။ တိုက်ဆိုင်မှုလား။ စစ်ဆေးတွေ့ရှိချက်တွေအရ ဘယ်လိုပြောနိုင်မလဲ။ “အဲဒါကတော့ ကျနော်တို့က ခုနပြောတဲ့ လုပ်ပိုင်ခွင့်လိုတယ်ဆိုတာ အဲဒါတွေပဲ။ ကျနော်တို့က ဥပမာ ထွက်သွားတဲ့ စစ်သားတွေကို ကျနော်တို့က သိချင်တယ်။ ပြီးရင် အဲဒီကားမောင်းသမား၊ သူတို့ (ရွာသား) အခေါ် ကားဆရာပေါ့နော်။ ကား ၃ စီး ဟုတ်တယ်။ ၂ စီးမှာ ရဲဘော်တွေ တက်သွားတယ်။ အဲဒါတွေကတော့ ရွာကလူတွေ အားလုံးမြင်တယ်။ ကျနော်တို့ ထွက်ဆိုတဲ့ နေရာမှာလည်း ဒါတွေကို သူတို့ ပြောပြီးသားပဲ။ အဲ ဒါပေမယ့် အဲဒါကို ကျနော်တို့က အခု ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အမှုစစ်ရဲကလည်း ဒါကို ဖော်ပေးမယ်လို့ ပြောပေမယ့်လည်း ဒီနေ့ထက်ထိတော့ ဒါကို ဘာမှမလုပ်နိုင်သေးဘူး။” သမ္မတဆီမှာ လုပ်ပိုင်ခွင့် တိုက်ရိုက်တောင်းခံတယ်ဆိုတော့ တကယ်လို့ လုပ်ပိုင်ခွင့်ကျလာမယ် ဆိုရင် ဒီအမှုဟာ ဘယ်လောက်ထိ အမှုမှန်ပေါ်ပေါက်ရေးက ရာခိုင်နှုန်းအားဖြင့် နီးစပ်လာမယ်လို့ ဆရာကြီးတို့ မြင်ပါသလဲခင်ဗျာ။ “ကျနော်တို့က သမ္မတဆီက လုပ်ပိုင်ခွင့်ရရင်တော့ အမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်မယ်လို့ ကျနော်တို့က အဲလိုပဲယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျနော်တို့က စစ်တပ်ရော၊ ဆရာဝန်ကနေ အစပေါ့။ မှုခင်းဆရာဝန်ကနေ အစ။ မူဆယ်က မှုခင်းဆရာဝန်က စပြောတုန်းက တမျိုး၊ နောက်ပိုင်းက တမျိုး အဲဒါမျိုးဖြစ်လာတယ်။ သူတို့ရဲ့ ပြောဆိုမှုတွေက ရှေ့နဲ့နောက်က ကွာလာတယ်။ အဲဒါတွေပေါ့။ အဲဒါတွေကို ကျနော်တို့က မှန်ကန်စွာ ရယူဖို့ကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ပေးမှပဲ ကျနော်တို့က လုပ်လို့ရမယ်လို့။ ပိုပြီးမြန်သွားတာပေါ့နော် အဲဒါဆိုရင်တော့။ အဲဒါမှ တကယ့်ပူးပေါင်းတဲ့ ဆောင်ရွက်မှုမျိုး ဖြစ်မယ်လို့ ကျနော်တို့က အဲလိုမျှော်လင့်တယ်။” လက်ရှိအစိုးရက မြန်မာပြည်ဟာ ဒီမိုကရေစီကို သွားနေတယ်လို့ ကမ္ဘာကို ကြေညာထားတယ်။ တဘက်မှာလည်း ဒီကိစ္စက တပ်လုပ်ပိုင်ခွင့် ဖြစ်နေတယ်ဆိုတော့ ဒီအကြားမှာ သမ္မတက ဘယ်လောက်ထိအောင် ပြေလည်အောင် လုပ်ပေးမယ်လို့ ယုံကြည်လဲခင်ဗျ။ တကယ့်ကို လုပ်ပေးမယ်လို့ ယုံကြည်ပြီး တောင်းဆိုတာလားခင်ဗျ။ “ကျနော်တို့က တောင်းဆိုလိုက်တာကတော့ ၅၀၊ ၅၀ ပါပဲ။ ၅၀ ရာခိုင်နှုန်းပေါ့နော်။ မဖြစ်နိုင်ဘူး ဆိုတာလည်း ၅၀ ရာခိုင်နှုန်းလောက်တော့ သိနေတယ် အလိုလိုနဲ့ပေါ့နော်။ အခုန ဆရာပြောတဲ့အတိုင်း ဒါကတော့ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ နီးစပ်သွားတာပေါ့။ ဒါကြောင့်မို့လို့။ ဒါပေမယ့်လည်း သမ္မတက စိတ်ကောင်း၊ စိတ်ထား မှန်ကန်စွာနဲ့ တကယ့်အမှုမှန်ကို ရစေချင်ရင်တော့ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာ။ ကျနော်တို့စာထဲမှာ နိုင်ငံတကာ တတ်ကျွမ်းသူများကို တရားဝင် ခေါ်ယူခွင့်ပေါ့နော်၊ ထိုင်းက လိပ်ကျွန်းလိုပေါ့နော်။ ကျွမ်းကျင်တဲ့ စစ်ဆေးမှုတွေကိုလည်း ကျနော်တို့က အဲဒီမှာ ထည့်သွားချင်တယ်။ အဲဒါကြောင့်မို့လို့ ဒါကတော့ ၅၀၊ ၅၀ ပေါ့ မျှော်လင့်ချက်ကတော့။ တ၀က် တ၀က်စီပေါ့ဗျာ၊ အဲဒီလောက်ပဲ ကျနော်တို့ မျှော်မှန်းထားပါတယ်။” ကချင်ဆရာမလေးနှစ်ဦးရဲ့အရေးနဲ့ ဆက်စပ်ပြီး တခြားပြောစရာ ရှိဦးမလားခင်ဗျာ။ “ကျနော်တို့က ဘာပဲပြောပြော ဒီကိစ္စကတော့ ကျနော်တို့ ကချင်၊ ကေဘီစီ ကချင်ဆရာမ ၂ ဦးရဲ့အရေးပဲ မဟုတ်ဘဲနဲ့ မြန်မာပြည်ရဲ့ ဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကိုပါ အားလုံး မျှမျှတတ ဖြစ်စေဖို့အတွက် ဒီအမှုကတော့ တော်တော်အရေးပါတယ်လို့ ကျနော်ကတော့ ဒီလိုပဲမြင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024