တိုက်လေယာဉ်မှူးများ၏ အသက်ကို ကယ်တင်မည့် ဦးထုပ်သစ်

အောက်ဆီဂျင်ပြတ်လို့ပဲဖြစ်ဖြစ် ပြန်းထန်တဲ့ ကွေ့ဝိုက်ဆင်းတက် ပျံသန်းမှုကြောင့်ပဲဖြစ်ဖြစ် သတိမေ့သွားတဲ့ ပိုင်းလော့တွေရဲ့ အသက်ကို လေယာဉ်မောင်း ဦးထုပ်အသစ်က ကယ်တင်ပေးနိုင်တော့မယ်လို့ အစ္စရေး ကာကွယ်ရေးသုံး အီလက်ထရောနစ် ကုမ္ပဏီဖြစ်တဲ့ Elbit Systems က ဆိုပါတယ်။ တိုက်လေယာဉ်မှူးတွေရဲ့ ခန္ဓာကိုယ်ဟာ လေကြောင်းစစ်ဆင်နေစဉ်မှာ အလွန်ပြင်းထန်တဲ့ ဖိအားတွေ သက်ရောက်ခံနေရပါတယ်။ တဆစ်ချိုး ကွေ့လိုက်တဲ့အချိန်နဲ့ မြန်နှုန်းမြှင့် ပျံသန်းနေချိန်မှာ အားကြီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ အမြင့်ဆုံး ပျံသန်းချိန်မှာ အောက်ဆီဂျင်ငတ်တာတွေ ခံစားရပါတယ်။ အခု နောက်ဆုံးပေါ်ဦးထုပ်ကတော့ လေထုထဲတင် သတိလစ်သွားတဲ့ ပိုင်းလော့တွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။ ဒီဦးထုပ်ကို တီထွင်သူကတော့ Elbit Systems ကုမ္ပဏီက ယာရွန်ခရန့်ဇ်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အငြိမ်းစား တိုက်လေယာဉ်မှူးပဲ ဖြစ်ပါတယ်။ Canary (ကနေရီ) လို့ အမည်ရတဲ့ ဒီစနစ်သစ်ဟာ ပျက်ကျသေဆုံးမှုတွေ ဖြစ်စေမယ့် လေကြောင်းမတော်တဆမှု ဘေး ၂ ခုကနေ ကယ်တင်ပေးနိုင်တယ်လို့ သူက ဆိုပါတယ်။ "လေကြောင်းမတော်တဆဖြစ်ရပ် ၂ မျိုး ရှိပါတယ်။ တခုက ကမ္ဘာ့ဆွဲရှိန်ကြောင့် သတိလစ်သွားတာ။ နောက်တခုက ဦးနှောက်ဆီကို အောက်ဆီဂျင် မရောက်နိုင်တော့တာပါ။ ၂  မျိုးလုံးက သေနိုင်ပါတယ်။ ဒါကြောင့် ဦးထုပ်ထဲမှာ ဆင်ဆာထည့်ပြီး ဒီအဖြစ်ဆိုးကို ရှောင်နိုင်အောင် ဖန်တီးတာပါ။" ကနေရီဆိုတဲ့ ဒီစနစ်က ဖြစ်တော့မယ့်အန္တရာယ်ကို သိသွားတာနဲ့ ဦးထုပ်ရှေ့က ရုပ်မြင်လေကာဖန်ပြင်ပေါ်မှာ အချက်ပေးစနစ်ကို ပို့လိုက်ပါတော့တယ်။ ဒါပေမယ့် ပိုင်းလော့ မေ့သွားပြီဆိုတာ ထောက်လှမ်းမိတာနဲ့ ဒီစနစ်က ပိုင်းလော့သတိမရမချင်း ထိန်းချုပ်မောင်းနှင်ပေးဖို့ လေယာဉ်ရဲ့ကွန်ပျူတာဆီကို အချက်ပြပေးပါတယ်။ ဒီလို အဆင့်မြင့် အာရုံခံနည်းပညာကို အစ္စရေးနိုင်ငံမှ ကုမ္ပဏီသစ်ဖြစ်တဲ့ Life Beam က တီထွင်တာဖြစ်ပြီး ဂျက်လေယာဉ်ရဲ့ စနစ်ထဲမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်။ "ပိုင်းလော့အနေနဲ့ ဒီဆင်ဆာတွေ နိုးကြားလာအောင် ဘာမှလုပ်ပေးစရာ မလိုပါဘူး။ အရွယ်အစား ငယ်သလောက် အသိဉာဏ်ရှိ ပစ္စည်းဖြစ်လို့ လိုအပ်တဲ့ ခန္ဓာဗေဒဆိုင်ရာ အချက်အလက်တွေကို ကောက်ယူဖို့ သတင်းအချက်အလက်တွေ ပေးနိုင်ပါတယ်။" Elbit Systems ကုမ္ပဏီက ဒီခေါင်းစွပ်ဦးထုပ်ကို Lockheed Martin ကုမ္ပဏီထုတ် F-35 ဂျက်တိုက်လေယာဉ်အတွက် တီထွင်ခဲ့တာဖြစ်ပြီး ၁ နှစ်အတွင်း ဈေးကွက်မှာဖြန့်ချိဖို့ အသင့်ဖြစ်မှာပါ။ ဆင်ဆာကို ဦးထုပ်မလိုဘဲ ၀တ်ဆင်နိုင်အောင် ပြင်ဆင်ပြီးသွားရင်တော့ ကနေရီ ကို အရပ်ဘက်လေယာဉ်တွေမှာလည်း အသုံးပြုသွားနိုင်မယ်လို့ ဆိုပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up