A d v e r t i s e m e n t With Us

အနိမ့်ဆုံးလုပ်ခ ၃၆၀၀ သတ်မှတ်ပါက တရုတ်နှင့်ကိုရီးယား စက်ရုံများ ပိတ်သိမ်းမည်

အလုပ်သမား အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ သတ်မှတ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နဲ့ ကိုရီးယား အထည်ချုပ်စက်ရုံတွေ စက်တင်ဘာလမှာ ပိတ်မယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဇူလိုင် ၂ ရက်နေ့ ညနေက အထည်ချုပ်လုပ်ငန်းရှင်များအသင်းအစည်းအဝေးမှာ အစိုးရက အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ သတ်မှတ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်အထည်ချုပ်စက်ရုံ ၃၀ ကျော်နဲ့ ကိုရီးယားအထည်ချုပ်စက်ရုံတွေ စက်တင်ဘာလထဲ ပိတ်သိမ်းမယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တွေက လက်ထောင်ဆန္ဒခံယူခဲ့ပြီး ကျပ် ၃၆၀၀ မပေးနိုင်ကြောင်း အကုန်လုံးကန့်ကွက်ခဲ့ကြပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် “ကျမတို့ဟာ ၂၅၀၀ ကတိပေးခဲ့တဲ့အတွက် ၂၅၀၀ နဲ့ စကားပြောတဲ့အခါမှာ ကျမတို့ပြောတာက ဘယ်သူမဆို အလုပ်သမားတွေကို ပိုပေးတာ ဆန္ဒရှိပါတယ်။ ကျမတို့က မပေးချင်တဲ့ဆန္ဒ လုံးဝ မဟုတ်ပါဘူး။ မပေးနိုင်တဲ့အနေအထားကို ပြောခြင်းဖြစ်ပါတယ်။ ၂၅၀၀ နေရာမှာ ထောက်ပံ့တဲ့ ငွေလေးများရခဲ့ရင် ၃၆၀၀ ကို ၁၁၀၀ ကျပ်များ ထောက်ပံ့ရင် ကျမတို့ ပေးနိုင်မယ်လို့ တင်ပြခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်အထည်ချုပ်စက်ရုံ ၃၀ ကျော်ရှိပြီး အလုပ်သမား ၇ သောင်းနီးပါးနဲ့ ကိုရီးယားအထည်ချုပ်စက်ရုံကတော့ ၆၀ နီးပါးလောက်ရှိပြီး အလုပ်သမား ၁ သိန်း ၄ သောင်းနီးပါးနဲ့လည်ပတ်နေပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြသလို အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ မပေးနိုင်လို့ စက်တင်ဘာလထဲမှာ စက်ရုံတွေ ရပ်လိုက်ကြမယ်ဆိုရင် အလုပ်သမား ၂ သိန်းကျော် အလုပ်လက်မဲ့ဖြစ်ကုန်ကြမှာဖြစ်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်လို့ ဥပဒေအရ အလုပ်သမားတွေကို မရပ်နားခင် ၁ လအကြို ပေးခဲ့တဲ့လစာအတိုင်း လျော်ကြေးပေးရတယ်ဆိုပေမယ့် အဲဒီအစည်းအဝေးမှာ တရုတ်လုပ်ငန်းရှင်တဦးက ဒါဟာအစိုးရနဲ့ ညှိနှိုင်းမှုအစဉ်မပြေလို့ ရပ်နားရမှာဖြစ်တဲ့အတွက် လျော်ကြေးငွေကို မပေးနိုင်ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေကလည်း အရည်းအချင်းပြည့်ဝပြီး ဆက်လက်တွဲလုပ်ကိုင်လို့ရတဲ့ အလုပ်သမား တွေရှိမယ်ဆိုရင်  လုပ်ငန်းဆက်လည်ပတ်မှာဖြစ်ပြီး ဒီလိုမျိုးညှိနှိုင်းမှုတွေ မရဘူးဆိုရင်တော့ ပြည်ပလုပ်ငန်းရှင် တွေနည်းတူ လုပ်ငန်းရပ်စဲမယ်လို့ အထည်ချုပ်လုပ်ငန်းရှင်းအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောပါတယ်။ “ကျနော်တို့နဲ့ လက်တွဲလိုပြီး ကြံ့ကြံ့ခံပြီး လုပ်မယ့် လုပ်သားတွေကို ကျနော်တို့ လက်တွဲပြီး လုပ်ပါမယ်။ လက်တွဲမလုပ်နိုင်တဲ့သူတွေကို ကျနော်တို့ လက်တွဲဖြုတ်ပါမယ်။ အဲလို လက်ချင်းချိတ်ပြီး လုပ်ရမယ့် ကျနော်တို့ရဲ့ လုပ်သားတွေ တယောက်မှမရှိဘူးဆိုရင် ဧည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလိုပဲ ကျနော်တို့ စက်ရုံတွေ ပိတ်ရပါလိမ့်မယ်ဆိုတာ ဖြေကြားပါတယ်။” ဒီဆုံးဖြစ်ချက်တွေအတိုင်း ပြည်ပအထည်ချုပ်စက်ရုံတွေ ရပ်နားခဲ့မယ်ဆိုရင်  ဒါဟာ ရွေးကောက်ပွဲကျင်းပဖို့  လေးလလောက်အလိုမှာ အလုပ်လက်မဲ့အများဆုံ အခြေအနေကို ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အနိမ့်ဆုံးအခကြေးငွေအဖြစ် တရက်ကို ကျပ် ၃၆၀၀ သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီက ပြီးခဲ့တဲ့ ဇွန်လ ၂၉  ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုနှုန်းထားကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီက အဆိုပြုထားတာဖြစ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေအနေနဲ့ လက်ခံနိုင်မှု မရှိပါက နှစ်ပတ်အတွင်း ကန့်ကွက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကန့်ကွက်မယ့်သူ မရှိရင် အစိုးရဆီ တင်ပြပြီး  ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်လာမှာပါ။  

A d v e r t i s e m e n t With Us

More News
Up