Home
မြန်မာသတင်း
ရန်ကုန်တွင် ကြံ့ခိုင်မှု ပြစ်ချက်ရှိ မော်တော်ယာဉ်များကို အရေးယူမည်
အာကာ
·
July 2, 2015
ရန်ကုန်မြို့မှာ ယာဉ်ကြံ့ခိုင်မှု ပြစ်ချက်တွေ့တဲ့ မြို့တွင်းပြေး ခရီးသည်တင်ယာဉ်စီးရေ ၃၁၀၀ ကျော်ကို မထသ (ဗဟို) က အရေးယူသွားဖို့ ရှိပါတယ်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို မိုးတွင်းယာဉ်ကြံ့ခိုင်မှုအပြင် ပုံမှန်ယာဉ်ကြံ့ခိုင်မှုတွေကို မိုးတွင်းကာလ မတိုင်မီကတည်းက  မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ-ဗဟို) က စစ်ဆေးနေတာပါ။ ယာဉ်ကြံ့ခိုင်မှုတွေကို မထသဗဟိုရဲ့ အထူးစစ်ဆေးရေးအဖွဲ့ ၁၆ ဖွဲ့နဲ့ ၁ ပတ်ကို ၂ ရက် စစ်ဆေးနေတာဖြစ်ပါတယ်။ မထသ (ဗဟို) အနေနဲ့ ၂၀၁၅ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆ လအတွင်း ယာဉ်စီးရေ ၂၁၃၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ပြစ်ချက်တွေ့ရှိတဲ့ယာဉ် ၃၁၃၉ စီး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲက ဘရိတ်စနစ်မကောင်းတာ၊ မှန်မပြည့်စုံတာ၊ မိုးယိုတာ စတဲ့ မြို့တော်အဂါင်္ရပ်မညီတဲ့ ယာဉ် ၄၅ စီးကိုလည်း ပြစ်ချက်တရပ်အနေနဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်။ UHlaAungမထသ ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က “စစ်တာက စစ်တာ၊ ပြင်ဖို့ကို ယာဉ်ပိုင်ရှင်က ပြင်ရမှာ။ သူ့ကိုလည်း ကျနော်တို့က နှိုးဆော်တယ်။ ယာဉ်လိုင်း ယာဉ်လိုင်းတိုင်းက မိုးရာသီကျပြီဆိုတာနဲ့ ယာဉ်ပိုင်ရှင်အားလုံးကို ဒီအချက်တွေ အကုန်အသိပေးတယ်။ သို့သော်လည်း ယာဉ်တွေရဲ့ သက်တမ်းကြာမြင့်မှု၊ အချို့အချို့သော ပုဂ္ဂိုလ်များရဲ့ ယာဉ်တွေပေါ်ကြံ့ခိုင်မှုထိန်းသိမ်းတာ အားနည်းမှုကြောင့် မဖြစ်ဖူးတော့ မဟုတ်ဘူး ဖြစ်ပါတယ်။ ကျနော်တို့ယာဉ်တွေက နှစ်အိုတဲ့ ယာဉ်တွေ အတော်များတယ်။ ပြင်ထားတာကောင်းပေမယ့် အသုံးပြုသူ ယာဉ်လုပ်သားတွေရဲ့ မဆင်မခြင် သုံးမှုကြောင့်လည်း ပျက်တတ်တာတွေ ရှိတယ်။ ဒါကြောင့် စစ်ဆေးပေမယ့်လည်း မတော်တဆမှုလေးတွေက ဖြစ်နေတယ်။” လို့ ပြောပါတယ်။ မိုးတွင်းကာလမှာ ခရီးသည်တင်ယာဉ်တွေ မဖြစ်မနေလုပ်ဆောင်ရမယ့်  ယာဉ်ကြံ့ခိုင်မှုတွေကို မေလဆန်းက စတင်အသိပေး နှိုးဆော်ခဲ့ပြီး လက်ရှိမှာ စစ်ဆေးအရေးယူတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြစ်ချက်တွေ့ထားတဲ့ မော်တော်ယာဉ်တွေကို ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ မထသ (ဗဟို) က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ မထသ ဗဟိုလက်အောက်မှာ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်၊ မှတ်ပုံတင်ထားတဲ့ ယာဉ်စီးရေ ၆၀၀၀ ကျော်နဲ့ ရန်ကုန်မြို့နေ လူဦးရေ ၂ ဒသမ ၆ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ဇန်နဝါရီလအထိ ယာဉ်စီးရေ ၅ သန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024