အစိုးရ ခြိုးခြံချွေတာရေး အစီအစဉ် ဂရိပင်စင်စားများ ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
1.4K
ဂရိ ကွန်မြူနစ်ပါတီကို ထောက်ခံတဲ့ ပင်စင်စားတွေဟာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင် ၁ ရက်နေ့က ဘဏ္ဍာရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြကြပါတယ်။
ဒီလို မူဝါဒတွေဟာ ပြည်သူလူထုကို ဆန့်ကျင်တာလို့ ပင်စင်စားတွေက ကြွေးကြော်ကြပါတယ်။
ဆန္ဒပြသမားတွေ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာလည်း အကြွေးရှင်နိုင်ငံတွေရဲ့ တောင်းဆိုချက်ကို ကန့်ကွက်တဲ့အကြောင်း၊ အစိုးရက အဆိုပြုတာကို လက်မခံနိုင်တဲ့အကြောင်း ရေးသားထားပြီး အီးယူကနေ ခွဲထွက်ပြီး အာဏာကို ပြည်သူ့လက်ကို အပ်နှင်းဖို့ တောင်းဆိုထားပါတယ်။
ဆန္ဒပြသမား နစ်ကော့ ဆိုဖီယာနော့စ်က လူတွေခံစားနေရတဲ့ ဒုက္ခတွေဟာ အတော်များနေပြီ၊ နိုးကြားကြဖို့ အချိန်ရောက်ပြီလို့ ပြောပါတယ်။
နောက် ဆန္ဒပြသမားတယောက်ကလည်း နိုင်ငံခြားသားတွေက ဂရိပြည်သူတွေရဲ့ ဘ၀ကို ထိန်းချုပ်ထားတာဟာ မဖြစ်သင့်တဲ့ကိစ္စပဲလို့ ပြောပါတယ်။
ဒါကြောင့် ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ ပင်စင်စားတွေက တခြား ပြည်သူတွေကို တိုက်တွန်းကြပါတယ်။
လာမယ့် ဇူလိုင် ၅ ရက်နေ့ လူထုဆန္ဒခံယူပွဲကျရင်လည်း ယူရိုဇုန်က တောင်းဆိုထားတဲ့ အချက်တွေကို ကန့်ကွက်မဲပေးကြဖို့ ဆန္ဒပြသမားတွေက တိုက်တွန်းထားပါတယ်။