DVB Logo
Home
မြန်မာသတင်း
ဦးအောင်မင်းနှင့် တိုင်းရင်းသားအဆင့်မြင့်အဖွဲ့ ပထမဆုံးအကြိမ် တွေ့မည်
DVB
·
July 1, 2015
ဦးအောင်မင်းနှင့် တိုင်းရင်းသားအဆင့်မြင့်အဖွဲ့ ပထမဆုံးအကြိမ် တွေ့မည်
Donate to DVB

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ပထမအကြိမ် အလွတ်သဘော တွေ့ဆုံကြဖို့ရှိပါတယ်။

ဇူလိုင် ၃ ရက်နေ့ တွေ့ဆုံပွဲမှာ အစိုးရရဲ့ အပစ်ရပ်စာချုပ်မူကြမ်းအပေါ် သဘောထားကို ၀န်ကြီး ဦးအောင်မင်းက ရှင်းပြဖို့ ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

နှစ်ဘက် အလွတ်သဘောတွေ့ဆုံပွဲ မတိုင်မီ လော်ခီးလာညီလာခံမှာ ထပ်ဖွဲ့ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ – Senior Delegation for Nationwide Ceasefire Negotiation (EAOs Senior Delegation) စည်းဝေးပွဲကို ဇူလိုင် ၂ ရက်နေ့ ပြုလုပ်မှာဖြစ်ပါတယ်။

ဇူလိုင် ၃ ရက်နေ့တွေ့ဆုံပွဲလာမယ့် ၀န်ကြီးဦးအောင်မင်းအဖွဲ့မှာ စစ်တပ်က ကိုယ်စားလှယ် လိုက်ပါလာခြင်း မရှိသလို အစိုးရနဲ့ တပ်အနေနဲ့ မတ် ၃၁ ရက်မှာ ချုပ်ဆိုခဲ့တဲ့ အပစ်ရပ်စာချုပ်မူကြမ်းကို ဖြည့်စွက်ပြင်ဆင်ခြင်း မပြုဘဲ အပြီးသတ် လက်မှတ်ထိုးလိုကြောင်း ထုတ်ဖော်ပြောဆိုနေတာ ဖြစ်ပါတယ်။

တဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ လော်ခီးလာညီလာခံက စာချုပ်မူကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်လိုကြောင်း ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အခု ချင်းမိုင်မှာတွေ့ကြမယ့် တွေ့ဆုံပွဲဟာ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ခြင်း ရှိ၊ မရှိ အဆုံးအဖြတ်ပေးမယ့် တွေ့ဆုံပွဲ ဖြစ်သွားနိုင်သလား ဆိုတဲ့အပေါ် ပြည်ထောင်စုအင်စတီကျုက ဒါရိုက်တာ ဦးခွန်ဆိုင်းက နှစ်ဘက်စလုံးရဲ့ လူထုအပေါ် အရေးထားမှုကို စောင့်ကြည့်ရမယ့်ပွဲလို့ သုံးသပ် ပြောပါတယ်။

“ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ရပ်တည်တယ်၊ သူ့ရပ်တည်ချက်နဲ့သူ ရပ်တည်တယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ ရှေမတက်နိုင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် သူ့ဆီကလည်း တလှမ်းဆုတ်၊ ကိုယ့်ဆီကလည်း တလှမ်းဆုတ်လို့ ရှိရင်တော့ ဆက်သွားနိုင်မယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့မူဟာ အဓိကလား၊ ငြိမ်းချမ်းရေးဟာ အဓိကလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ လူထုအပေါ် ဘယ်လောက်အရေးထားတယ်ဆိုတာ နှစ်ဘက်စလုံးအပေါ် မူတည်ပါတယ်။”

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ယူပီဒဗလျုစီနဲ့ နိုင်ဟံသာ ခေါင်းဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ အန်စီစီတီတို့ ၁ နှစ်ခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာ အပစ်ရပ်စာချုပ်မူကြမ်းကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013