A d v e r t i s e m e n t With Us

မြေထဲပင်လယ်ဖြတ် လှေစီးဒုက္ခသည်များ ကယ်ဆယ်ခဲ့ပုံ အီတလီရေတပ် ထုတ်ဖော်ပြသ (ရုပ်သံ)

မြေထဲပင်လယ်ကို ဖြတ်သန်းလာတဲ့ လှေစီးဒုက္ခသည်တွေကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က ကယ်ဆယ်ခဲ့ပုံတွေကို အီတလီရေတပ်က ဇွန် ၂၉ ရက်နေ့မှာ ထုတ်ဖော် ပြသခဲ့ပါတယ်။ ကယ်ဆယ်မှု ၂၁ မှုအတွင်း ဒုက္ခသည် ၂၉၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အီတလီရေတပ်က ပြောပါတယ်။ ဒီရွှေ့ပြောင်းဒုက္ခသည်တွေကို အီးယူ ဒုက္ခသည်ကယ်ဆယ်ရေး အစီအစဉ်ဖြစ်တဲ့ ထရီတွန် (Triton) အစီအစဉ်နဲ့ ကယ်ဆယ်ခဲ့တာဖြစ်ပြီး အီတလီအပြင် ဗြိတိန်၊ အိုင်ယာလန်နဲ့ စပိန်ရေတပ်သင်္ဘောတွေလည်း ပါဝင်ခဲ့ပါတယ်။ အီးယူထဲကို ဒီလှေစီးဒုက္ခသည်တွေ အဆမတန် ၀င်ရောက်နေတာ ကာကွယ်ဖို့ ဒုက္ခသည်အဖြစ် အရည်အချင်း မပြည့်မီသူတွေကို နေရပ်ရင်းနိုင်ငံတွေကို ပြန်ပို့ဖို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က အီးယူနိုင်ငံများ အစည်းအဝေးမှာ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။ ဒုက္ခသည်တွေ ထွက်ခွာလာရာ နေရင်းနိုင်ငံ အစိုးရတွေက ဒီဒုက္ခသည်တွေကို ပြန်ခေါ်ရေး ဖိအားပေးဖို့၊ အီးယူ နယ်စပ်စောင့်ကြည့်ရေး အေဂျင်စီတွေကိုလည်း ဒီဒုက္ခသည်တွေကို ပြန်ပို့နိုင်တဲ့ အခွင့်အာဏာပေးဖို့ အီးယူခေါင်းဆောင်များ အစည်းအဝေးအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အခုနှစ်အတွင်း မြေထဲပင်လယ်ထဲမှာ ရေနစ်ပြီး သေဆုံးသူ ဒုက္ခသည် ၂၀၀၀ လောက် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အခုနှစ်အတွင်း အီတလီကမ်းခြေတွေကို ရောက်ရှိလာမယ့် ဒုက္ခသည်အားလုံး ၂ သိန်းလောက်ရှိမယ်လို့ အီတလီနိုင်ငံက ခန့်မှန်းထားပါတယ်။ အရင်နှစ်ကတော့ ဒုက္ခသည် ၁ သိန်း ၇ သောင်း အီတလီကမ်းခြေတွေကို ရောက်ရှိခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up