Search Results For: မန်ချက်စတာဒါဘီ

မန်ချက်စတာဒါဘီပွဲ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းမရှိဟု ရွိုင်ကိန်း ဝေဖန်

မန်ချက်စတာဒါဘီမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းမရှိခဲ့ဘဲ ကစားသမားတွေအချင်းချင်း ဖက်လဲတကင်း ရှိခဲ့တဲ့အပေါ် မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြောပါတယ်။  မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်မှုမရှိတဲ့အပေါ်မှာ ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။ ပွဲအပြီးမှာတော့ ကစားသမားတွေအချင်းချင်း ပွေ့ဖက်တာတွေ၊ စကားစမြည် ပြောဆိုတာတွေက ဒါဘီပွဲစဉ်လို မဟုတ်ဘဲ အရင်က တကြိမ်တခါမှ မမြင်ခဲ့ဖူးကြောင်း ရွိုင်ကိန်းက ပြောပါတယ်။  စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ နှစ်သင်းစလုံးမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိကြပေမယ့် အနိုင်ရဖို့ ဘယ်အသင်းကမှ ဆန္ဒမရှိခဲ့ကြဘူးလို့ ဝေဖန်ခဲ့ပါတယ်။  မန်ချက်စတာဒါဘီမှာ အဝါကတ် ပြသခံရမှု ၂ ကြိမ်သာရှိခဲ့ပြီး ပြိုင်ဆိုင်မှု မပြင်းထန်ခဲ့တဲ့အပေါ်မှာလည်း  ရွိုင်ကိန်းက မေးခွန်းထုတ်ခဲ့ပါတယ်။
4 months Ago

မန်ချက်စတာဒါဘီ အပါအဝင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အပေါ် ဘာဘာတော့ဗ်၏ ခန့်မှန်းချက်

မန်ချက်စတာဒါဘီ အပါအဝင် စိတ်ဝင်စားဖွယ် ပွဲကောင်းတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ကို ပရီးမီးယာလိဂ်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။ ဝုဗ်-အက်စတွန်ဗီလာ ဒါဟာ နှစ်သင်းစလုံးအတွက် အမှားမခံတဲ့ ပွဲတစ်ပွဲပါ။ ဝုဗ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ လီဗာပူးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် ဗီလာနဲ့ပွဲမှာ အရှေ့ပွဲက ရလဒ်ဆိုးရွားခဲ့မှုကို ချေဖျက်ဖို့အတွက် သေချာပေါက် ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း ဗီလာအသင်းက အခုနောက်ပိုင်းပွဲတွေ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ဒါပေမဲ့ ဒီနှစ်သင်းမှာ အရှုံးရလဒ်ကို ချေဖျက်မယ့် ဝုဗ်အသင်းက ပိုပြီးအားသာနေတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲရလဒ်မှာ ဝုဗ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။ နယူးကာဆယ် - ဝက်စ်ဘရွန်း အရင်က ပြောခဲ့သလိုပါပဲ။ အခုရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့်အသင်း ၃ သင်းထဲမှာ ဝက်စ်ဘရွန်းက တသင်းအပါအဝင် ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သူတို့ ကစားပုံဟာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးပါဘူး။ နယူးကာဆယ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာ ကန်မယ့်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေကြားမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ ရှိနေပေမယ့် ဒီပွဲမှာ နယူးကာဆယ်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက် - မန်စီးတီး ဒါဟာ အခုသီတင်းပတ်ရဲ့ အကောင်းဆုံးပွဲပါ။ ယူနိုက်တက်အနေနဲ့ ပက်ရဲ့အသင်းကို ပြီးခဲ့တဲ့ ပွဲတွေက ပထမပိုင်း ကစားပုံအတိုင်းပဲ ကစားမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမှ ရလဒ်ကောင်းတွေ ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ လိုအပ်ချက်ကို ပြင်ဆင်ပြီး နောက်ကနေ လိုက်ကစားရမယ့် အခြေအနေကို မရောက်သွားဘူးဆိုရင် သူတို့အတွက် အိုကေနိုင်ပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ပြိုင်ဘက် မန်စီးတီးအသင်း ဖြစ်နေပါတယ်။  ချန်ပီယံလိဂ် အရှုံးကို ရုန်းထွက်ဖို့ ဒီပွဲဟာ သူတို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်နေပေမဲ့ အနိုင်ရမယ့်အသင်းကတော့ မန်စီးတီးကိုပဲ ရွေးချယ်သင့်ပါတယ်။ မန်စီးတီးက ၂ ဂိုး ၁ ဂိုးလောက်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။ အဲဗာတန် - ချဲလ်ဆီး အန်ဆယ်လော့တီရဲ့ အသင်းဟောင်းနဲ့ တွေ့ဆုံမယ့်ပွဲဟာလည်း ဒီတပတ်ရဲ့ စိတ်ဝင်စားစရာ ပွဲတပွဲအဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ချဲလ်ဆီးအသင်းက အားနည်းချက်ဆိုတာ မရှိသလောက်ကို ကောင်းနေပါတယ်‌။ ကတ်ဗင်လီဝိန်းက အဲဗာတန်အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူပြီး အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ပွဲမှာလည်း လမ်းပတ်ရဲ့အသင်းကို ဒုက္ခပေးဦးမှာ ဖြစ်ပါတယ်။  ဒါကြောင့် ချဲလ်ဆီးအသင်းဘက်က သူ့ကို ထိန်းချုပ်သွားဖို့ လိုအပ်ပြီး တဘက် ၁ ဂိုးစီ သရေရလဒ်ဟာ ၂ သင်းစလုံးအတွက် မျှတမယ်လို့ ထင်ပါတယ်။ ဆောက်သမ်တမ် - ရှက်ဖီးလ် ဆောက်သမ်တန်အသင်းက ရလဒ်တွေ ကောင်းမွန်နေပြီး အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရှိနေပေမယ့် ရှက်ဖီးလ်အသင်းရဲ့ အနေအထားကတော့ သူနဲ့ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ရလဒ်ကိုတော့ ရှက်ဖီးလ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားမယ်လို့ ယူဆရပါတယ်။ ခရစ္စတယ်ပဲလေ့စ် - စပါး စပါးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်းတသင်း ဖြစ်လာနေပြီး ဖလားရရှိဖို့ အတွက်ဆိုရင် ဒီလိုပွဲမျိုးကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ဆိုရင် မော်ရင်ဟိုအနေနဲ့ ပွဲတိုင်းမှာ ၃ မှတ်ရရှိဖို့ လိုအပ်ပြီး ခြေစွမ်းကောင်းခြင်း၊ မကောင်းခြင်းထက် အနိုင် ၃ မှတ်က ပိုအရေးကြီးပါတယ်။ ဒီလိုသာလုပ်နိုင်နေမယ်ဆိုရင် အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဟာ စပါးအသင်း ဖြစ်ခဲ့ရင်လည်း အံ့သြစရာဖြစ်လာမှာ မဟုတ်ပါဘူး။ စပါးအသင်းကပဲ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။ ဖူဟမ် - လီဗာပူး စာရွက်ပေါ်က လူစာရင်းကို ကြည့်မယ်ဆိုရင် နှစ်သင်းကြားမှာ ကွာဟချက်က ကြီးကြီးမားမား ရှိနေမှာပါ။ လီဗာပူးအသင်းက သူတို့ရဲ့တတိယဦးစားပေး ဂိုးသမားကို သုံးမယ်ဆိုရင်တောင် သူတို့အသင်းက ပိုပြီးအားသာနေမှာ သေချာပါတယ်။ လီဗာပူးအသင်း အဘက်ဘက်က အသာရရှိနေတဲ့ ဒီပွဲအတွက် ကျနော့်ရဲ့ ခန့်မှန်းချက်ကတော့ လီဗာပူး ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိမှာပါ။ လက်စတာ - ဘရိုက်တန် ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောရမှာပါ။ သူတို့က ပွဲစဉ်တချို့မှာ ခြေစွမ်ကောင်းကို ထုတ်ပြနိုင်ပေမယ့် ရလဒ်ကတော့ ဆိုးရွားခဲ့ပါတယ်။ လက်စတာဘက်မှာတော့ အဓိကတိုက်စစ်မှူး ဘာဒီ ဂိုးပေါက်ပြန်တွေ့နေပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာတောင် သူက ဂိုးသွင်းဖို့အဆင်သင့်ရှိနေပါတယ်။ ဒါ့ကြောင့် ဒီပွဲရဲ့အဖြေက ၂ ဂိုး ၁ ဂိုးနဲ့ လက်စတာနိုင်ပါမယ်။ အာဆင်နယ် - ဘန်လေ အာဆင်နယ်သာ ဘန်လေကို ရှုံးခဲ့မယ်ဆိုရင် နည်းပြအာတီတာနဲ့ အသင်းအတွက် ဖိအားတွေဟာ ပိုတိုးလာမှာ ဖြစ်ပါတယ်။  ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။  အားထားရတဲ့ တိုက်စစ်မှူး အူဘာမီယန်း ဂိုးပေါက်ပျောက်နေပေမယ့် ဒီပွဲကို အာဆင်နယ်အသင်းက ၂ ဂိုးပြတ်နဲ့ နိုင်ပါမယ်။
4 months Ago

မန်ချက်စတာဒါဘီပွဲစဉ်တွင် ဒဏ်ရာကြောင့် ဒီဘရိုင်းမပါဝင်နိုင်ဟု ဂွါဒီယိုလာပြော

မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ မန်ယူအသင်းနဲ့ ကစားမယ့် မန်ချက်စတာဒါဘီကို လွဲချော်မယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။ ဒီဘရိုင်းဟာ ဗီလာနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားဗိုလ်ပွဲမှာ နောက်ကျောဒဏ်ရာရရှိခဲ့ပြီး ရှက်ဖီးဝက်နက်စ်ဒေးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလားပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။   ကီဗင်ဒီဘရိုင်းရဲ့ နောက်ကျောဒဏ်ရာက  မကောင်းမွန်သေးတာကြောင့် ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာ ပြောဖို့ခက်ပြီး  မတ် ၈ ရက်နေ့ ကစားမယ့် မန်ယူ နဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 
1 year Ago

မန်ချက်စတာဒါဘီပွဲ လူစာရင်းတွင် ပေါ့ဘာ ပါဝင်လာဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ လာမယ့် သီတင်းပတ်မှာ အသင်းကြီးနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ဖွယ်ရှိပြီး မန်ချက်စတာ ဒါဘီပွဲစဉ်မှာလည်း ပါဝင်လာနိုင်‌တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။  အသက် ၂၆ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီ ယူနိုက်တက်ပွဲစဉ် တော်တော်များများကို လွဲချော်ခဲ့သူဖြစ်ပြီးတော့ စက်တင်ဘာလနောက်ပိုင်း လိဂ်ပွဲစဉ်နှစ်ခုသာ ပါဝင်ကစားခွင့် ရရှိထားပါတယ်။ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒီဇင်ဘာမှာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့လမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ပြင်သစ်သတင်းစာ L’Equipe မှာ ဖော်ပြထားချက်အရ ပေါ့ဘာဟာ မတ် ၈ ရက်မှာ ကစားမယ့် မန်ချက်စတာဒါဘီမှာ ပါဝင်နိုင်ဖို့ ၅၀-၅၀ အခွင့်အရေး ရှိနေပြီး နောက်တပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ကတော့ ပိုသေချာတယ်လို့ ဖော်ပြထားပါတယ်။  ဒါ့အပြင် ဒဏ်ရာက ပြန်ကောင်းလာကစ ပေါ့ဘာကို ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်ချမ့်ကလည်း မတ်လထဲမှ ကစားမယ့် ခြေစမ်းပွဲ လူစာရင်းတွေထဲက ချန်လှပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။  ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းဟာ ယူကရိန်း၊ ဖင်လန်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး ပြင်သစ်နည်းပြက ပေါ့ဘာသာ မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်မှာ မပါဝင်နိုင်ရင် သူ့ကို အရဲစွန့်ပြီးသုံးဖို့ ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။  ပေါ့ဘာဟာ ဒဏ်ရာကနေ လျင်လျင်မြန်မြန် ပြန်သက်သာလာတာဖြစ်ပြီး ကလပ် ဘရုဂေးနဲ့ ကစားခဲ့ပြီးတဲ့ ကြာသပတေးနေ့ ပွဲစဉ်မတိုင်ခင်အထိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပေါ့ဘာ ပြန်လာမယ့်အချိန်ကို မသိရှိဘူးလို့ ဝန်ခံပြောဆိုထားပါတယ်။  အခု သီတင်းပတ်အစောပိုင်းမှာ ပေါ့ဘာဟာ ရေကူးကန်ထဲက ပုံတွေနဲ့ gym ကပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး မကြာခင် ပြန်လာတော့မယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။  ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအစောပိုင်းမှာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူအားဖြည့်ထားပြီး ကစားသမားကလည်း အချိန်တိုအတွင်း အသင်းမှာ အထိုင်ကျခဲ့တာကြောင့် သူနဲ့ ပေါ့ဘာရဲ့ တွဲဖက်မှုအပေါ် ယူနိုက်တက်ပရိသတ်တွေ စိတ်လှုပ်ရှားစွာ စောင့်မျှော်ရမှာပဲ ဖြစ်ပါတယ်။  ပေါ့ဘာရဲ့ ယူနိုက်တက် အနာဂတ်ဟာ မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေပြီး သူ့အေးဂျင့်ဖြစ်သူနဲ့ ယူနိုက်တက်နည်းပြတို့ ပြဿနာဖြစ်ဖူးသလို ယူနိုက်တက်ရဲ့ အစဉ်အလာ ပြိုင်ဘက်ကို ထုတ်ဖော်ချီးကျူးခဲ့မှုကြောင့်လည်း သူ့အပေါ် ယူနိုက်တက် ပရိသတ်တချို့က စိတ်ကွက်ဖူးပါတယ်။
1 year Ago

နောဝှစ်ချ်စီးတီး လူငယ်ကစားသမား ကဒ်ဝဲလ်ကို မန်ချက်စတာဒါဘီနှစ်သင်း စိတ်ဝင်စားနေ

နောဝှစ်ချ်စီးတီး လူငယ်တိုက်စစ်ကစားသမား ကဒ်ဝဲလ်ကို မန်ချက်စတာဒါဘီနှစ်သင်းက အပြိုင် ခေါ်ယူလိုနေပါတယ်။  အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ကတ်ဝဲလ်ဟာ အခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြနေပြီး သွင်းဂိုး ၆ ဂိုး သွင်းယူပေးထားပါတယ်။  အင်္ဂလန်လူငယ်ကစားသမား ကတ်ဝဲလ်ဟာ အခုနှစ်အတွင်းမှာ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် တခြားအင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းမက်ဒီဆန်၊ ဂရီးလစ်ချ်နဲ့ နယူးကာဆယ်က လောင်းစတပ်တို့နဲ့အတူ ချီးကျူးခံနေရတာဖြစ်ပါတယ်။  မန်ယူအသင်းဟာ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် ကတ်ဝဲလ်ကို ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းကတော့ ကတ်ဝဲလ်ရဲ့ခြေစွမ်းကို ကင်းထောက်တွေလွတ်ပြီး စောင့်ကြည့် ခိုင်းထားတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ 
1 year Ago

ပေါ့ဘာကို ရောင်းချသင့်၊ အေးဂျင့်ရွိုင်အိုလာဆီက ကစားသမား ထပ်မဝယ်ရန် နဗီးလ် တိုက်တွန်း

ပေါ့ဘာကို ရောင်းချသင့်သလို ရွိုင်အိုလာဆီက ဘယ်ကစားသမားကိုမှ မဝယ်ယူသင့်တော့ကြောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။  ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ မန်ယူအသင်းနဲ့ ပေါ့ဘာရဲ့ အနာဂတ် ပြီးဆုံးသွားပြီဖြစ်ကြောင်း အတိအလင်းပြောခဲ့တာပါ။  အဲဒီလို ပြောခဲ့တဲ့အပေါ် မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ဝေဖန်ခဲ့ပြီး ကစားသမားဟောင်း နဗီးလ်ကလည်း ရွိုင်အိုလာကို ဝေဖန်ခဲ့တာပါ။  မန်ချက်စတာဒါဘီပွဲစဉ်မှာ မီကာရစ်ချက်နဲ့အတူ စကိုင်းစပေါ့မှာ သုံးသပ်တင်ဆက်ခဲ့တဲ့ နဗီးလ်ကတော့ တခြားအသင်းကို ပြောင်းရွှေ့လိုနေတဲ့ ပေါ့ဘာကို ရောင်းချသင့်ကြောင်း တိုက်တွန်းခဲ့တာပါ။  ဒါ့အပြင် ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဆီကနေ ဘယ်ကစားသမားကို မဝယ်ယူသင့်တော့ကြောင်းနဲ့ အေးဂျင့်ဖြစ်သူရဲ့ ပြောစကားတွေက အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားပြီလို့ သုံးသပ်ခဲ့ပါတယ်။  မန်ယူအသင်းအနေနဲ့ နဗီးလ် တိုက်တွန်းခဲ့သလို အေးဂျင့်ရွိုင်အိုလာဆီက ကစားသမား မဝယ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့ရင် ရွိုင်အိုလာရဲ့ ကစားသမားတစ်ဦးဖြစ်သူ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုလည်း ဝယ်ယူခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
4 months Ago

အပြောင်းအရွှေ့ထက် လက်ရှိအခြေအနေပေါ် အာရုံစိုက်ကြောင်း ပေါ့ဘာ ပြော

အပြောင်းအရွှေ့ကိစ္စထက် လက်ရှိအခြေအနေအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။  ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ အနာဂတ် ပြီးဆုံးသွားပြီဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက အတိအလင်းပြောကြားထားတာပါ။  မန်စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ပေါ့ဘာက ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။  ပွဲအပြီးမှာတော့ သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပေါ့ဘာက ဆိုရှယ်မီဒီယာကနေ မှတ်ချက်တစ်ခု ရေးသားခဲ့တာပါ။  ကစားသမားဘဝတလျှောက်မှာ အမြဲတမ်း ရုန်းကန်တိုက်ခိုက်ခဲ့သလို မန်ယူနိုက်တက်အသင်းအတွက်နဲ့ အသင်းဖော်တွေ၊ ပရိသတ်တွေအတွက်လည်း တိုက်ပွဲဝင်သွားမယ်လို့ ပေါ့ဘာက ပြောပါတယ်။  အပြောင်းအရွှေ့သတင်းတွေက အရေးမကြီးဘဲ အနာဂတ်ကလည်း အဝေးကြီးလိုသေးတာကြောင့် လက်ရှိအခြေအနေအပေါ်မှာပဲ အာရုံစိုက်ပြီး အကောင်းဆုံးခြေစွမ်းရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပေါ့ဘာက ပြောပါတယ်။  ဆက်လက်ပြီး အသင်းနဲ့ သူ့အကြားက အခြေအနေဟာလည်း ရှင်းလင်းနေပြီး ဘယ်တော့မှ ပြောင်းလဲစရာမရှိကြောင်းလည်း ပေါ့ဘာက သူ့ရဲ့ အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
4 months Ago

သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး ဒါဘီပွဲစဉ်တိုင်း ခြေစွမ်းကောင်းခဲ့ဟု နည်းပြဆိုးလ်ရှား ပြော

မန်စီးတီးနဲ့ သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး မန်ချက်စတာဒါဘီပွဲတိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။  ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး အားလုံး ပျော်ရွှင်သင့်တဲ့ရလဒ် ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ အသင်းရဲ့ ခံစစ်ကစားပုံကိုလည်း နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပြီး ဧရိယာထဲမှာ မန်စီးတီး ကစားသမားတွေကို အခွင့်အရေးမပေးခဲ့ကြဘူးလို့ ပြောပါတယ်။  သူ့ရဲ့ မန်ယူနည်းပြဘဝမှာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တိုင်း အကောင်းဆုံးစွမ်းဆောင်ရည် ရအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရလဒ်ပိုင်းမှာပဲ အကောင်းဆုံး မဖြစ်ခဲ့ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။  ဆိုးလ်ရှားဟာ မန်စီးတီးနဲ့ စုစုပေါင်း ၆ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၃ ပွဲနိုင် ၂ ပွဲ ရှုံးခဲ့ပြီး ၁ ပွဲ သရေ ရလဒ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ မနှစ်ကပွဲတုန်းကလို တန်ပြန်တိုက်စစ်ကနေ ဂိုးမပေးရဖို့ ပြင်ဆင်ခဲ့ပြီး ဂိုးမပေးရလို့ ကျေနပ်ကြောင်း၊ ဂိုးမရခဲ့ပေမယ့် နောက်လာမယ့် ပွဲစဉ်တွေမှာ တိုးတက်လာလိမ့်မယ်လို့ ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။
4 months Ago

ဆိုးလ်ရှား၏ တန်ဖိုးကို သိကြရန် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ပြော

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မန်စီးတီးနည်ပြ ပက်ဂွါဒီယိုလာကတော့ နည်းပြ ဆိုးလ်ရှားကို မန်ချက်စတာဒါဘီပွဲမတိုင်ခင် ထောက်ခံစကား ပြောလိုက်ပါတယ်။  အင်္ဂါနေ့ပွဲမှာ လိုက်ပစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတင် လှည့်ပြန်ခဲ့ရပါပြီ။ ဒီရလဒ်ကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ ရာထူးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ ရလဒ်ကို ရရှိထားပြီး မန်စီးတီးအသင်းရဲ့အထက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒါဘီပွဲမတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အနိမ့်အမြင့် အတက်အကျများတဲ့ ဘောလုံးမန်နေဂျာတွေအကြောင်း မန်စီးတီးနည်းပြ ပက်ကို မေးမြန်းခဲ့ပြီး “ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျနော်တို့ကို လစာတွေအများကြီး ပေးထားကြတာပေါ့ဗျ” လို့ ပက်က အရွှန်းဖောက်ခဲ့ပါတယ်။  ဆိုးလ်ရှားနဲ့ပတ်သက်ပြီး သူက “အရေးကြီးဆုံးအချက်က ဆိုးလ်ရှားရဲ့ တန်ဖိုးကို သိထားဖို့ပါပဲ။ ဒီအတွက် လုံးဝ သံသယမရှိပါဘူး။ သူက ကြံ့ခိုင်ပြီးသားလူဖြစ်လို့ ကျနော့်ဆီက အားပေးမှု မလိုအပ်ပါဘူး။ ဒီအလုပ်က ဘယ်လိုပုံစံရှိလဲဆိုတာ သူ သိပါတယ်။ ကျနော်တို့ အနိုင်ရရင် လူတွေက ဉာဏ်ကြီးရှင်တွေလို ချီးကျူးကြပြီးတော့ ရှုံးရင်တော့ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းမှာ ဖြစ်သလို ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတိုင်းမှာလည်း ဖြစ်ပါတယ်။ ဒါဟာ အရှိတရားပါ” လို့ ပက်က ပြောပါတယ်။ ပက်ရဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၈ နှစ် ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာလည်း ပက်လက်ထက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်သွားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။  လာမယ့် မန်ချက်စတာဒါဘီမှာ နောက်ခံလူ အဲရစ်ဂါစီယာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ ပက်က ပြောခဲ့ပြီး ဒဏ်ရာကနေ ပြန်ကောင်းခါစ အဂွဲရိုးဟာ လာမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မန်ချက်စတာမြို့မှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်တာကြောင့် စနေနေ့ပွဲဟာ ပရိသတ်မပါတဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
4 months Ago

မန်ယူကလွဲ၍ အခြားအသင်းတွင် ကစားရန်မစဉ်းစားခဲ့ဟု  ရက်ရှ်ဖို့ဒ် ပြော

မန်ယူအသင်းကလွဲပြီး တခြားအသင်းဆီ ပြောင်းရွှေ့ကစားဖို့ တစ်ကြိမ်မှ မတွေးခဲ့ဘူး ကြောင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်မှာ ရက်ရှ်ဖို့ဒ်က ပြောခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းမှာပဲ ကစာသမားဘဝကုန်ဆုံးချိန်အထိ ဆက်ကစား သွားချင်တယ်လို့ ပြောပါတယ်။  အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးရက်ရှ်ဖို့်ဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး တစ်သင်းထဲမှာပဲ ကစားသွားဖို့ ရည်မှန်းထားတာပါ။  မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်လွန်ပြီး ဘယ်အသင်းကိုမှ မတွေးခဲ့ဘူး ကြောင်း နဲ့ ငယ်စဉ်ကတည်းက  ယူနိုက်တက်အသင်းမှာပဲ ကစားချင်ခဲ့တာဖြစ်တယ်လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  တခြားအသင်း ဂျာစီဝတ်ဆင်ဖို့ အဆင်ပြေမှာမဟုတ်ဘဲ အကောင်းဆုံးခြေစွမ်းနဲ့ အတူ ယူနိုက်တက်အသင်းမှာပဲ အချိန်ကြာမြင့်တဲ့အထိ ကစားသွားချင်တယ်လို့ ရက်ရှ်ဖို့ဒ်က ပြော ပါတယ်။ 
4 months Ago

မန်ယူနှင့်ပွဲတွင် အဂွဲရိုးကို  အသုံးမပြုဟု ဂွါဒီယိုလာ ပြော

မန်ယူနဲ့ ကန်မယ့် ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုးကို ပွဲထွက်ကစားစေမှာ မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။  အဂွဲရိုးဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် မာဆေးကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပါတယ်။   အဂွဲရိုးအနေနဲ့ မာဆေးနဲ့ ပွဲမှာ ၂၅မိနစ် ဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းခဲ့ပေမဲ့ လေ့ကျင့်ချိန် သိပ်မရသေးတာကြောင့် မန်ယူနဲ့ ပွဲမှာ ပွဲထွက် အသုံးပြုမှာ မဟုတ်ဘဲ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  နည်းပြဂွါဒီယိုလာအနေနဲ့ မန်ချက်စတာဒါဘီမှာ အဂွဲရိုးကို လူစားဝင် ကစားစေဖို့တော့ ရှိပါတယ်။  တိုက်စစ်မှူး အဂွဲရိုးဟာ မာဆေးနဲ့ ပွဲမှာချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုးရခဲ့တာကြောင့် စုစုပေါင်း ၄၁ ဂိုး ရှိသွားပြီဖြစ်ပါတယ်။  တောင်အမေရိကကစားသမားတွေထဲမှာ မက်ဆီပြီးရင် ချန်ပီယံလိဂ်သွင်းဂိုး ဒုတိယ အများဆုံး ကစားသမားအဖြစ် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနဲ့အတူ ပူးတွဲရပ်တည် နေပါတယ်။
4 months Ago

ချန်ပီယံလိဂ်အုပ်စုကျော်ဖြတ်နိုင်မှု ဒါဘီပွဲကို သက်ရောက်မှု မရှိဟု ဂွါဒီယိုလာ ပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို စောစောစီးစီးကျော်ဖြတ်ထားနိုင်ခြင်းက နောက်တစ်ပတ်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက် အားသာချက်ဖြစ်စေတယ်လို့ ပြောစကားကို မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပယ်ချခဲ့ပါတယ်။  မန်စီတီးအသင်းဟာ အုပ်စုပွဲစဉ်တစ်ပွဲကျန်တဲ့ အချိန်မှာတင် ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး နောက်လာမယ့် မာဆေးလ်နဲ့ပွဲက သူတို့အတွက် သိပ်အရေးမကြီးတော့ဘူးလို့ သတ်မှတ်ရပါမယ်။  မန်စီတီးက ဒီပွဲမှာ အဓိကကစားသမားတွေကို အနားပေးနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပေမဲ့ တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အုပ်စုတက်ဖို့ ဂျာမနီမြေမှာ လိုက်ပစ်ဇ်အသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။  ဒီလိုမျိုး သီတင်းပတ်လည်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်အနေအထားက စနေနေ့ မန်ချက်စတာဒါဘီပွဲအတွက် သက်ရောက်မှု ရှိလာနိုင်တယ်လို့ ယူဆချက်တချို့ ထွက်ပေါ်နေပေမဲ့ ဂွါဒီယိုကတော့ ဒါကို လက်မခံပါဘူး။  ဒါဘီပွဲစဉ်တွေရဲ့ သဘာဝအတိုင်း ဘယ်အသင်းမှာမှ အားသာချက်ဆိုတာ ရှိမနေဘူးလို့လည်း ပြောပါတယ်။  “ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေဟာ ပင်ပန်းနေကြမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဆန့်ကျင်ဘက်အဖြစ် ရေကုန်ရေခမ်းယှဉ်ပြိုင်ကြမှာပါ။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ အာရုံစူးစိုက်မှုရှိရမှာပါ” လို့ မန်စီတီးနည်းပြက  ပြောပါတယ်။  မန်စီတီးအသင်းရဲ့ တိုးတက်ပြောင်းလဲလာပုံကိုလည်း နည်းပြက ကျေနပ်နေပြီး သူ့ အသင်းဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။  “ကျနော်တို့ တစ်လကျော်ကထက်ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ဒါဟာ ပုံမှန်ပါပဲ။ ကြိုတင်ပြင်ဆင်မှု၊ အချိန်ယူမှုမရှိဘူးဆိုရင် ဒါဟာဖြစ်လာနိုင်တာပါပဲ။ ဒါကို ဆက်လက် လုပ်ဆောင်သွားရပါမယ်။”  မန်စီတီးအသင်းကို ဂွါဒီယိုလာ ရောက်လာပြီးချိန်ကတည်းက အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ 
5 months Ago

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပက်ဂွါဒီယိုလာ ပြော

ဒီမနက်အစောပိုင်း ကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက  ပေါ်တိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး ၁၆ သင်း အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီပွဲ သရေရလဒ်ကြောင့် မန်စီးတီးဟာ အုပ်စု C ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနေပြီး တပွဲကန်ဖို့ ကျန်နေတဲ့အချိန်မှာ နောက်တဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အတွက် ဘယ်အသင်းမှာမှ အာမခံချက် မရှိဘူးလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကပွဲအပြီးမှာ ပြောပါတယ်။  ဒါပေမဲ့ ဥရောပအင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်၊ အက်သလက်တီကို၊ အင်တာမီလန်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ လိုက်ပစ်ဇ်အသင်းတို့ဟာ အုပ်စုအဆင့်ကနေ ထွက်ခွာရဖွယ်ရှိတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူဘူးလို့ ပြောပါတယ်။ “အုပ်စုအဆင့်ကနေ တက်ရောက်ဖို့ဆိုတာ ဘယ်လောက်အရေးပါပြီး နောက်တဆင့် ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဟာ လုံးဝ လွယ်ကူမှုမရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ တစ်ပွဲ၊ နှစ်ပွဲလောက် အိပ်ပျော်သွားမယ် ဆိုရင် အခြေအနေတွေအားလုံးက ရှုပ်ထွေးကုန်တော့တာပါပဲ။ ဒီနေ့ကတော့ ပျော်စရာကောင်းတဲ့ နေ့ ဖြစ်ပြီးတော့ ချန်ပီယံလိဂ်ကို ဖေဖော်ဝါရီလအထိ မေ့ထားလို့ရပါပြီ။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်သွားပါမယ်” လို့ ပက်က ပြောပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ မာဆေးလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်ချက်စတာဒါဘီ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နိုင်နိုင် ရှုံးရှုံး ထူးခြားမှုမရှိတော့ကြောင့် ဒီပွဲအတွက် ကစားသမားတွေကို အနားပေးနိုင်ပေမယ့် ပက်ကတော့ မာဆေးလ်အသင်းကိုလည်း အတောင့်တင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။  မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ ချန်ပီယံလိဂ် ၄ ပွဲမှာ clean sheets ရရှိခဲ့ပေမယ့် ပေါ်တူဂီမြေမှာတော့ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဒီပွဲမှာ စတားလင်း၊ ရူဘင်ဒီယတ်၊ အဲရစ်ဂါစီယာတို့ဟာ ဂိုးရဖို့နီးစပ်ခဲ့ပြီး ဂျေဆုရဲ့ သွင်းဂိုး တဂိုးဟာလည်း VAR ကြာင့် ပယ်ဖျက်ခံခဲ့ရပါတယ်။  သွင်းဂိုးတွေ ရှားပါးနေမှုဟာ မန်စီးတီးအသင်း ဒီရာသီမှာ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပြီး ဂိုးမရှိ သရေရလဒ် ထပ်မံထွက်ပေါ်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဝမ်းသာမိတယ်လို့ ပက်က ပြောပါတယ်။
5 months Ago

ယူရို ၂၀၂၀ ပြင်သစ်အသင်းလူစာရင်းတွင် ပါဝင်လိုဟု မာရှယ်ပြော

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လိုတယ်လို့ ယူနိုက်တက် ကွင်းလယ်ကစားသမား အန်တိုနီယိုမာရှယ်က ထုတ်ဖော်ပြောပါတယ်။  မာရှယ်ဟာ မတ် ၈ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒီရာသီသွင်းဂိုးအရေအတွက်ဟာ ၁၇ ဂိုးအထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။  မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး လူကာကူကို ရောင်းထုတ်ခဲ့ပြီး မာရှယ်ကို အသင်းတိုက်စစ်မှာ ဦးဆောင်ခွင့်ပေးအပ်ခဲ့ပါတယ်။ ပြင်သစ်ကစားသမားကလည်း နည်းပြရဲ့ ယုံကြည်မှုကို သွင်းဂိုးတွေနဲ့အတူ သက်သေပြနေပြီပဲ ဖြစ်ပါတယ်။  မာရှယ်ဟာ ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့လည်း တော်တော်လေးအတွဲမိနေတာ တွေ့ရပါတယ်။ ဖာနန်ဒက်စ် ရောက်ရှိလာမှုနဲ့အတူ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာတဲ့ မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း ချဲလ်ဆီးအသင်းနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရေး အကူအညီပေးသွားဖို့ ဆုံးဖြတ်ထားပြီး ယူရိုပြိုင်ပွဲဝင် ပြင်သစ်အသင်းအတွက် ပွဲထွက်ခွင့်တနေရာ ရရှိဖို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ယူရိုဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ဟုတ်ကဲ့၊ ကျနော် ဒီပြိုင်ပွဲအကြောင်းကို တွေးနေမိပါတယ်။ ကျနော် ယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ကျနော်ကတော့ ကိုယ်လုပ်စရာရှိတာတွေ လုပ်ဆောင်နေပါတယ်။ ဒါပါပဲ” လို့ မာရှယ်က ပြန်ဖြေခဲ့ပါတယ်။ “ကျနော် ယူနိုက်တက်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားပေးနေပါတယ်။ ကျနော် ဒီရာသီအတွင်း ဂိုးတွေ သွင်းနိုင်သလောက် သွင်းယူပေးသွားဖို့ကိုလည်း ပစ်မှတ်ထားနေပါတယ်” လို့ သူက ဆက်လက်ပြောပါတယ်။ မာရှယ်ဟာ ၂၀၁၆ ခုနှစ် ယူရိုဗိုလ်လုပွဲရောက် ပြင်သစ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပေါ်တူဂီအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ လူစားဝင်ကစားခွင့် ရရှိခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ၂၀၁၈ ခုနှစ် မတ်ကတည်းက ဒက်ချမ့်ရဲ့လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်ခွင့် ဆုံရှုံးခဲ့ပါတယ်။  မာရှယ်ဟာ နိုင်ငံအသင်းအတွက် ၁၈ ပွဲ ကစားခွင့်ရရှိထားပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်အသင်း ဗိုလ်စွဲခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နိုင်ငံ့အသင်းအတွက် ကစားခွင့် ဆုံးရှုံးခဲ့ပါတယ်။
1 year Ago

မန်ချက်စတာ ဒါဘီ ရှုံးပွဲကြောင့် နည်းပြဘဝ မှတ်တမ်းဆိုးတခုရသွားသည့် ဂွါဒီယိုလာ

မန်ချက်စတာဒါဘီမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ နည်းပြသက်တမ်းတလျှောက် တရာသီအတွင်း ရှုံးပွဲအများဆုံးဆိုတဲ့ စံချိန်တခုကိုလည်း  ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။  မန်စီးတီးအသင်းဟာ ဒီရာသီအတွင်း ရှုံးပွဲ ၇ ပွဲ ရှိခဲ့ပြီဖြစ်ကာ ဒီအခြေအနေမျိုးကို ဂွါဒီယိုလာဟာ သူ့အသင်းဟောင်း နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာမှာရော၊ ဘိုင်ယန်မြူးနစ် အသင်းမှာပါ ပိုင်ဆိုင်ခဲ့ဖူးခြင်း မရှိပါဘူး။  မနေ့ညက ကန်သွားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ဒါဘီပွဲမှာ ဂွါဒီယိုလာရဲ့အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် ဂိုးသမား အီဒါဆင်ရဲ့ အမှားနှစ်ခုကနေ ဂိုး နှစ်ဂိုး ပေးခဲ့ရကာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ရတာပါ။ ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်ရှိခဲ့ပေမယ့် မန်စီးတီး အသင်းသားတွေကတော့ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်သာ ရှိပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့မှုကြောင့် မန်ချက်စတာယူနိုက်တက်ဟာ မန်စီးတီးကို ပရီးမီးယားလိဂ် နှစ်ကျော့လုံး အနိုင်ရရှိခဲ့ပြီး ဒီလိုမျိုး အခြေအနေကို  နောက်ဆုံး ဖန်တီးနိုင်ခဲ့တာ ဆာအဲလက်စ်ဖာဂူဆန် လက်ထက် ၂၀၀၉-၂၀၁၀ ရာသီမှာ ဖြစ်ပါတယ်။  ဒါ့အပြင် ဆိုးလ်ရှားရဲ့အသင်းဟာ ဂွါဒီယိုလာ ကိုင်တဲ့အသင်းတသင်းသင်းကို တစ်ရာသီအတွင်း နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ တတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။  ပထမအသင်းက ကွန်တီလက်ထက် ချဲလ်ဆီးအသင်း ဖြစ်ပြီး ၂၀၁၆-၁၇ ရာသီမှာ မန်စီးတီးကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့ပါတယ်။  ဒုတိယအသင်း ဝုဗ်အသင်းဖြစ်ပြီး ဒီရာသီမှာပဲ အဲဒီစံချိန်ကို ရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း မန်စီးတီးကို အနိုင်ရရှိခဲ့ပါတယ်။  ဒါကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ တရာသီအတွင်း ဂွါဒီယိုလာ ကိုင်တဲ့ အသင်းတသင်းကို သုံးကြိမ် ဆက်တိုက်နိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပထမတသင်းကတော့ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းဖြစ်ပြီး ၂၀၁၇-၁၈ ရာသီမှာ ဂွါဒီယိုလာရဲ့အသင်းကို သုံးကြိမ်ဆက်တိုက် အလဲထိုးနိုင်ခဲ့ပါတယ်။  ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းတို့အကြား ရမှတ်ကွာဟမှုဟာ ပိုမိုများခဲ့ပြီး လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ နောက်ထပ် ၆ မှတ်ရရှိရုံနဲ့တင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။  မန်စီးတီးဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနှစ်ပွဲထဲကတပွဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးဟာ မတ် ၁၆ ရက်မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာတင် ဖလားကို သိမ်းပိုက်နိုင်ဖို့ ရှိနေပါတယ်။
1 year Ago

မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ လေ့ကျင့်ခန်းပြန်ဆင်း

ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကားနဲ့ လာရောက်ခဲ့တာကို မီဒီယာတွေက ဓာတ်ပုံရိုက်ပြီး ဖော်ပြခဲ့ကြပါတယ်။  ပေါ့ဘာဟာ ဒူဘိုင်းမှာ ဆေးကုသမှုတွေ သွားရောက်လုပ်ဆောင်ခဲ့ပြီးနောက် ယူနိုက်တက် လေ့ကျင့်ရေးကွင်းကို ပထမဆုံးအကြိမ် ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြေးစက်နဲ့ လေ့ကျင့်နေတဲ့ပုံတွေကိုလည်း ပေါ့ဘာက ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့ပါတယ်။  လက်ရှိ ဒဏ်ရာအခြေအနေအရ ပွဲကစားဖို့ မဖြစ်နိုင်သေးပေမယ့် လာမယ့် မတ် ၈ ရက်မှာ ကစားမယ့် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
1 year Ago

ချန်ပီယံဆုအတွက် လက်မလျှော့ရန် အသင်းသားများကို မန်စီးတီးနည်းပြ တိုက်တွန်း

ပရီးမီးယားလိဂ်ချန်ပီယံအတွက် လက်မလျှော့လိုက်ဖို့ အသင်းသားတွေကို မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။  မန်စီးတီးအသင်းဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းကို ရှုံးခဲ့တာကြောင့် လီဗာပူးနဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။  လီဗာပူးနဲ့ ၁၄ မှတ်မကလို့ ၂၅ မှတ်အထိ ကွာဟနေမယ်ဆိုရင်လည်း ရှေ့ဆက်သွားရမယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  မန်ယူအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်ဆင်မှုတွေ အများကြီးလုပ်နိုင်ခဲ့လို့ အသင်းရဲ့ ခြေစွမ်းအပေါ် ပျော်ရွှင်မိပေမယ့် အဆုံးသတ်ဂိုးသွင်းယူနိုင်မှု မလုပ်နိုင်ခဲ့ကြောင်းလည်း ဂွါဒီယိုလာက ဝန်ခံခဲ့ ပါတယ်။ 
1 year Ago
Up