Search Results For: ဇူကာဘတ်

“ကျနော်တို့ကို Metaverse ကုမ္ပဏီတစ်ခုအနေနဲ့ မြင်ပေးကြဖို့ မျှော်လင့်ပါတယ်”-မာ့ခ်ဇူကာဘတ်

နာမည်ကျော် Facebook ကုမ္ပဏီကို Meta လို့ အမည်ပြောင်းလဲလိုက်ပြီး ဒါက အနာဂတ် ကာလ ပုံရိပ်ယောင် စိတ်ကူးမြင်ကွင်းဆီ ဆက်သွားနိုင်စေဖို့ ဖန်တီးနိုင်ဖို့ဖြစ်တယ်လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။

“လက်ရှိအချိန်အထိ ကျနော်တို့ တည်ဆောက်နိုင်ခဲ့တာတွေအတွက် ဂုဏ်ယူဝမ်း မြောက် မိပြီး နောက်ထပ် ဖန်တီးမယ့်အရာတွေအတွက် စိတ်လှုပ်ရှားနေမိပါတယ်။ ဒီနေ့ လက်ခံထားကြတဲ့ ဖြစ်နိုင်ခြေတွေထက်ပိုတဲ့ ဘောင်ခတ်ထားတဲ့ ဖန်သားပြင်တွေကို ကျော်လွန်ပြီး၊ အကွာအဝေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျနော်တို့ ကျော်လွန်ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် လူတွေအားလုံး တစ်ဦးနဲ့တစ်ဦး အတူတကွ ရှိနေတယ်လို့ ခံစားရပြီး အခွင့်အလမ်းအသစ်တွေ ဖန်တီးနိုင်၊ အသစ်အဆန်းတွေကို တွေ့ကြုံခံစားနိုင်တဲ့ အနာဂတ်တစ်ခုဆီ လျှောက်လှမ်းနေပါပြီ။ ဒါက ကုမ္ပဏီတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ အနာဂတ်ဆိုတာထက် ကျနော်တို့ အားလုံးအတူတူ ဖန်တီးထားတဲ့ အနာဂတ်တစ်ခု ဖြစ်လာမှာပါ။”လို့ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။

Metaverse ဆိုတာ ဒီနေ့ခေတ်ရဲ့ အွန်လိုင်းပေါ်က လူမှုဆက်ဆံရေး အတွေ့အကြုံတွေကို ပေါင်းစပ်ထားတဲ့ နေရာတစ်ခုလို့ ခံစားရမှာဖြစ်ပြီး တစ်ခါတလေ သုံးဘက်မြင် ပုံရိပ်အဖြစ်၊ တခါတလေ အပြင်မှာ တကယ်ရှိတဲ့ ပုံရိပ်တွေနဲ့ ပေါင်းစပ်မှုအဖြစ် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ Metaverse က လူကိုယ်တိုင် အပြင်မှာ အတူမရှိရင်တောင် ပုံရိပ်ယောင်တွေနဲ့ ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး တခြားသူတွေနဲ့အတူတူ မျှဝေ ဆောင်ရွက်နိုင်၊ ပြင်ပကမ္ဘာမှာ မလုပ်နိုင်တဲ့အရာတွေကို အားလုံးအတူတူ ဆောင်ရွက်နိုင် မှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိအခြေအနေမှာ ကျနော်တို့ရဲ့ အမှတ်တံဆိပ်က ထုတ်ကုန်တစ်ခုတည်းမှာပဲ အ ကုန်လုံးသွားပြီး ချိတ်ဆက်နေသလို ဖြစ်နေပါတယ်။ အနာဂတ်ကို ထည့်မတွက်ထား ရင်တောင် ဒီနေ့ ကျနော်တို့ ဆောင်ရွက်နေတဲ့ အရာအားလုံးကို ဒီတစ်ခုတည်းနဲ့ ကိုယ် စားပြုဖို့ မဖြစ်နိုင်ပါဘူး။ အချိန်ကြာလာတဲ့အခါ ကျနော်တို့ကို Metaverse ကုမ္ပဏီ တခု အနေနဲ့ မြင်ပေးကြဖို့ မျှော်လင့်ပြီး ရှေ့ဆက် ကျနော်တို့ ဖန်တီးတည်ဆောက်သွားမယ့် အရာတွေအပေါ် အလုပ်နဲ့ သက်သေပြသွားချင်ပါတယ်။”

Facebook ကုမ္ပဏီကို Meta လို့ အမည်ပြောင်းလိုက်ပေမယ့် ကုမ္ပဏီလက်အောက်က facebook, Instagram, WhatsApp, Messenger အစရှိတဲ့ အက်ပလီကေးရှင်းတွေကို တော့ အရင်နာမည်တွေအတိုင်း ဆက်လက်ထားရှိမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ မူလ အတိုင်းဆက်လက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

1 month Ago

အင်တာနက်ပေါ်က အကြောင်းအရာများကို ထိန်းချုပ်ကြပ်မတ်သင့်ဟု မာ့ခ်ဇူကာဘတ် ပြော

အင်တာနက်ပေါ်က အကြောင်းအရာတွေကို တယ်လီကွန်နဲ့ မီဒီယာလုပ်ငန်းတွေအတွက် သုံးတဲ့ လက်ရှိစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တရပ်နဲ့ ထိန်းချုပ်ကြပ်မတ်သင့်တယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ လုံခြုံရေး အကြီးအကဲတွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်ချ်မြို့မှာ နှစ်စဉ် ကျင်းပတဲ့ ၅၆ ကြိမ်မြောက် လုံခြုံရေးညီလာခံအတွင်း ဇူကာဘတ်က ပြောလိုက်တာပါ။ ဖေ့စ်ဘွတ်ခ်ဟာ အွန်လိုင်းပေါ်က ရွေးကောက်ပွဲ အဟန့်အတားတွေကို တိုက်ဖျက်ရေး ပိုတိုးလုပ်နေပြီး လူမှုကွန်ရက်လုပ်ငန်းတွေကို စည်းကမ်းကြပ်မတ်ဖို့ အရင်ကတည်းက တောင်းဆိုခဲ့ပြီး ခုလည်း ပိုကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေဆဲလို့ သူက ပြောပါတယ်။ “အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေအပေါ် စည်းကမ်းကြပ်မတ် အရေးယူသင့်တယ်လို့ တကယ့်ကို ထင်တယ်။ ဒီအတွက် ဘယ်လို ကန့်သတ်ချက်ကို သုံးမလဲဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်။ လောလောဆယ်မှာ မီဒီယာနဲ့ သတင်းစာအပေါ်ပဲ ကန့်သတ်ချက် နှစ်ရပ် ရှိနေတယ်။ တယ်လီဖုန်းကနေတဆင့် အန္တရာယ်ရှိတဲ့ တခုခုပြောခဲ့ရင် တယ်လီဖုန်းလုပ်ငန်းက တာဝန်ရှိမနေဘူး။ ဒီနေရာ နှစ်ဖက်ကြား ကျနော်တို့က ဘယ်နားမှာ ရှိသင့်လဲဆိုတာ ကျနော် တကယ် စဉ်းစားတယ်” လို့ ဇူကာဘတ်က ပြောပါတယ်။  ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ဂူဂယ် အင်တာနက်လုပ်ငန်းကြီးတွေဟာ အခြေအနေမှန်ကနေ လမ်းလွှဲပေးတဲ့သတင်းတွေ သတင်းတုတွေကို ဖြန့်ဖို့ အစိုးရနဲ့ နိုင်ငံရေးအုပ်စုတွေက လူမှုကွန်ရက်တွေအပေါ် အသုံးချတာကို ပိုကောင်းကောင်း တိုက်ဖျက်ဖို့ ပိုဖိအားပေးခံနေရပါတယ်။ လောလောဆယ်မှာ လုံခြုံရေး လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အွန်လိုင်းပေါ်က အကြောင်းအရာတွေကို သုံးသပ်ဖို့ ဝန်ထမ်း အယောက် ၃ သောင်းခွဲ ခန့်ထားတယ်လို့ ဇူကာဘတ်က ပြောပါတယ်။ ဒီအဖွဲ့တွေနဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ အလိုအလျောက် နည်းပညာတို့ ပူးပေါင်းပြီး နေ့စဉ် ဖေ့စ်ဘွတ်ခ် အကောင့်တု ၁ သန်းကျော်ကို ရပ်ဆိုင်းနေတယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။ ဒီအကောင့်အတု အများစုကို အကောင့်စဖွင့်တဲ့ မိနစ်ပိုင်းအတွင်း ထောက်လှမ်း သိရှိခဲ့တယ်လို့လည်း ဇူကာဘတ်က ပြောခဲ့ပါတယ်။
2 years Ago

သမ္မတထရမ့်၏ ဖေ့စ်ဘွတ်ခ်နှင့်  တွစ်တာစာမျက်နှာများ အပိတ်ခံရ

ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာလူမှုကွန်ရက်တွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စာမျက်နှာ တွေကို သုံးလို့ မရအောင် ဇန်နဝါရီ ၆ ရက်က ယာယီ ပိတ်ချခဲ့ကြပါတယ်။ သုံးစွဲသူဆိုင်ရာ၊ အရပ်ဘက် ဂုဏ်သိက္ခာဆိုင်ရာ  စည်းမျဉ်းတွေကို ထပ်ခါတလဲ ဆိုးဆိုး ရွားရွား ချိုးဖောက်ခဲ့တဲ့အတွက် ခုလို ပိတ်တာဖြစ်ပြီး ရာသက်ပန် ဆိုင်းငံ့ထားနိုင်တယ်လို့လည်း တွစ်တာက ခြိမ်းခြောက် ခဲ့ပါတယ်။ ထရမ့်ကို ထောက်ခံသူတွေက ရွေးကောက်ပွဲရလဒ်တွေကို ပြန်ပြောင်းဖို့ အမေရိကန် အောက်လွှတ်တော်ကို ဖိအားပေးရေး ကြိုးစားတဲ့အနေနဲ့ ဝင်ရောက် စီးနင်းခဲ့ကြတာပါ။ အဲဒီနောက် ဝါရှင်တန်ဒီစီမြို့တော်က အကြမ်းဖက်အခြေအနေတွေကြောင့် ထရမ့်က ရေးတင်ထားတဲ့ စာတိုတွေကို ဖယ်ရှားဖို့ လိုအပ်ခဲ့တယ်လို့ တွစ်တာက ပြောပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအမြစ်မရှိတဲ့ အခိုင်အမာ ပြောဆိုချက်တွေကို သမ္မတ ထရမ့်က ပြန်မဖယ်ရှားရင် သူ့ရဲ့ အကောင့်ကို ဆက်ပိတ် ထားမယ်လို့လည်း တွစ်တာက ပြောပါတယ်။  ဖေ့စ်ဘွတ်နိုင်ငံတကာ ကော်ပိုရေးရှင်းကလည်း ထရမ့်ရဲ့ မူဝါဒ ချိုးဖောက်မှု နှစ်ရပ်အတွက် သူ့ အကောင့်ကို စာတွေ ထပ်တင်လို့ မရအောင် ၂၄ နာရီကြာ ယာယီ ပိတ်ထားခဲ့ပါတယ်။ “ကျနော်တို့ နိုင်ငံရေး ခေါင်းဆောင်တွေက စံနမူနာပြ ဦးဆောင်ဖို့၊ နိုင်ငံကို ပထမနေရာမှာ ထားဖို့ လိုအပ်တယ်။ အကြမ်းဖက်မှု ဖြစ်စေတဲ့မှတ်ချက်တွေ၊ လူတွေ ထောက်ခံကြောင်းပြဖို့ ထရမ့်ရဲ့ မှတ်ချက်တွေပါတဲ့ လတ်တလော ရုပ်သံကို ကျနော်တို့ ဖယ်ရှားလိုက်တာဟာ  အရေးပေါ် အခြေအနေအဖြစ် ကိုင်တွယ်တယ်”လို့  ဖေ့စ်ဘွတ်ခ် အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘတ်က လုပ်ငန်းတွင်း ဖြန့်ဝေတဲ့ သတင်းစကားထဲမှာ ပြောကြားပါတယ်။
11 months Ago

အမေရိကန်နည်းပညာကုမ္ပဏီ ၄ ခု၏ စီအီးအိုများ အောက်လွှတ်တော်တွင် ကြားနာ

ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ အမေဇုံ၊ ဖေ့စ်ဘွတ်ခ်၊ အက်ပဲနဲ့ ဂူဂဲလ်တို့ရဲ့ အမှုဆောင်အရာရှိချုပ်တွေဟာ ဇူလိုင် ၂၉ ရက်မှာ အမေရိကန်အောက်လွှတ်တော်အတွင်း ကြားနာပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ တခြားမေးခွန်းတွေကြားမှာ တရုတ်အစိုးရက အမေရိကန်ကုမ္ပဏီတွေဆီက နည်းပညာတွေ ခိုးခဲ့သလားဆိုတဲ့ မေးခွန်းကို သူတို့ အမေးခံခဲ့ကြရပါတယ်။  မေးခွန်းရှင် ဖလော်ရီဒါပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဟုတ်တယ်၊မဟုတ်ဘူးဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း မျှော်လင့်တယ်လို့ ပြောပါတယ်။  နည်းပညာလုပ်ငန်းကြီးလေးခုရဲ့ ခေါင်းဆောင်တွေကတော့ မတူခြားနားတဲ့ တုန့်ပြန်မှုတွေ ပေးခဲ့တာပါ။ ဇူကာဘတ်ကတော့ တိုက်ရိုက်အဖြေနဲ့ အနီးစပ်ဆုံးအဖြေကို ပေးခဲ့ပါတယ်။ တရုတ်အစိုးရက အမေရိကန်ကုမ္ပဏီတွေက နည်းပညာတွေကို ခိုးခဲ့တယ်ဆိုတဲ့ စာရွက် စာတမ်းအထောက်အထား ကောင်းကောင်းရှိတယ် ထင်တယ်လို့ ရုပ်သံညီလာခံအတွင်း ဇူကာဘတ်က ပြောပါတယ်။ တရက်ကြာ ကြားနာပွဲအတွင်း ပထမဆုံးအနေနဲ့ အမှုဆောင်အရာရှိချုပ် လေးယောက်စလုံး လွှတ်တော်အမတ်တွေ ရှေ့ကို အတူ ရောက်လာတာလည်း ဖြစ်ပါတယ်။  အမှုဆောင်အရာရှိချုပ်တွေအပေါ် စွပ်စွဲချက်တွေကို အောက်လွှတ်တော်အတွင်း ကြားနာနေ လို့ တင်းမာမှု တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ရီပတ်ဗလစ်ကင်ပါတီက လွှတ်တော်အမတ် ဂျင်မ်ဂျော်ဒန်ကတော့ ဂူဂဲလ်ရဲ့ ရှာဖွေရေး နည်းပညာက ဒီမိုကရက်ပါတီ သမ္မတလောင်း ကိုယ်စားလှယ် ဂျိုးဘစ်ဒန်ဆီကို မဲရှင်တွေ ဦးတည်သွားအောင် ထိန်းကျောင်း ပေးနေသလားလို့ မေးခွန်းထုတ်ပါတယ်။ ဒါပေမဲ့ အမတ် မာရီစကန်လွန်ကတော့ ဂျော်ဒန်ရဲ့ မေးခွန်းဟာ လျှို့ဝှက်ပူးပေါင်း ကြံ စည်မှုနဲ့ ပတ်သက်ပုံပေါက်နေလို့ ညီလာခံရဲ့ ဦးတည်ချက်ဖြစ်တဲ့ ယုံကြည်မှုချိုးဖောက်ခြင်း ဆိုင်ရာ ဥပဒေဆီ အာရုံစိုက်ဖို့ ပြန်ပြီး လမ်းညွှန်ချင်တယ် လို့ ပြောပါတယ်။ စုစုပေါင်းဈေးကွက် တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ထရီလီယံရှိတဲ့ နည်းပညာလုပ်ငန်းကြီး လေးခုရဲ့ခေါင်းဆောင်တွေကတော့ သူတို့လုပ်ငန်းတွေဟာ အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆင်ဆာ ဖြတ်နေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီကြီးတွေ အတော်များများနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အောက်လွှတ်တော်က အရင်နှစ်တွေကတည်းက လုပ်ခဲ့ သင့်သလို တရားမျှတမှုကို မဆောင်ကြဉ်းနိုင်ခဲ့ရင် ကျနော်ကိုယ်တိုင် အထူးအမိန့်နဲ့ တရား မျှတမှု ရအောင် လုပ်မယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ နည်းပညာကုမ္ပဏီကြီး လေးခုအပေါ် စွဲဆိုထားတဲ့ ယုံကြည်မှု ချိုးဖောက်ခြင်းဆိုင်ရာ စွဲ ချက်တွေပါတဲ့ အသေးစိတ်အစီရင်ခံစာနဲ့ သူတို့ကို ဘယ်လိုထိန်းကျောင်းမလဲဆိုတဲ့ ထောက်ခံ ချက်တွေကို ကော်မတီက နွေရာသီနှောင်းပိုင်း ဒါမှမဟုတ် ဆောင်းဦးရာသီ အစပိုင်းမှာ ထုတ်ပြန်မှာပါ။ ကုမ္ပဏီတွေဆီက စာရွက်စာတမ်း ၁ ဒသမ ၃ သန်းကို သီးခြားစီ စုဆောင်း ထားပြီးပြီလို့ ကော်မတီရဲ့အကြီးတန်းလက်ထောက် တယောက်ကပြောခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ 
1 year Ago

နည်းပညာကုမ္ပဏီကြီး ၄ ခု၏ စီအီးအိုများ အမေရိကန်လွှတ်တော်၌ စစ်ဆေးမှုခံယူရမည်

အမေဇုံ နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဖှ်ဘေဇို့စ်၊ ဖေ့စ်ဘွတ်ခ် အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်၊ ဂူဂယ်ရဲ့ အယ်လ်ဖှာဘတ်လုပ်ငန်း အကြီးအကဲ ဆန်ဒါပီချိုင်နဲ့ အက်ပဲလ် နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ ခေါင်းဆောင် တင်မ်ကွတ်ခ်တို့ဟာ အမေရိကန်လွှတ်တော်၊ ယုံကြည်မှုချိုးဖောက်ခြင်းအတွက် ဇူလိုင်လ ၂၉ ရက်နေ့မှာ တရားစီရင်မှုနဲ့ဆိုင်တဲ့ ဆပ်ကော်မတီရှေ့မှာ  လာရောက် စစ်ဆေးခံရမှာပါ။ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို သြဇာလွှမ်းနေမှုနဲ့ ယုံကြည်မှု ချိုးဖောက်ခြင်းအတွက် တည်ဆဲဥပဒေတွေနဲ့ ကျင့်သုံးမှုတွေက လုံလောက်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးဖို့ အားထုတ်မှု အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ သူတို့လေးယောက်ဟာ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းကစပြီး လွှတ်တော်အစည်းအဝေး ရှေ့မှောက်မှာ နည်းပညာသုံး စစ်ဆေးခံယူမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
1 year Ago

မဲပေးမှုဆိုင်ရာ ကြော်ငြာများနှင့် စာများကို တံဆိပ်တပ်သွားမည်ဟု ဖေ့စ်ဘွတ်ခ် ကြေညာ

လူမှုကွန်ရက်မီဒီယာရဲ့ မူဝါဒတွေကို ချိုးဖောက်ထားတဲ့၊ သတင်းဖြစ်လောက်တဲ့ စာသားတွေ၊ နိုင်ငံရေးသမားတွေဆီက အပါအဝင် ဖေ့စ်ဘွတ်ခ်သုံးသူတွေ တင်လာတဲ့ မဲပေးမှုဆိုင်ရာ ကြော်ငြာတွေနဲ့ စာတွေကို တံဆိပ်တပ်သွားမယ်လို့ ဖေ့စ်ဘွတ်ခ် နိုင်ငံတကာ ကော်ပိုရေးရှင်းက ဇွန် ၂၆ ရက်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အီးမေးလ်သုံးပြီး မဲပေးတာဟာ မဲလိမ်လည်မှုကို ဖြစ်စေတယ်။ လူတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေဆီက ဆင်ဆာမဖြတ်ရသေးတဲ့ ကြေညာချက်တွေကို နားထောင်ဖို့ ထိုက်တန်တယ်” လို့ အရင်လက  လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဖို့ ဖေ့စ်ဘွတ်ခ်ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်က အရင်က ငြင်းခဲ့ပါတယ်။ ဒါကြောင့် Ben & Jerry's နဲ့ Dove တို့လို ကုန်အမှတ်တံဆိပ်တွေကို ထုတ်လုပ်နေတဲ့ ဥရောပကုမ္ပဏီကြီးက ဖေ့စ်ဘွတ်မှာ ကြော်ငြာမထည့်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာခဲ့ပါတယ်။ မကြာခင်မှာလည်း ကိုကာကိုလာက ဖေ့စ်ဘွတ်ခ်ကို သပိတ်မှောက်ရာမှာ ပူးပေါင်းမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ရဲ့ စတော့ရှယ်ယာ တန်ဖိုး ၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့လို့ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ လောက် တန်ဖိုးကျဆင်းခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းမှုနဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ လိင်မှုဆိုင်ရာ တိမ်းညွတ်မှု ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာတွေ၊ လူမျိုးရေး ဘာသာရေးနဲ့ဆိုင်တဲ့ အုပ်စုတွေက လူတွေအကြောင်းပါတဲ့ ကြော်ငြာတွေကို ဖေ့စ်ဘွတ်က တားမြစ်ပိတ်ပင်သွားမယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။ အမုန်းစကားတွေနဲ့ သတင်းမှားတွေကို အရေးယူဖို့ ဖိအားတွေ တိုးလာချိန်မှာ အမြတ်အစွန်းအတွက် အမုန်းစကားတွေကို ရပ်တန့်ကြ “Stop Hate for Profit,” လို့ နာမည်ပေးထားတဲ့ ကြော်ငြာတွေကို သပိတ်မှောက်ရေးလှုပ်ရှားမှု ကြီးထွားလာချိန်မှာ ဖေ့စ်ဘွတ်ခ်က မူဝါဒ ပြောင်းခဲ့ရတာပါ။ ဂျပန် ကားထုတ်လုပ်သူ ဟွန်ဒါ၊ ယူနီလီဗာ လုပ်ငန်းစု၊ ဗာရီဇုံ ဆက်သွယ်ရေး နိုင်ငံတကာ ကော်ပိုရေးရှင်းတို့ အပါအဝင် ကြော်ငြာရှင် ၉၀ ကျော်လည်း လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ Sleeping Giants တက်ကြွလှုပ်ရှားသူအုပ်စုက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။  အမေရိကန် ရွေးကောက်ပွဲကာလမှာ အမုန်းစကားတွေနဲ့ သွေးခွဲစကားတွေကို လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခွင့်ပြုထားတဲ့အတွက် ၂၀၂၀ တနှစ်လုံးမှာ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်နဲ့ တွစ်တာ လူမှုကွန်ရက်တွေပေါ်မှာ ကြော်ငြာတာကို ရပ်ထားမယ်လို့ ယူနီလီဗာ အများပိုင် ကော်ပိုရေးရှင်းက ပြောအပြီး သောကြာနေ့မှာ Facebook ရဲ့ အစုရှယ်ယာက ၈ ရာခိုင်နှုန်းကျော် ကျဆင်းပြီး Twitter ရဲ့ ရှယ်ယာက ၇ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
1 year Ago

သတင်းတု၊ သတင်းမှားများ ပျံ့နှံ့နေမှု ကိုင်တွယ်ဖြေရှင်းနေဟု ဖေ့စ်ဘွတ်ခ် စီအီးအိုပြော

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သတင်းတု၊ သတင်းမှားတွေ ပျံ့နှံ့နေတာကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ စီအီးအို မက်ဇူကာဘတ်က မေလ  ၂၁ ရက်မှာ ပြောလိုက်ပါတယ်။ ဖေ့ဘွတ်ခ်အနေနဲ့ သတင်းမှားတွေအပေါ် လုံလောက်အောင် တန်ပြန်ဆောင်ရွက်တာ မရှိဘူးလို့  ဝေဖန်ခံရချိန်မှာပဲ   ကုမ္ပဏီဟာ သတင်းမှားပို့စ်တွေကို  ဖြုတ်ချတာတွေ၊ သတိပေးချက် ထုတ်ပြန်တာတွေ လုပ်နေတယ်လို့ ဇူကာဘတ်က ပြောပါတယ်။   ဖေ့စ်ဘွတ်ခ်အနေနဲ့ သီးခြား အချက်အလက် စစ်ဆေးသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး ရုပ်ပိုင်း ထိခိုက်ဖွယ်ရှိတဲ့  အကြောင်းအရာ  ထောင်ချီကို ဖြုတ်ချခဲ့ပြီး သတိပေးချက်ပေါင်း သန်း ၅၀ ထုတ်ပြန်ခဲ့တယ်လို့ ဇူကာဘတ်က ဆိုပါတယ်။ မကြာသေးခင်က ဖေ့စ်ဘွတ်ခ်ဟာ အန္တရာယ်ရှိ သတင်းမှားများဆိုင်ရာ မူဝါဒချိုးဖောက်မှုနဲ့  ဗြိတိန်နိုင်ငံသား  ဒေးဗစ်လက်ခ်ရဲ့ တရားဝင်ပေ့ချ်ကို ဖယ်ရှားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
2 years Ago

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဒေါ်လာသန်း ၂၀ လှူမည်ဟု ဖေ့စ်ဘွတ်ခ်စီအီးအို ပြော

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်း ၂၀ အထိ လှူဒါန်းသွားမယ်လို့ ဖေ့စ်ဘွတ်ခ် တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ် မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  ဇူကာဘတ်က သူ့ Facebook စာမျက်နှာမှာ ဒေါ်လာ ၁၀ သန်းကို COVID-19 Solidarity Response Fund ကို လှူဒါန်းထားပြီး အဲဒီပရောဂျတ်က ကုလသမဂ္ဂ၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့နဲ့ ပူးတွဲလုပ်ဆောင်နေတာပါ။  ဇူကာဘတ်ဟာ CDC Foundation ကိုလည်း ဒေါ်လာ ၁၀ သန်း လှူထားပါသေးတယ်။  သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီရန်ပုံငွေတွေက ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တုံ့ပြန်တားဆီးဖို့ လုပ်နေတာတွေအတွက် အထောက်အကူဖြစ်အောင် လှူတာလို့လည်း ရှင်းပြထားပါတယ်။  ဒါ့အပြင်  ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို   အခမဲ့ကြော်ငြာတွေ လိုသလောက်ပေးသွားမယ်လို့ စီအီးအို မက်ဇူကာဘတ်က မတ်လ ၃ ရက်မှာ ကြေညာခဲ့ပါသေးတယ်။   ဖြစ်ပေါ်နေတဲ့အခြေအနေအရ ဖေ့စ်ဘွတ်ခ်ဟာ WHO, CDC နဲ့  UNICEF တို့လို ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အတူလုပ်ဆောင်နေပြီး  ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီ တိကျတဲ့သတင်းတွေကို အဲဒီအဖွဲ့အစည်းတွေ  ထုတ်ပြန်နိုင်စေဖို့ ကူညီပေးသွားမယ်လို့ ဇူကာဘတ်က ပြောခဲ့ပါတယ်။  ဖေ့စ်ဘွတ်ခ်အနေနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း အကူအညီတွေနဲ့ ကြော်ငြာသန်းချီ ပေးအပ်ပြီး လိုအပ်ရင် ထပ်တိုးအကူအညီပေးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး ကျွမ်းကျင်သူ တွေနဲ့ အနီးကပ် အတူအလုပ်လုပ်သွားမယ်လို့လည်း ဇူကာဘတ်က  ပို့စ်တင်ခဲ့ဖူးပါတယ်။
2 years Ago

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဖေ့စ်ဘွတ်ခ်က WHO ကို အခမဲ့ကြော်ငြာများ ပေးမည်

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့အတွက် ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို အခမဲ့ကြော်ငြာတွေ လိုသလောက်ပေးသွားမယ်လို့  စီအီးအို မက်ဇူကာဘတ်က မတ် ၃ ရက်နေ့မှာ ပြောပါတယ်။  ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဖေ့စ်ဘွတ်ခ်ဟာ WHO ၊  CDC နဲ့ UNICEF တို့လို ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့အတူ လုပ်ဆောင်နေပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အချိန်နဲ့  တပြေးညီ တိကျတဲ့သတင်းတွေကို အဲဒီအဖွဲ့အစည်းတွေ ထုတ်ပြန်နိုင်စေဖို့ ကူညီပေးသွားမယ်လို့ ဇူကာဘတ်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်အနေနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း အကူအညီတွေနဲ့ ကြော်ငြာသန်းချီ ပေးအပ်ပြီး လိုအပ်ရင် ထပ်တိုးအကူအညီပေးနိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ အနီးကပ် အတူအလုပ်လုပ်သွားမယ်လို့လည်း ဇူကာဘတ်က ပို့စ်တင်ခဲ့ပါတယ်။  ဒါ့အပြင် ချန်ဇူကာဘတ် သုတေသနစင်တာကလည်း လူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးမျိုးပြ ဇယားကားချပ်ကို ဖန်တီးဖို့ လုပ်နေတယ်လို့လည်း ဇူကာဘတ်က ဆိုပါတယ်။  အဲဒီလုပ်ငန်းတစိတ်တဒေသအဖြစ် လူ့ခန္ဓာကိုယ်အဆုတ်အတွင်းရှိ ဆဲလ်အားလုံးကို  အသေးစိတ် ပုံဖော်တဲ့ ပရောဂျက်ကို စင်တာက လုပ်ခဲ့ပါတယ်။ သုတေသီတွေဟာ အဲဒီပရောဂျက်ကိုသုံးပြီး အဆုတ်ပျက်စီးတာကို  တားဆီးမယ့်၊ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေကို ကာကွယ်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း ဇူကာဘတ်က  သူ့ရဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ဖော်ပြပါတယ်။
2 years Ago
Up