Search Results For: ကိုရိုနာဗိုင်းရပ်စ်

နိုင်ငံနှင့်ဒေသ ၃၀ တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမိခရွန်ကူးစက်မှုများ ရှိနေ

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ပြီးခဲ့တဲ့သီတင်းပတ်က စတင်ထုတ်ပြန်လိုက်ကတည်းက နိုဝင်ဘာ ၂ ရက်အထိ နိုင်ငံနဲ့ဒေသ အနည်းဆုံး ၃၀ မှာ အိုမီခရွန် ကူးစက်ခံရမှုတွေ ရှိကြောင်း ရောဂါပိုးတွေ့ရှိတဲ့နေရာတွေက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ 

အိန္ဒိယနိုင်ငံမှာ အိုမီခရွန် (Omicron) ပိုးကူးစက်ခံထားရသူနှစ်ဦးကို ပထမဆုံး တွေ့ရှိရကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်နေ့ ပြောကြားခဲ့ပါတယ်။ 

ကူးစက်ခံ အမျိုးသားနှစ်ဦးမှာ ပြင်းထန်တဲ့လက္ခဏာတွေ မတွေ့ရှိကြောင်းနဲ့ ကျန်းမာရေး အာဏာပိုင်တွေဟာ သူတို့တွေရဲ့အဆက်အသွယ်အားလုံးကို ခြေရာခံခဲ့ပြီး အနီးကပ်စောင့်ကြည့်နေ ပါတယ်။ 

တရက်တည်းမှာပဲ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနဟာ တောင်အာဖရိကမှ ရောက်ရှိလာတဲ့ ခရီးသည်နှစ်ဦးမှာ အိုမီခရွန် မျိုးကွဲ ကူးစက်ခံထားရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူတဦး တို့ဖြစ်တဲ့ အဲ့ဒီခရီးသည် ၂ ယောက်ကို ကာကွယ်ဆေး အပြည့်အစုံထိုးနှံထားပြီး ချောင်းဆိုးခြင်းနဲ့လည်ချောင်းနာခြင်းအပါအဝင် အပျော့စား လက္ခဏာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။ 

ဘရာဇီးလ်မှာလည်း ခုအချိန်အထိ အိုမီခရွန် ကူးစက်ခံထားရသူ ၅ ယောက်ရှိပြီး ပထမဆုံး အတည်ပြုလူနာ သုံးဦးစလုံးဟာ Sao Paulo ပြည်နယ်ကဖြစ်ပြီး သူတို့အားလုံး အာဖရိကကို သွားရောက်ခဲ့ကြတာပါ။ 

မြို့တော် Brasilia မှာတော့ ကူးစက်ခံရသူ ၂ ယောက်တွေ့ရှိထားတယ်လို့ ဖက်ဒရယ်ခရိုင်အုပ်ချုပ်ရေးမှူး Ibaneis Rocha က ပြောပါတယ်။

ဆွီဒင်မှာလည်း ကူးစက်ခံ အတည်ပြုလူနာ ခြောက်ဦးရှိပြီး သူတို့အားလုံးမှာ အပျော့စား လက္ခဏာ တွေ ရှိကြပါတယ်။ 

စပိန်ရှိ မက်ဒရစ်အသိုက်အဝန်းမှာလည်း အိုမီခရွန် မျိုးကွဲ ပထမဆုံးကူးစက်ခံရကြောင်း ကျန်းမာရေးအာဏာပိုင်တွေကို ကိုးကားပြီး ဒေသမီဒီယာတွေက နိုဝင်ဘာ ၂ ရက် ဖော်ပြကြပါတယ်။ 

၃ ယောက်မြောက် လူနာဟာ AstraZeneca ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသား အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးဖြစ်ပါတယ်။ 

ဒိန်းမတ်နိုင်ငံမှာတော့ ကူးစက်ခံ အတည်ပြုလူနာ ၁၄ ယောက်ရှိတယ်လို့ ဒန်းနစ်ရှ် အသံလွှင့်ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂရိနိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ Crete မှာလည်း ပထမဆုံး Omicron အတည်ပြုလူနာဟာ ပြီးခဲ့တဲ့လက တောင်အာဖရိကမှ ပြန်လာသူဖြစ်ပါတယ်။ 

ပြင်သစ်နိုင်ငံမှာလည်း ပထမဆုံး ရောဂါပိုးကူးစက်ခံရသူကို အတည်ပြုကြေညာခဲ့ပါတယ်။

အဲ့ဒီလူနာဟာ နိုဝင်ဘာ ၂၅ ရက်က နိုင်ဂျီးရီးယားကနေ ပြင်သစ်ကိုပြန်လာခဲ့ပြီး လေဆိပ်မှာ စစ်ဆေးရာမှာ ပေါ့စတစ် တွေ့ရှိပေမယ့် ရောဂါလက္ခဏာ မပြပါဘူး။ 

အိုက်စလန်က ပထမဆုံးအတည်ပြုလူနာကတော့ နိုင်ငံရပ်ခြားခရီးသွားလာမှု ရာဇဝင်မရှိကြောင်းနဲ့ ကိုဗစ်ကာကွယ်ဆေး ဘုစ်တာတောင် ထိုးထားပြီးသူဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ 

အာဖရိကမှာတော့ အိုမီခရွန် ကူးစက်ခံရမှုတွေရှိကြောင်း ဇင်ဘာဘွေ ဒုသမ္မတနဲ့ ကျန်းမာရေး ၀န်ကြီးက အတည်ပြုခဲ့ပြီး အရေအတွက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ 

8 hours Ago

"Omicron" ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် စိုးရိမ်ရဟု WHO ကြေညာ

တောင်အာဖရိကမှာ လတ်တလော အသစ်တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို “Omicron”  လို့  အမည်ပေးလိုက်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပါတယ်။

ဂရိနာမည် “Omicron” (အိုမီခရွန်း)လို့ အမည်ပေးထားတဲ့  ဒီမျိုးကွဲသစ်ဟာ    ကနဦးတွေ့ရှိချက်အရ  ရောဂါကူးစက်မှုပျံ့နှံ့မှု စိုးရိမ်ရတဲ့ မျိုးစိတ်ဖြစ်တယ်လို့ လည်း WHO က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို  WHO က ဂရိနာမည်ပေးတာ အခု Omicron မျိုးကွဲသစ်ဟာ ၅ ခုမြောက်ဖြစ်ပါတယ်။ 

အစက B.1.1.529 အဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ  တောင်အာဖရိကနိုင်ငံမှာ နိုဝင်ဘာ ၂၄ ရက်က ပထမဆုံးတွေ့ရှိပြီး ဒီနောက် ဘော့ဆွာနား၊ ဘယ်လ်ဂျီယံ ၊ ဟောင်ကောင်နဲ့ အစ္စရေး နိုင်ငံတွေ မှာလည်း တွေ့ရှိခဲ့ပါတယ်၊ 

“Omicron”မျိုးကွဲသစ်က အရင်ဗီဇပြောင်းမျိုးကွဲတွေနဲ့မတူဘဲ   ဒယ်လ်တာမျိုးကွဲထက် နှစ်ဆပြင်းထန်ပြီး ပျံ့နှံမှုနှုန်းလည်းမြန်ဆန်နိုင်တယ်လို့ သတင်းတွေထွက်နေတာကြောင့် လက်ရှိ ထုတ်လုပ်သုံးစွဲနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မထိရောက်တော့မှာကို ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။ 

လတ်တလော အာဖရိက တောင်ပိုင်းနိုင်ငံတွေမှာ ရောဂါကူးစက်မှု တဖြည်းဖြည်းတိုးလာနေလို့ ဆွစ်ဇာလန်နဲ့ အီးယူတချို့နိုင်ငံတွေက တောင်အာဖရိက လာမယ့်သူတွေကို ခရီးသွားကန့်သတ်ချက်တားမြစ်ချက်တွေ စတင် ပြုလုပ်နေကြပါတယ်။ 

ဘယ်လ်ဂျီယမ်ဟာ တောင်အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ်ရဲ့ ပထမဆုံးလူနာကို တွေ့ရှိခဲ့ကြောင်း ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ အတည်ပြုပြောကြားထားတာပါ။

နိုဝင်ဘာ ၁၁ ရက်က အီဂျစ်နိုင်ငံကနေ ဘယ်လ်ဂျီယံကို ပြန်လာတဲ့ ခရီးသွားတစ်ဦးဆီမှာ အဲ့ဒီမျိုးကွဲတစ်မျိုးကို တွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်မှာတော့ ပထမဆုံး ရောဂါလက္ခဏာများ တွေ့ရှိခဲ့ကြောင်း ဗိုင်းရပ်စ်ဗေဒ ပညာရှင်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ့ရှိတဲ့ဒေသတွေဆီ လေကြောင်းခရီးသွားလာမှု အချိတ်အဆက်တွေကို ဆိုင်းငံ့ထားဖို့ ဥရောပသမဂ္ဂရဲ့ အမှုဆောင်အရာရှိချုပ်က  တောင်းဆိုထားပါတယ်။

ဥရောပမှာရှိကြသူအားလုံး လျင်လျင်မြန်မြန် ပြတ်ပြတ်သားသားနဲ့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်းနဲ့ ဥရောပ နိုင်ငံသားတွေ ကာကွယ်ဆေးထိုးကြဖို့နဲ့ ကိုယ်ခံအားမြှင့်တဲ့ ဆေးတွေနဲ့အတူ အကာအကွယ်ယူကြဖို့လည်း တိုက်တွန်းထားပါတယ်။

7 days Ago

ကိုရိုနာဗိုင်းရပ်စ် မူလဇာစ်မြစ် စုံစမ်းမည့် WHO အစီအစဉ်ကို တရုတ် ပယ်ချ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို ဒုတိယ အကြိမ် စုံစမ်းဖော်ထုတ်မယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အစီအစဉ်ကို တရုတ်အစိုးရက ဒီကနေ့ ဇူလိုင် ၂၂ ရက်မှာ ပယ်ချပါတယ်။

WHO အဖွဲ့က စုံစမ်းမယ့် ကိစ္စတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းတခုကနေ ထွက်လာသလားဆိုတဲ့ အယူအဆလည်း ပါဝင်ပါတယ်။

ဒုတိယအကြိမ် စုံစမ်းစစ်ဆေးမယ့် အစီအစဉ်နဲ့ပတ်သက်လို့ WHO က ဒီလထဲမှာ အဆိုပြုရာမှာ ဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်ကို တရုတ်နိုင်ငံမှာ ခြေရာခံတဲ့အခါမှာ ဝူဟန်မြို့မှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေနဲ့ ဈေးတွေပါဝင်မှာ ဖြစ်ပြီး တရုတ် အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာဖို့ တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး ကော်မရှင် ဒုဝန်ကြီး  ကျန်းယင်းဇင်က WHO ရဲ့အစီအစဉ်တွေကို အရင်ဆုံး ဖတ်ကြည့်လိုက်တဲ့အခါမှာ အံ့သြမိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ဘာကြောင့်လဲဆိုရင် တရုတ်ဓာတ်ခွဲခန်းတခုက စည်းကမ်းနဲ့ မညီတဲ့အတွက် သုတေသနလုပ်ငန်းကနေ ဗိုင်းရပ်စ် ဖြစ်ပေါ်လာတယ်ဆိုတဲ့ အယူအဆကိုလည်း စာရင်းထဲမှာ ထည့်သွင်းထားတာကြောင့်လို့ ဆိုပါတယ်။ 

ကိုဗစ်-၁၉ ရောဂါ အစောဆုံး ကူးစက်မှုတွေဟာ ၂၀၁၉ ဒီဇင်ဘာလလောက်က  တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရဲ့ သားငါး ဈေးကနေ တိရိစ္ဆာန်ကနေတဆင့် လူဆီကို ကူးစက်တာလို့ ပညာရှင်တွေက ယူဆနေကြပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်အရာရှိတွေက ဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို ခြေရာခံတဲ့အခါ တရုတ်နိုင်ငံသာမက တခြား နိုင်ငံတွေအထိ ခြေဆန့်ဖို့ တရုတ်ဘက်က တိုက်တွန်းသွားပါတယ်။

4 months Ago

ကိုရိုနာဗိုင်းရပ်စ် မူရင်းအစ ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာခြင်းမဖြစ်နိုင်ဟု တရုတ်ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးရဲ့ မူရင်းအစဟာ ဓာတ်ခွဲခန်းကနေ ယိုစိမ့်ထွက်လာတာဆိုတဲ့ အယူအဆ သဘောတရားဟာ အလွန်အမင်းကို မဖြစ်နိုင်တဲ့ အရာပဲလို့ တရုတ်အစိုးရက ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

တရုတ်နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO တို့ ပူးပေါင်းလေ့လာချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ထောက်ပြရင်း နေ့စဉ်ကျင်းပနေကျ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောလိုက်တာပါ။

ကနဦး ကူးစက်မှုတွေကို ရှာဖို့ နောက်ထပ် သုတေသနတွေ လုပ်ဖို့ လိုတယ်လို့ ပူးပေါင်းလေ့လာချက်က ဆိုထားပါတယ်။

ကူးစက်တဲ့ နည်းလမ်းအနေနဲ့ အေးခဲ စားစရာ အထုပ်အပိုးတွေကို ပိုပြီး သုတေသန လုပ်သင့်တယ်လို့လည်း ကျောက်က အကြံပြုပါတယ်။

ကိုဗစ်-၁၉  ကပ်ရောဂါ ကူးစက်မှု ကနဦးအစဟာ တရုတ်နဲ့ အမေရိကန်ကြားက နိုင်ငံရေး တင်းမာမှု ရင်းမြစ်လည်းဖြစ်လာနေတာပါ။ လတ်တလောမှာ အာရုံစိုက်တာ များနေတာကတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ပထမဆုံး ဖော်ထုတ်နိုင်တဲ့ ကူးစက်မှု စတင်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ရှိတဲ့ ဝူဟန် ဗိုင်းရပ်စ် ရောဂါဗေဒဌာန WIV ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ WIV မှာ လေ့လာခဲ့တဲ့ ဗိုင်းရပ်စ်တွေနဲ့ ကနဦး ကူးစက်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ဖွင့်ချပြချိန်မှာ ပွင့်လင်းမြင်သာမှု ကင်းမဲ့တယ်လို့ ဝေဖန်တာ ခံနေရပါတယ်။

မတ်လမှာ ဖြန့်ချိတဲ့ WHO နဲ့ တရုတ် ပူးတွဲ လေ့လာချက်မှာတော့ ကိုဗစ်-၁၉  ကပ်ရောဂါဟာ တရုတ်ရဲ့ သားရိုင်းတိရစ္ဆာန် ကုန်ကူးမှုကနေ အစပြုခဲ့တာ ဖြစ်နိုင်ချေ အများဆုံး ရှိပြီး ဗိုင်းရပ်စ်ဟာ လင်းနို့ကတဆင့် တခြား ကြားခံ မျိုးစိတ်တွေ၊ အဲဒီက တဆင့် လူကို ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ ကိုဗစ်-၁၉ဟာ  တရုတ်နိုင်ငံထဲကို နိုင်ငံခြားက ဝင်လာတဲ့ ညစ်ညမ်းအေးခဲ စားစရာတွေကနေတဆင့် ရောက်လာတာဆိုတဲ့ အယူအဆကို လူလက်ခံမှု များအောင် လုပ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေက နိုင်ငံရေး သမားတွေကတော့ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းကနေ ယိုစိမ့်လာတဲ့ ဖြစ်နိုင်ချေအတွက် ပိုပြီး စုံစမ်းစစ်ဆေးဖို့ ဆော်သြ နေကြပါတယ်။

5 months Ago

ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ တောင်အာဖရိက ကစတင်ဟု သိပ္ပံပညာရှင် ပြော

အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့တဲ့ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ ဟာ တောင်အာဖရိကနိုင်ငံက ကူးစက်မှုအသစ်တွေရဲ့ စတင်ခဲ့ပုံရတယ်လို့ ဒေသခံသိပ္ပံပညာရှင်တွေက ဇွန် ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

 အာဖရိကတိုက်မှာ တောင်အာဖရိကနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုရော၊ ကူးစက်ခံ သေဆုံးမှုပါ အဆိုးဆုံးခံရတဲ့ နိုင်ငံ ပါ။ 

တတိုက်လုံးရဲ့ ကူးစက်ခံအတည်ပြု လူနာ သုံးပုံတပုံ ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၄၀ ရာခိုင်နှုန်း ရှိထားပါတယ်။

 ဇွန် ၂၅ တနေ့တည်းမှာ အသစ်ကူးစက်ခံ ၁၈၀၀၀ ကျော်နဲ့ ကူးစက်ခံသေဆုံးသူ ၂၁၅ ယောက် ရှိပြီး တောင်အာဖရိကနိုင်ငံဟာ ခုတော့ ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းကို ရင်ဆိုင်နေရတယ်လို့ ယာယီကျန်းမာရေးဝန်ကြီးက အွန်လိုင်းကနေ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

 လူဦးရေ သန်း ၆၀ ရှိတဲ့ တောင်အာဖရိကနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးသူ ၂ ဒသမ ၇ သန်းသာ ရှိသေးလို့ ကာကွယ်ဆေးထိုးနှံမှု နှေးကွေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

5 months Ago

အစုလိုက်ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်သန္ဓေပြောင်းမှု ကူညီနိုင်ဟု ပညာရှင်ပြော

အစုလိုက် ကာကွယ်ဆေးထိုးတာက ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းတာကို ကူညီ တားဆီးလိမ့်မယ်လို့  အမေရိကန် ကူးစက်ရောဂါပညာရှင် ဒေါက်တာဖော်ချီက  ဖေဖော်ဝါရီ ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်တဝန်း ကာကွယ်ဆေးထိုးရာမှာ ဆေးပြတ်လပ်တာတွေ ရှိနေဆဲဖြစ်ပေမယ့် ကာကွယ်ဆေးအရေးကြီးပုံကို ကျန်းမာရေးတာဝန်ရှိသူတွေက အလေးထားပြောဆိုနေပါတယ်။ 

အိမ်ဖြူတော် ကိုဗစ်-၁၉ တုံ့ပြန်ရေး အွန်လိုင်းသတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာဖော်ချီက "ကာကွယ်ဆေးကို ရတာနဲ့ အမြန်ထိုးဖို့ လိုအပ်ပါတယ်။ အကြောင်းက ဗိုင်းရပ်စ်တွေ မပြန့်ပွားရင် သန္ဓေမပြောင်းနိုင်ဘူး။ ကာကွယ်ဆေးထိုးပြီး ဗိုင်းရပ်စ်ပျံ့တာကို တားဆီးမယ်ဆိုရင် သန္ဓေပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရမှာ မဟုတ်ဘူး" လို့  ရှင်းပြခဲ့ပါတယ်။ 

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်နဲ့ အထက် ထိုးနှံထားသူ  ၂၆ သန်းကျော် ရှိနေပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားသူ ၆ သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

10 months Ago

ဗြိတိန်နှင့် တောင်အာဖရိက မျိုးကွဲကိုရိုနာဗိုင်းရပ်စ်များကို ကာကွယ်နိုင်ဟု မိုဒါနာကုမ္ပဏီ ပြော

အမေရိကန်နိုင်ငံအခြေစိုက် မိုဒါနာ ကာကွယ်ဆေး ထုတ်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးဟာ ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲတွေကနေပါ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်တယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

မိုဒါနာက “ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇမျိုးကွဲကို စမ်းသပ်ရာမှာတော့ ရောဂါပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်းရဲ့ တုံ့ပြန်မှုတွေ လျော့ကျမသွားတာ တွေ့ရတယ်။ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲသစ်ကို စမ်းသပ်ရာမှာ ပဋိပစ္စည်းတုံ့ပြန်မှု လျော့ကျလာတာကို တွေ့ခဲ့ပေမယ့် ထိုးဆေး ၂ ကြိမ် ထိုးပြီးရင်တော့ ကာကွယ်နိုင်မယ်လို့ ယုံကြည်နေဆဲပဲ။ တောင်အာဖရိက ဗီဇမျိုးကွဲကို ပစ်မှတ်ထားပြီး ကာကွယ်ဆေးအသစ်ကို စမ်းသပ်မယ်” လို့  သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲအသစ်တွေ ပေါ်လာလို့ ဒီမျိုးကွဲသစ်တွေဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လျော့နည်းစေမှာကို စိုးရိမ်နေကြတာပါ။

ဘေးလာကောလိပ် အပူပိုင်းဒေသ ဆေးပညာအမျိုးသားဌာနရဲ့ ဌာနမှူး ဒေါက်တာ ပီတာဟိုတက်ဇ်က “ဗိုင်းရပ်စ်ကို သတ်တဲ့နေရာမှာ ကာကွယ်ဆေးရဲ့ စွမ်းအင် ခြောက်ပုံတပုံ လျော့ကျသွားတယ်လို့ ကျနော် ကြားထားတယ်။ ဒါပေမဲ့ ပဋိပစ္စည်းရဲ့ စွမ်းအင်အဆင့်က မြင့်နေဆဲမို့ ဒီလို လျော့ကျပေမယ့် ကာကွယ်ရေးနည်းနည်းကျဆင်းနိုင်ပေမယ့် အနှောင့်အယှက် မဖြစ်နိုင်ဘူး။ ကာကွယ်ဆေးက ထိထိရောက်ရောက် ကာကွယ်နိုင်တုန်းပဲ” လို့  ပြောပါတယ်။

ကာကွယ်နိုင်စွမ်းလျော့ကျတဲ့ သက်သေတွေ ပေါ်ထွက်လာခဲ့ရင် အနာဂတ်မှာ ကာကွယ်ဆေး ထိုးဆေးအသစ်ကို ထုတ်နိုင်တယ်လို့လည်း မိုဒါနာက ပြောပါတယ်။

ဖိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီတို့ကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇမျိုးကွဲကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း စမ်းသပ်ချက်တွေက ပြထားပါတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇမျိုးကွဲနဲ့ ပတ်သက်တဲ့ ရလဒ်တွေတော့ မသုံးသပ်ရသေးဘူးလို့ ပြောပါတယ်။

မိုဒါနာဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇမျိုးကွဲတွေအပေါ် သူတို့ စမ်းသပ်ချက်က ရတဲ့ သတင်းအချက်အလက်တွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာ ဘိုင်အိုအာခိုက်ဗ်ပေါ်မှာ ဖြန့်ချိထားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

10 months Ago

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် မြန်မာနိုင်ငံတွင် မတွေ့ရသေး

ပိုပြီး မြန်မြန်ကူးစက်နိုင်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေကို အခုအချိန်အထိ မြန်မာနိုင်ငံမှာ မတွေ့ရသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲ နိုင်တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တာကိုလည်း သတိပြုရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် များရင် ဗိုင်းရပ်စ်ဟာ ဗီဇပြောင်းဖို့ အခွင့်အလမ်း ပိုများပြီး ကူးစက်သူအရေအတွက်နည်းရင်တော့ ဗီဇပြောင်းဖို့ အခွင့်အလမ်းနည်းသွားမှာဖြစ်လို့ ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျလိုက်နာကြဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့မှာ စတင်တွေ့ရှိပြီး အခုတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်နေပြီဖြစ်တဲ့ VOC-202012/01 (lineage B.1.1.7)၊ 501.V2 နဲ့ P618H တို့ဟာ ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိ ဂျော်ဒန်နိုင်ငံမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်မျိုးကိုတော့ တွေ့ထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

10 months Ago

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အသေအပျောက်များနိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး

ဗြိတိန်မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဟာ အသေအပျောက်များနိုင်တယ်ဆိုပြီး  ကနဦး အထောက်အထားတွေက ဖော်ပြတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။   ဒါပေမဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့ မရေရာမှုတွေ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပြီး ကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်မျိုးကွဲအပေါ် ကာကွယ်နိုင်စွမ်းရှိမယ် မျှော်လင့်ရပါတယ်။   ဒီကိန်းဂဏန်းဟာ ဗိုင်းရပ်စ်အဟောင်း ဒါမှမဟုတ် ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူတွေရဲ့  သေဆုံးနှုန်းတွေကို သင်္ချာပညာရှင်တွေ နှိုင်းယှဉ်ရာကနေ ထွက်ပေါ်လာတာပါ။  ပိုမိုကူးစက်တဲ့ ဗိုင်းရပ်စ်သစ်ဟာ ဗြိတိန်တလွှားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပြီ ဖြစ်ပါတယ်။  ဇန်နဝါရီ ၂၂ ရက်က ဒေါင်းနင်းလမ်းနေအိမ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဂျွန်ဆင်က "ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ပိုမိုကူးစက်လွယ်တာအပြင် အခုဆိုရင် သေဆုံးနှုန်း မြင့်မားတာနဲ့ ဆက်နွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားရှိနေတယ်" လို့ ပြောဆို ပါတယ်။  အဲဒီအထောက်အထားကို အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်သစ် ခြိမ်းခြောက်မှုဆိုင်ရာ အကြံပေးအဖွဲ့ (Nervtag) က သိပ္ပံပညာရှင်တွေ ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။  ဒါပေမဲ့ ကံသေကံမ ပြောဆိုဖို့က လိုသေးတယ်လို့လည်း ဘီဘီစီက တင်ပြပါတယ်။
10 months Ago

မီလန်ကစားသမား ကယ်ဟာနိုဂလူနှင့် သီယိုဟာနန်ဒက်ဇ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ကစားသမား ၂ ဦးဖြစ်တဲ့ ဟာကန်ကယ်ဟာနိုဂလူနဲ့ သီယိုဟာနန်ဒက်ဇ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အေစီမီလန်အသင်းက ထုတ်ပြန်ကြေညာပါတယ်။  သူတို့ ၂ ယောက်ဟာ စနေနေ့မှာ လုပ်ခဲ့တဲ့ ဆေးစစ်မှုအတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ တွေ့ခဲ့ရတာဖြစ်ပြီး အသင်းဘက်က ဒါကို သိသိချင်း တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။  ဒါပေမဲ့ သူတို့ ၂ ဦးစလုံးဟာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကျန်အသင်းလူစာရင်းမှာ ရောဂါကင်းရှင်းကြောင်း တွေ့ခဲ့ရတယ်လို့ မီလန်ဘက်က တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပိုးတွေ့ကစားသမား ၂ ဦးဟာ အိမ်မှာပဲ သီးသန့်နေထိုင်နေရတာကြောင့် အသင်းအနေနဲ့ ဇန်နဝါရီလအတွင်း ကန်မယ့် အရေးကြီပွဲစဉ်တချို့မှာ သူတို့ကို လက်လွှတ်ရတော့မှာပါ။  “အဓိက ကစားသမား ၂ ဦးစလုံးကို လက်လွှတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီရာသီမှာ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ ပြဿနာတွေက အချိန်မရွေးရောက်လာနိုင်ပြီး ဒါကို အဆင်သင့်ဖြစ်နေရပါမယ်။ ခက်ခဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ စွမ်းရည်တွေကို ၂ ဆ မြှင့်တင်ထားပါတယ်။ ဒါကို အသားကျနေပြီး အဆင်သင့်လည်း ဖြစ်နေပါတယ်။ ကစားသမားတွေကို လေ့ကျင့်ရေးမှာရော၊ ပွဲအတွင်းမှာပါ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ဒါဟာ မဖြစ်နေ ကျော်လွှားရမယ့်အရေးကြီတဲ့ အကြောင်းကိစ္စတွေပါ။ ဒါဟာ ကျနော်တို့အသင်းအတွက်ချည်းပဲလည်း မဟုတ်ပါဘူး။ ကျနော်တို့မှာ တောင့်တင်း၊ ညီညွတ်တဲ့လူစာရင်း ရှိနေတာကြောင့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ခံယူထားပြီးသားပါ” လို့ မီလန်အသင်း တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နဲ့ပတ်သက်လို့လည်း ပီအိုလီက အခုလိုပြောပါတယ်။  “အီဗရာက ကျနော်တို့အတွက် အရေးပါသူပါ။ သူ့ရဲ့တန်ဖိုးကို အားလုံးက သိပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုကျော်လွှားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေမှာလည်း ရှိနေပါပြီ။ သူ မနက်ဖြန်ပွဲမှာပါဝင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။” ပီအိုလီရဲ့ မီလန်အသင်းဟာ လက်ရှိစီးရီးအေ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ဒီရာသီအတွင်း လိဂ်ပွဲတစ်ပွဲကိုသာ ရှုံးနိမ့်ထားပါသေးတယ်။ မီလန်အသင်းဟာ တနင်္လာနေ့မှာ ကတ်ဂလီယာရီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့မှာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာလည်း မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
11 months Ago

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ကုသမှု ခံယူနေတယ်လို့ မိုရာလက်စ်ရဲ့ ရုံးက ဇန်နဝါရီ ၁၄ ရက်မှာ  ထုတ်ပြန်ပါတယ်။   မိုရာလက်စ်ရဲ့ ရောဂါလက္ခဏာ နဲ့ ပတ်သက်လို့ အသေးစိတ်ထုတ်ပြန်တာ မရှိဘဲ   သူ့အခြေအနေဟာ တည်ရှိမှု ရှိတယ်လို့ပဲ ထုတ်ပြန်ချက်က ဆိုပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်က ကိုချာဘန်ဘာမြို့မှာ သမ္မတဟောင်းမိုရာလက်စ်နဲ့  ကိုကာစိုက်တောင်သူတွေ အဖွဲ့လိုက် အစည်းဝေးလုပ်ခဲ့ပါတယ်။  နှစ်ကုန် အားလပ်ရက် ပိတ်ရက်တွေပြီးနောက် ဘိုလီးဗီးယားနဲ့ အိမ်နီးချင်း ပီရူးက ဆေးရုံတွေရဲ့ အရေးပေါ် ကုသဆောင်တွေဟာ မနိုင်မနင်းနီးပါး ဖြစ်ခဲ့ပါတယ်။  လက်တင်အမေရိကနိုင်ငံ အတော်များများက ကိုဗစ်ကာကွယ်ဆေး အလုံအလောက် ရအောင် ရုန်းကန်နေရတာကြောင့် ဒေသတွင်း ကျန်းမာရေး ပြဿနာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။  ဘိုလီးဗီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း တစ်သိန်း ခုနှစ်သောင်းကျော် နဲ့ သေဆုံးသူ ကိုးထောင့်လေးရာကျော် ရှိတယ်လို့ ရိုက်တာက တင်ပြပါတယ်။
11 months Ago

ဗြိတိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ် ထိုင်းနိုင်ငံတွင် တွေ့ရှိ

ဗြိတိန်နိုင်ငံထဲမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်ကို ထိုင်းနိုင်ငံထဲမှာ တွေ့ထားပြီလို့ ထိုင်းနိုင်ငံ ချူလာလောင်ကောင်တက္ကသိုလ်က ဗိုင်းရပ်စ်ပိုးမွှားဗေဒပညာရှင် ဒေါက်တာယောင်ပူးဗွိုရာဝမ်က ဇန်နဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။  ချူလာလောင်ကောင်တက္ကသိုလ် ဆေးပညာဌာန လက်တွေ့ အသုံးချ ဗိုင်းရပ်စ်ပိုးမွှား ဌာနဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို စစ်ဆေး လေ့လာခဲ့အပြီး B.1.1.7 မူကွဲလို့ သိကြတဲ့ ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ် ဖြစ်နေခဲ့တယ်လို့ ဒေါက်တာယောင်က ဇန်နဝါရီ ၃ ရက်မှာ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ ဒီသတင်းကို တင်ပြခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် ကန့်ဖြို့က လာတဲ့ လူ ၄ ယောက်ပါတဲ့ မိသားစုကနေ ကူးစက်ခဲ့တာပါ။ သူတို့ဆီကနေ ဗိုင်းရပ်စ် မကူးစက်ရအောင် အစိုးရရောဂါခြေချုပ် ဟိုတယ်ကွာရန်တင်းနဲ့ သီးခြားခွဲထားပါတယ်။  ဒီဗိုင်းရပ်စ် မူကွဲဟာ ပိုလွယ်လွယ်ကူးစက်နိုင်ပြီး ဒီမိသားစုထဲမှာ ချက်ချင်း ကူးစက်ခဲ့တယ်။ မိသားစုဝင်အားလုံး ကူးစက်ခံထားရတယ်လို့ ထိုင်းအခြေစိုက် သနေးရှင်းသတင်းဌာနက ဖော်ပြပါတယ်။ ဆေးဘက်ဝန်ဆောင်မှုဌာနကတော့ ပြည်လုံးကျွတ် ကိုဗစ်-၁၉ လူနာတွေကို ကုသပေးဖို့ ဆေးရုံခုတင် ၂၂,၆၉၀ ကျော်ကို အသင့်ပြင်ထားပြီလို့ ဇန်နဝါရီ ၂ ရက်က ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာ ၅၀ ကျော်စီရှိတဲ့ ဘန်ကောက်၊ စမွတ်စာခွန်နဲ့ ကျန်တဲ့ အနီရောင်ဇုန်ထဲက ပြည်နယ်တွေအတွက် ခုတင် ၂၇၇၈ ခု အဆင်သင့် ထားထားတယ်လို့ ဒုညွှန်ချုပ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီထိ အတည်ပြုချက်အရ ကူးစက်ခံ ၇,၆၉၄ ယောက် ရှိပြီး ကူးစက်ခံ ၆၄ ယောက် သေဆုံးထားပါတယ်။
11 months Ago

ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်ကို ကယ်လီဖိုးနီးယား သိပ္ပံပညာရှင်များ စမ်းသပ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က သိပ္ပံပညာရှင်တွေဟာ ဒေသတွင်းမှာ ပြန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်ကို ဗြိတိန်မှာ တွေ့ရှိပျံ့နှံ့နေတဲ့ မူကွဲနဲ့ တူ၊ မတူ ဆိုတာ စမ်းသပ် အကဲဖြတ်နေတယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံတဝန်း ပြည်သူ ၁ သန်းကျော် ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နှုန်းဟာ ကယ်လီဖိုးနီးယားနဲ့ တဲင်းနက်စီပြည်နယ်တွေမှာ တိုးနေတာပါ။ အမေရိကန် နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဗြိတိန်မှာ ကူးစက်နေတဲ့ ပိုကူးလွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ကို အမေရိကန်နိုင်ငံထဲ ရောက်မလာအောင် ကြိုးစားနေကြပါတယ်။ B.1.1.7 လို့ ပညာရှင်တချို့က နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ဟာ ဗြိတိန်မှာ အရင်က ပျံ့နှံ့နေတဲ့ မူကွဲတွေထက် ၇၀ ရာခိုင်နှုန်း ပိုပြီးကူးစက်နိုင်စွမ်း ရှိနေပါတယ်။ လောလောဆယ် အင်္ဂလန်နယ်တောင်ပိုင်းမှာ အဓိကကူးစက်နေတာ မူကွဲသစ်ဖြစ်ပြီး ဆေးရုံတင် လူနာတိုးနှုန်း မြင့်လာနေပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ဟာ စင်ကာပူ၊ ဂျပန်၊ အစ္စရေးနဲ့ သြစတြေးလျနိုင်ငံတို့ဆီကိုပါ ကူးစက်ခဲ့ပြီးတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနကလည်း စနေ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ကူးခံရသူ ၃၄၀,၀၀၀ ရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံ ၁၈ သန်း ၇ သိန်း ကျော်ပြီလို့ ပြောပါတယ်။ အမေရိကန် ပြည်နယ် ၃၁ ခုမှာ ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအသစ် စံချိန်တင် မြင့်တက်ခဲ့ပြီး ဆေးရုံတင် ကုသနှုန်းနဲ့ သေဆုံးနှုန်းလည်း မြင့်တက်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
11 months Ago

ဗြိတိန်ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ် စပိန်နိုင်ငံတွင် တွေ့ရှိ

ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်တောင်ပိုင်းတလွှား အမြန်ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ် ကူးစက်ခံထားရတဲ့ လူနာလေးယောက်ကို စပိန်နိုင်ငံထဲမှာ တွေ့ထားပြီလို့ စပိန်နိုင်ငံ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။ စပိန်မြို့တော် မက်ဒရစ်လေဆိပ်ကနေ ဖြတ်ပြီး ဗြိတိန်ကနေ ပြန်လာတဲ့လူတွေက သယ်လာတဲ့ မူကွဲဖြစ်မယ်လို့ စပိန်အာဏာပိုင်တွေက ယူဆထားတယ်လို့ ဒေသန္တရ ကျန်းမာရေး အရာရှိ အန်တိုနီယို ဇာပါတေရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နောက်ထပ် မူကွဲ ဗိုင်းရပ်စ်ကူးစက်ခံ သံသယရှိသူ ၃ယောက်ကိုလည်း ဖော်ထုတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ စပိန်မှာ ဖိုက်ဇာနဲ့ ဘိုင်အိုအန်တက် ကုမ္ပဏီတွေ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေး ပထမဆုံး အသုတ်ကို စနေနေ့က လက်ခံ ရရှိထားပါတယ်။ တပတ်ကို ကာကွယ်ဆေး ထိုးဆေး ၃ သိန်းခွဲနှုန်း လက်ခံရရှိဖို့နဲ့ မတ်လလယ်မှာ ကာကွယ်ဆေး စုစုပေါင်း ၄.၆ သန်းထိရဖို့ မျှော်လင့်ထားပါတယ်။ စပိန်နိုင်ငံတလွှား ကူးစက်ခံ ၁.၈ သန်းကျော်နဲ့ သေဆုံးသူ ၅ သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။   
11 months Ago

ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ တွေ့ရှိ

မကြာသေးခင်က ဗြိတိန်မှာ တွေ့ရှိတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို ပြင်သစ်မှာ ပထမဆုံးတွေ့ရှိတယ်လို့ ပြင်သစ်အစိုးရက ဒီဇင်ဘာလ ၂၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။  အဲဒီလူနာဟာ ဒီဇင်ဘာ ၁၉ ရက်မှာ လန်ဒန်က ရောက်လာတဲ့ ပြင်သစ်နိုင်ငံသား ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ သူဟာ ရောဂါလက္ခဏာမပြဘဲ လောလောဆယ် နေအိမ်မှာ သီးခြားခွဲနေထိုင်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။ အင်္ဂလန်မှာ ဗိုင်းရပ်စ်မျိုးကွဲသစ် ပေါ်ပေါက်မှုကြောင့် နိုင်ငံအတော်များများက ဗြိတိန်နဲ့ ခရီးသွားလာခွင့် တားမြစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ဟာလည်း ဗြိတိန်နဲ့ နယ်စပ်ကို ပိတ်ခဲ့ပေမယ့် ဒီဇင်ဘာ ၂၃ ရက်ကတော့ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီး ခရီးသွားပိတ်ပင်ချက်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလိုစစ်ဆေးမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ကုန်ကားမောင်းသူတွေဟာ အင်္ဂလိပ် ရေလက်ကြားဖြတ်ဖို့ စောင့်စားရင်း ခရစ္စမတ်နေ့ကို သူတို့ကားထဲမှာ ကုန်ဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
11 months Ago

စမွတ်စာခွန်ခရိုင်တွင် ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ် GH မျိုးကွဲဖြစ်

ဒီဇင်ဘာ ၂၄ ရက်မှာ ဓာတ်ခွဲခန်းက ထုတ်ပြန်တဲ့ရလဒ်အရ စမွတ်စာခွန်ခရိုင်ထဲမှာ ကူးစက်မှုဟာ ကိုရိုနာဗိုင်းရပ်စ် GH မျိုးကွဲကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေတဆင့် ထိုင်းနိုင်ငံ နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းရိုင် မဲဆိုင်ခရိုင်နဲ့ မဲဆောက် ခရိုင်တို့ဆီ ကူးစက်လာတာလို့ ထိုင်းအမျိုးသား သတင်းဗျူရိုက ထုတ်ပြန်ပါတယ်။  ဒီ GH မျိုးကွဲဟာ အိန္ဒိယနိုင်ငံထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေတဆင့် ထိုင်းနိုင်ငံဆီ ကူးစက်လာတာလို့ ပြောပါတယ်။ GH မျိုးကွဲဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ကုန်သွယ်ဘက်နိုင်ငံ အင်ဒိုနီးရှားနိုင်ငံထဲမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲနဲ့ မတူဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံထဲမှာ အရင်က အတွေ့အများဆုံး ကိုရိုနာဗိုင်းရပ်စ် မူကွဲတွေဟာ ဥရောပက S မူကွဲနဲ့ ကမ္ဘာတလွှား အရှေ့အလယ်ပိုင်းကနေ ဥရောပ အမေရိကထိ ပျံ့နေတဲ့ G, GH, နဲ့ GR မူကွဲတွေ ဖြစ်တယ်? GH မူကွဲကတော့ မဲဆောက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဆီကနေတဆင့် ထိုင်းနိုင်ငံထဲမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပုံရတယ်လို့ အမည်မဖော်လိုတဲ့ အမျိုးသားတယောက်ကို ကိုးကားပြီး ထိုင်းအမျိုးသား သတင်းဗျူရိုက ဒီဇင်ဘာ ၂၄ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။
11 months Ago

ဗြိတိန် ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ် သက်ရောက်မှုကို သိနိုင်ရန် WHO စစ်ဆေးလေ့လာနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ သိပ္ပံပညာရှင်တွေဟာ ဗြိတိန်နိုင်ငံထဲမှာ တွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲအသစ်ရဲ့ သက်ရောက်မှုတွေကို မကြာခင် ပိုပြီးအသေးစိတ်သိဖို့ မျှော်လင့်တယ်လို့ WHO က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ ဗိုင်းရပ်စ်ကို လူတွေရဲ့ ပဋိပစ္စည်းတွေက ဘယ်လိုတုံ့ပြန်လဲဆိုတာ စစ်ဆေးလေ့လာနေပြီး ရလဒ်ကို လာမယ့်ရက်တွေ သီတင်းပတ်တွေအတွင်း သိရဖို့ မျှော်လင့်ထားတယ်လို့ WHO ရဲ့ နည်းပညာခေါင်းဆောင် မာရီယာဗန်ခါခို့ဗ်က ပြောပါတယ်။ ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် အရှေ့တောင်ပိုင်းမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲအသစ် ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ အဓိကလုပ်ရပ်က လူချင်းခပ်ခွာခွာနေတဲ့အဆင့်ကို တင်းကျပ်ဖို့ပဲလို့ လေးဆက်စတာတက္ကသိုလ် ရောဂါပိုးမွှားဗေဒ အကြံပေးပညာရှင် ဒေါက်တာဂျူလီယံတန်က ပြောပါတယ်။ VUI-202012/01 လို့ နာမည်ပေးထားတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မူကွဲဟာ အစောပိုင်း မျိုးဗီဇတွေထက် ပိုပြီးမပြင်းထန်ပေမယ့် လူတွေကြားမှာ ကူးစက်နိုင်စွမ်းက ပိုလွယ်လာတယ်လို့ ဒေါက်တာတန်က အတည်ပြုပါတယ်။ ပြင်းနှုန်းတူပေမယ့် ကူးနှုန်းပိုမြန်လို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဖိအားပိုပေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ တကယ်လို့ လူတွေက စည်းမျဉ်းကန့်သတ်ချက်တွေကို လိုက်နာမယ်ဆိုရင် ကူးစက်မှုဟာ ဇန်နဝါရီလကုန်ပိုင်းမှာ ကျဆင်းသွားနိုင်ပေမယ့် ခရစ္စမတ်ကာလမှာ စည်းမျဉ်း ဖြေလျှော့တာတွေကို အခွင့်ကောင်းယူရင်တော့ နှစ်သစ်ကူးကာလမှာ ကူးစက်နှုန်း တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဒီဇင်ဘာ ၂ ရက်ကစပြီး လန်ဒန်မြို့တော်ကို တလကြာ အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားပြီး ပြင်သစ် အပါအဝင် ဥရောပနိုင်ငံ အတော်များများကလည်း ဗြိတိန်နဲ့ အသွားအလာ ဖြတ်တောက်လိုက်ကြပါတယ်။
12 months Ago

ကိုရိုနာဗိုင်းရပ်စ် မူကွဲအသစ်တစ်မျိုးကို ဗြိတိန် ဖော်ထုတ်တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် မူကွဲအသစ်တမျိုးကို ဗြိတိန်နိုင်ငံက ဖော်ထုတ်လိုက်နိုင်ပြီလို့ ရိုက်တာ သတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်မှာ ဖော်ပြပါတယ်။  ဒါပေမဲ့ ပိုဆိုးတဲ့ ဒါမှမဟုတ် မတူခြားနားတဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေမလားဆိုတဲ့ သက်သေတွေတော့ မရှိသေးဘူးလို့ အင်္ဂလန်နယ်ရဲ့ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ခရစ်စ်ဝှစ်တီက ပြောပါတယ်။ အခု အသစ်တွေ့တဲ့ ဗိုင်းရပ်စ်မူကွဲဟာ တခြားမူကွဲတချို့ထက်ပိုပြီး သန္ဓေပြောင်းမှု နည်းနည်းပိုများတဲ့အတွက် ပိုပြီး အထူးတလည် အလေးအနက်ထားနေရတယ်လို့ ဝှစ်တီက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မူကွဲအသစ်ဟာ ပိုမြန်မြန်ကူးစက်နိုင်လားဆိုတာ မေးခွန်းတရပ် ဖြစ်နေပေမဲ့ အခု ဗိုင်းရပ်စ်မူကွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ သတင်းအချက်အလက် ဘဏ်တခု ရှိနေပြီး နိုင်ငံအများအပြားက အချက်အလက်တွေ ထည့်သွင်းပေးနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မူကွဲက ရောဂါလက္ခဏာတွေ စမ်းသပ်ပုံတွေနဲ့ လက်တွေ့ရလဒ်တွေ မတူ ခြားနားမလားဆိုတာကို အဆိုပြုစရာ ဘာမှ မရှိသေးဘူးလို့လည်း ဝှစ်တီက ပြောပါတယ်။ ခရစ်စမတ်ကာလ မိသားစုတွေ တွေ့နိုင်ဖို့ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးနိုင်ခြေနဲ့ ပတ်သက်ပြီး မေးရာမှာတော့ သူက အရင်ထက် ပိုသတိထားရလိမ့်မယ်၊ လူစုလူဝေးတွေအတွက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံရဖို့ ဘေးက အင်မတန်မြင့်နေတယ်လို့ သတိပေးပါတယ်။
12 months Ago

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်တွေထဲက မျိုးနွယ်စုတစ်ခုပါပဲ။ သူ့ရဲ့ မျက်နှာပြင်မှာ ဆူးချွန်လေးတွေ ရှိပြီး သရဖူ crownလေးတွေနဲ့ တူတာကြောင့် coronaလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်တွေကို ၁၉၆၀ နှစ်လယ်ပိုင်းလောက်မှာ စပြီးတွေ့ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများ ကိုရိုနာဗိုင်းရပ်စ်မှာ အယ်ဖာ၊ ဘီတာ၊ ဂါမာဆိုပြီး မျိုးစိတ်၃ခုရှိပါတယ်။ ဒီကနေမှ မျိုးကွဲတွေ အများကြီး ဖြစ်လာပါတယ်။ လူကိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကတော့ ၇ ခုရှိပါတယ်။ . 229E (alpha coronavirus) . NL63 (alpha coronavirus) . OC43 (beta coronavirus) . HKU1 (beta coronavirus) . MERS-CoV . SARS-CoV . SARS-CoV-2 စတာတွေပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ဖြစ်စေတဲ့ ရောဂါများ ဒီကိုရိုနာဗိုင်းရပ်စ်၇မျိုးမှာ ပထမ၄ မျိုးက အတွေ့ရများတဲ့ အမျိုးအစားတွေပါ။ အတွေ့ရများပြီး လူကို ကူးစက်နိုင်ပေမယ့် လက္ခဏာမပြင်းပါဘူး။ သာမန် ဖျားနာ၊ နှာစေး၊ ချောင်းဆိုးလောက်နဲ့ ပြီးသွားပါတယ်။ အအေးမိသလောက်ပဲ ရှိပါတယ်။ တချို့ဆို ခုခံအားက တိုက်ထုတ်လိုက်လို့ လက္ခဏာပြချိန်တောင် မရလိုက်ပါဘူး။ တချို့ကိုရိုနာဗိုင်းရပ်စ်တွေက တိရစ္ဆာန်တွေမှာ တွေ့ရပေမယ့် မျိုးဗီဇပြောင်းလဲလာတာကြောင့် လူကိုကူးစက်ပြီး ဗိုင်းရပ်စ်အသစ်ဖြစ်လာပါတယ်။ ဒါကတော့ ခုဆက်ပြောမယ့် MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2ပဲ ဖြစ်ပါတယ်။ MERS-CoV Middle East Respiratory Syndrome (MERS)ရောဂါကို ဖြစ်စေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ စပြီးသတိထားမိတာကတော့ ၂၀၁၂ စက်တင်ဘာလမှာ ဆော်ဒီအာရေးဗျနိုင်ငံမှာ ဖြစ်ပါတယ်။ တကယ်စဖြစ်တာကတော့ ဂျော်ဒန်နိုင်ငံမှာ ၂၀၁၂ ဧပြီတည်းကလို့ ဆိုပါတယ်။ ဒီကနေမှ တခြားနိုင်ငံတွေကို ပြန့်သွားပြီး လူပေါင်းများစွာကို သေဆုံးစေခဲ့ပါတယ်။ ကူးစက်နည်းကတော့ နှာချေ၊ ချောင်းဆိုးလို့ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးစက်နိုင်သလို လူနာကို အနီးကပ်ပြုစုရာကလည်း ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံရပြီး ၅ရက်၊ ၆ရက်လောက်နေရင် လက္ခဏာတွေ ပြတတ်ပါတယ်။ လက္ခဏာတွေကတော့ အသက်ရှူလမ်းကြောင်း လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ ဝမ်းလျှောတာ၊ ပျို့အန်တာမျိုး တွေ့ရတတ်ပါတယ်။ တချို့တွေမှာ လက္ခဏာမပြင်းထန်တာ ဒါမှမဟုတ် လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ ကူးစက်ခံရသူတွေက နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားတို့၊ ကျောက်ကပ်ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ်။ ကူးစက်ခံရသူ ၁၀ယောက်မှာ ၃ယောက်ကနေ ၄ယောက်အထိ သေဆုံးခဲ့ပါတယ်။ အများစုကတော့ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားမကောင်းသူတွေပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မားလ်စ်ရောဂါအတွက် တိကျတဲ့ကုသမှု မရှိသေးပါဘူး။ ထောက်ပံ့ကုသမှု (supportive treatment) ပဲ လုပ်လို့ရပါတယ်။ ကာကွယ်နည်းတွေကတော့ . စက္ကန့် ၂၀ကြာအောင် ရေနဲ့ ဆပ်ပြာ သုံးပြီး လက်ဆေးတာ . နှာချေ၊ ချောင်းဆိုးတဲ့အခါ အုပ်ဆိုးတာ . မျက်နှာကို လက်နဲ့ မထိတာ . အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်တာ . ရောဂါပိုးရှိသူနဲ့ ပစ္စည်းတွေ မျှဝေသုံးတာ၊ အနီးကပ်နေထိုင်တာကို ရှောင်ကြဉ်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူထုကြားမှာ မားစ်ရောဂါက မရှိသလောက် နည်းသွားပါပြီ။ SARS-CoV Severe Acute Respiratory Syndrome (SARS)ရောဂါကို ဖြစ်စေပါတယ်။ ၂၀၀၃ခုနှစ် အာရှမှာ စတွေ့ပြီးနောက် ကမ္ဘာ့နိုင်ငံတော်တော်များများကို ပြန့်သွားပါတယ်။ WHOအဆိုအရ လူပေါင်း ၈၀၉၈ ကူးစက်ခံရပြီး ၇၇၄ယောက် သေဆုံးခဲ့ပါတယ်။ လက္ခဏာတွေကတော့ အဖျားကြီးပါတယ်။ အဖျား ၁၀၀ဒီဂရီကျော်ပါတယ်။ ချောင်းခြောက်ဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ၊ အားနည်းတာလည်း ဖြစ်ပါတယ်။ ၁၀ကနေ ၂၀ရာခိုင်နှုန်းလောက်က ဝမ်းလျှောပါတယ်။ နောက်ဆက်တွဲအနေနဲ့ နမိုးနီးယားဖြစ်တတ်ပါတယ်။ ကူးစက်နည်းကတော့ ရောဂါရှိသူနဲ့ နီးနီးစပ်စပ်နေထိုင်ရာကနေပဲ ဖြစ်ပါတယ်။ နီးနီးစပ်စပ်နေထိုင်တယ်ဆိုတာက လူနာနဲ့ အတူနေထိုင်တာ၊ လူနာရဲ့ အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အရည်တွေ၊ အမှုန်အမွှားတွေကို ထိတွေ့တာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ အစားအစာအတူစားတာ၊ ၃ပေအတွင်း စကားပြောတာ၊ လူနာကို ထိတွေ့တာ စတာတွေပဲ ဖြစ်ပါတယ်။ ဘေးကဖြတ်လျှောက်သွားရုံ၊ ခဏလောက် ဘေးမှာထိုင်ရုံနဲ့တော့ မကူးပါဘူး။ ဒါ့ပြင် လူနာဆီက ထွက်တဲ့ အမှုန်အမွှားတွေက ပစ္စည်းတွေမှာ ပေနေမယ်။ ဒါကို နောက်လူကကိုင်ပြီး လက်မဆေးဘဲ မျက်နှာကို ထိတွေ့မယ်ဆိုရင်လည်း ကူးနိုင်ပါတယ်။ လေကနေတဆင့်လည်း ကူးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။ ကုသနည်းရယ်လို တိတိကျကျ မရှိတဲ့အတွက် ဝေဒနာသက်သာအောင်ပဲ လုပ်ပေးလို့ရပါတယ်။ခုခံအားနဲ့ပဲ ရောဂါကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ကာကွယ်နည်းကတော့ . မကြာခဏလက်ဆေးတာ . လူနာဆီက ထွက်တဲ့ အရည်တွေ၊ အညစ်အကြေးတွေ ကိုင်တွယ်မယ်ဆိုရင် တစ်ခါသုံး လက်အိတ်သုံးတာ . လူနာနဲ့ အတူရှိနေတဲ့အခါ နှာခေါင်းစည်းတပ်တာ . အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်တာ . ရောဂါရှိသူသုံးထာတဲ့ ပန်းကန်ခွက်ယောက်တွေ၊ အဝတ်အစားတွေကို သေချာဆေးကြောလျှော်ဖွပ်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူထုကြားမှာ ဆားစ်ရောဂါက မရှိသလောက် နည်းသွားပါပြီ။ SARS-CoV-2 လက်ရှိမှာ လူသားအားလုံးကို ခြောက်လန့်နေပြီး ကပ်ရောဂါအဖြစ်ကြေညာထားရတဲ့ COVID-19ရောဂါကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ လူပေါင်း သန်း၅၀ကျော်ကို ကူးစက်ပြီး လူပေါင်း တစ်သန်းကျော် သေဆုံးပြီး ဖြစ်ပေမယ့် မရပ်သေးပါဘူး။ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတွေ့ခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်မှာဘဲ ကမ္ဘာ့နိုင်ငံတော်တော်များများကို ပျံ့နှံ့သွားပါတယ်။ နှာချေ၊ ချောင်းဆိုးရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင် ဖြစ်ဖြစ်။ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းတွေကို ထိပြီး မျက်နှာကို ကိုင်မိရင်ဖြစ်ဖြစ် ကူးစက်တတ်ပါတယ်။ လေကနေ တဆင့်လည်း ကူးစက်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ လက္ခဏာတွေက ကူးစက်ခံရပြီး ၂ရက်ကနေ ၁၄ရက်နေရင် ပြတတ်ပါတယ်။ အသက်ရှူလမ်းကြောင်း လက္ခဏာတွေ ဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ မောတာ အဓိကဖြစ်ပါတယ်။ အနံ့အရသာပျောက်တာ၊ ဝမ်းလျှောတာ၊ အန်တဲ့ လူနာလည်းရှိပါတယ်။ ဘာလက္ခဏာမှ မပြတဲ့ လူနာတွေလည်း ရှိပါတယ်။ အများစုကတော့ အလိုလို ပြန်ကောင်းသွားကြပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေဆိုရင်တော့ ပိုပြီးဂရုစိုက်ရပါတယ်။ ကုသနည်းကတော့ အတိအကျမရှိပါဘူး။ ဗိုင်းရပ်စ်သတ်ဆေးတွေ၊ စတီးရွိုက်တွေ၊ သွေးရည်ကြည်ကုထုံးတွေ သုံးနေပေမယ့် လူနာတိုင်းအတွက် အဆင်မပြေသေးပါဘူး။ ကာကွယ်ဆေးကတော့ တီထွင်ဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ကာကွယ်နည်းတွေ ဖြစ်တဲ့ . မကြာခဏ လက်ဆေ; တာ . လူစုလူဝေးရှောင်တာ၊ ခပ်ခွာခွာနေတာ . အပြင်သွားတိုင်း နှာခေါင်းစည်းတပ် တာ . အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်တာ စတာတွေလုပ်ဆောင်ရပါမယ်။ Takeaways ကိုရိုနာဗိုင်းရပ်စ်တွေဟာ မျိုးကွဲတွေ အများကြီးရှိပြီး လူကို ကူးစက်နိုင်တာ ၇မျိုးပါ။ နောက်ဆုံး၃မျိုးက ပြင်းထန်တဲ့အမျိုးအစားဖြစ်ပြီး ကုသစရာ ဆေးလည်း မရှိသေးတာကြောင့် ကာကွယ်နည်းတွေကို လိုက်နာဖို့ လိုပါတယ်။ ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။  
1 year Ago

ဘာစီလိုနာနှင့်ပွဲ လွဲခဲ့သဖြင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်ကို ရော်နယ်ဒို အပြင်းအထန်ဝေဖန်

ကျန်းမာရေးကောင်းပြီး ကြံ့ခိုက်မှုပြည့်ဝနေကြောင်း     ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပြောကြားလိုက်ပြီး ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်  ဆေးစစ်မှုရလဒ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။  ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ချိန်မှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ဘောလုံးပရိသတ်တွေဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့အားပြိုင်မှုကို မြင်တွေ့ရဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် သူတို့ ၂ ဦးအားပြိုင်မှုကို မြင်တွေ့ရဖို့ ဒီဇင်ဘာလအထိ ထပ်မံစောင့် ဆိုင်းရတော့ပါမယ်။ ရော်နယ်ဒိုဟာ အောက်တိုဘာ ၁၃ ရက် နိုင်ငံအသင်းနဲ့အတူရှိနေစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် ပေါ်တူဂီအသင်းလူစာရင်းကနေ နုတ်ထွက်ကာ သီးသန့်ခွဲခြားနေထိုင်ခဲ့ရပါတယ်။  ကစားသမားက သူ့မှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေကြောင်း ပြောပေမယ့်  ဆေးစစ်ချက်တွေအရ ဗိုင်းရပ်စ်ပိုးဆက်ရှိနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။  ဘာကာနဲပွဲမတိုင်ခင် တရက်အလိုမှာ လုပ်ခဲ့တဲ့ ဆေးစစ်မှုမှာလည်း သူဟာ positive ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။  UEFA ရဲ့ စည်းမျဉ်းတွေအရ ရောဂါလက္ခဏာပြသခြင်းမရှိပေမဲ့ ရော်နယ်ဒိုဟာ ပွဲမှာ ပါဝင်ခွင့်ရှိမှာမဟုတ်တာကြောင့် ကစားသမားက ဒီအခြေအနေကို စိတ်ပျက်နေပါတယ်။ သူဟာ ဂျူဗင်တပ်စ်-ဘာစီလိုနာပွဲမတိုင်ခင်မှာ အင်စတာဂရမ်ကို ဓာတ်ပုံတစ်ပုံတင်ခဲ့ပြီး “ကျန်းမာရေး ကောင်းပါတယ်။ နေလို့ထိုင်လို့ အဆင်ပြေနေပါတယ်” လို့ရေးသားခဲ့ပါတယ်။  အဲ့ဒီနောက် မိနစ်အနည်းငယ်အကြာမှာပဲ PCR is bullsh*t လို့ရေးသားဟာ ကော်ရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးတဲ့ နည်းစနစ်ကို အပြင်းအထန် ဖေဖန်ပြောဆိုသွားခဲ့ပါတယ်။‌ေ ရော်နယ်ဒိုက သူဟာ ပေါ်တူဂီအသင်းနဲ့အတူရှိနေစဉ်မှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ လက်ရှိအချိန်အထိ ဘယ်ကနေဘယ်လို ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသလိုဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။  ရော်နယ်ဒိုမပါဝင်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့ ပေါက်ကွဲမှုမတိုင်ခင် သူ့ရဲ့အစ်မဖြစ်သူ ကာတီးယားအေဗီရိုကလည်း ရော်နယ်ဒို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြေအနေဟာ လုပ်ကြံဖန်တီးမှုတွေ ရှိနိုင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
1 year Ago

ကိုရိုနာဗိုင်းရပ်စ်ပိုး ငွေစက္ကူ၊ ဖန်နှင့် သံပေါ်တွင် ၂၈ ရက်အထိ အသက်ရှင်နိုင်ဟု သုတေသီများပြော

ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘဏ်ငွေစက္ကူတွေ၊ ဖန်တွေနဲ့ သံမဏိတွေပေါ်မှာ ၂၈ ရက်ထိ အသက်ရှင်နေနိုင်ပြီး တုပ်ကွေးဗိုင်းရပ်စ်ထက် အများကြီးပို အသက်ရှည်နိုင်တယ်လို့ သြစတြေးလျ သုတေသီတွေက အောက်တိုဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်နှိမ်နင်းရေးမှာ သန့်ရှင်းရေးနဲ့ လက်ဆေးဖို့ လိုအပ်ချက်ကို သိသာထင်ရှားစေပါတယ်။ သြစတြေးလျ အမျိုးသားသိပ္ပံအေဂျင်စီ CSIRO က လုပ်တဲ့ စစ်တမ်းတွေ့ရှိချက်အရ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ဟာ တခြားလေ့လာချက်တွေထက် ပိုပြီး ကြာကြာ ကူးနိုင်စွမ်းရှိနေတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ပလတ်စတစ်၊ ငွေစက္ကူတွေနဲ့ ဖန်တွေ၊ လက်ကိုင်ဖုန်း မျက်နှာပြင်တွေပေါ်မှာ အပူချိန် ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ဆားစ်ကော့ဗ်တူး ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၈ ရက်ကြာ ကူးစက်နိုင်စွမ်းရှိနေဆဲ ဆိုတာ CSIRO က သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကို ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ပညာရပ်ဂျာနယ်ကနေ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ သာမန်တုပ်ကွေး ဗိုင်းရပ်စ်ကတော့ မျက်နှာပြင်တွေပေါ်မှာ ၁၇ ရက်ကြာ အသက်ရှင် နေနိုင်တာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံလူနာနဲ့ ကူးစက်ခံ နာလန်ထပြီးတာ အချိန် ၁ လ ရှိပြီဖြစ်တဲ့ လူနာတွေဆီက ရထားတဲ့ နမူနာနဲ့တူအောင် အချိုးအစားစပ်ထားတဲ့ ချွဲအတုထဲမှာ ဗိုင်းရပ်စ်ကို ထားရှိ စစ်ဆေးခဲ့တာပါ။ စမ်းသပ်မှုတွေကို အပူချိန် ၂၀၊ ၃၀ နဲ့ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် အပူချိန်တွေအောက်မှာ ပြုလုပ်ခဲ့ရာမှာ အပူချိန်နိမ့်လေ ဗိုင်းရပ်စ်က ပိုကြာကြာ အသက်ရှင်နိုင်လေဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပလတ်စတစ်ထက် စက္ကူ၊ ဘဏ်ငွေစက္ကူပေါ်မှာနဲ့ ချည်ထည်လို မျက်နှာပြင်ထက် ဖန်လို ချောမွေ့တဲ့ မျက်နှာပြင်ပေါ်မှာ ပိုကြာကြာ အသက်ရှင်တာကိုလည်း တွေ့ခဲ့ပါတယ်။ သုတေသနတွေအရ နေရောင်တိုက်ရိုက်ထိရင် ဗိုင်းရပ်စ် သေနိုင်လို့ ခရမ်းလွန်ရောင်ခြည် အလင်းရောင်ရဲ့ သက်ရောက်မှုကို ဖယ်ဖို့ စမ်းသပ်ချက် အားလုံးကို အမှောင်ထဲမှာ လုပ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။
1 year Ago

လီဗာပူးတိုက်စစ်မှူး မာနေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့် ဆီနီဂေါတိုက်စစ်မှူးဟာ သီးသန့်ခွဲခြားနေထိုင်နေရပြီး လီဗာပူး နည်းပြကလော့ပ်ရဲ့ အစီစဉ်တွေဟာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ထပ်မံပြောင်းလဲရတော့မှာဖြစ်ပါတယ်။  အသင်းဘက်က ထုတ်ပြန်ချက်မှာ မာနေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာ တချို့ ပြသနေပေမယ့် ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း သိရပါတယ်။  မာနေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လီဗာပူးအသင်းရဲ့ နောက်ထပ်ကစားသမားတဦးဖြစ်ပြီး သူ့မတိုင်ခင် ကစားသမားသစ် သီယာဂိုလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ မာနေးနဲ့ သီယာဂိုတို့ နှစ်ဦးစလုံးဟာ ကျန်းမာရေးအခြေအနေ ကြောင့် လီဗာပူးအသင်းရဲ့ လူစာရင်းကနေ လွဲချော်ရတော့မှာပါ။ သီယာဂိုရဲ့ ကျန်းမာရေးအခြေအနေကို ကစားသမားရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း၊ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်ရှိမလာရအောင် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်နေတယ်လို့ လီဗာပူးအသင်းဘက်က  ထုတ်ပြန်ပါတယ်။  မာနေး ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခဲ့တာပါ။  အောက်တိုဘာ ၂ ရက် တစ်နေ့တည်းမှာ ဗိုင်းရပ်စ်အတည်ပြုလူနာအသစ်  ၇၀၀၀ နီးပါးရှိပြီး ၆၆ ဦး သေဆုံးခဲ့ရပါတယ်။  စကော့တလန် ပရီးမီးယားလိဂ်ကလပ် ကယ်မာနော့ခ်အသင်းရဲ့ ကစားသမား ၆ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် အသင်းတသင်းလုံး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ခဲ့ရပြီး အသင်းရဲ့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။  ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးအကြိမ် ဆေးစစ်မှုမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိခဲ့ရပါတယ်။  မာနေးရဲ့ကျန်းမာရေး အခြေအနေကြောင့် လီဗာပူးအသင်းရဲ့ ကစားသမားသစ် ဂျိုတာဟာ ဗီလာနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ပထမဆုံး ရရှိနိုင်ဖွယ်ရှိနေပါတယ်။  ပေါင်  ၄၅ သန်း တန်ကစားသမားဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ပြိုင်ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။  ဂျိုတာအပြင် မီနာမီနိုနဲ့ အော်ရီဂီတို့ဟာလည်း ပွဲထွက်ကစားသမားအဖြစ်ပါဝင်ဖို့ အခွင့်အရေးရှိနေပါတယ်။
1 year Ago

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ စကော့လွှတ်တော်အမတ်ကို ခေတ္တရာထူးချ

ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့ကြားက ရထားအကြာကြီးစီးပြီး လန်ဒန်ကနေ စကော့တလန် ပြန်ခဲ့တဲ့  စကော့လွှတ်တော်အမတ်တယောက်ကို  အောက်တိုဘာ ၁ ရက်မှာ  ရာထူးကနေ ခေတ္တချ လိုက်ပါတယ်။  အာဏာရစကော့အမျိုးသားပါတီ (SNP) လွှတ်တော်အမတ်  မာဂရက် ဖာရီယာဟာ ဗြိတိန် ပါလီမန်မှာ မိန့်ခွန်းပြောခဲ့ပြီးနောက် သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို သိခဲ့ရပါတယ်။  အင်္ဂလန်ရဲ့စည်းမျဉ်းအရ  ကိုရိုနာဗိုင်းရပ်စ် ရှိသူတွေဟာ သီးခြားခွဲနေရမှာဖြစ်ပြီး  စည်းမျဉ်း ချိုးဖောက်ပါက ပေါင်ငွေ  ၁၀၀၀ ဒဏ်တပ်ခံရမှာပါ။  ဒါနဲ့ပတ်သက်လို့ SNP ပါတီ ဝက်မင်စတာ ခေါင်းဆောင်ကလည်း ဖာရီယာကို ရာထူးက ခေတ္တချခဲ့တယ်လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။  SNP ပါတီခေါင်းဆောင် စတာဂျင်ကလည်း ဖာရီယာရဲ့ ခွင့်လွှတ်နိုင်စွမ်း မရှိတဲ့ လုပ်ရပ် အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။  မေလတုန်းကလည်း ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ဝါအရင်ဆုံးအကြံပေး ဒိုမစ်နစ် ကမ်းမင်းဟာ  လော့ဒေါင်းစည်းကမ်းတွေ ချိုးဖောက်ပြီး လန်ဒန်ကနေ အင်္ဂလန်မြောက်ပိုင်း မိုင် ၂၅၀ ခရီးကို သွားရောက်ခဲ့တာကြောင့် ရာထူးက နုတ်ထွက်ဖို့ ဝိုင်းပြီး ဖိအားပေးပေမဲ့ နုတ်ထွက်ဖို့ ငြင်းဆိုခဲ့ပါတယ်။ 
1 year Ago

 ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အရင်ကထက် ၁ဝ ဆ ကူးစက်မြန် ပြင်းထန်

လက်ရှိဖြစ်နေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ဟာ အရင်ထက် ၁၀ ဆ ကနေ အဆ ၂၀ အထိ ကူးစက်မြန်ပြီး ပြင်းထန်သလို လတ်တလောမှာတော့ လူအများဆီမှာ ကိုယ်ခံအားရဖို့ကို မဖြစ်နိုင်သေးဘူးလို့ ဆေးပညာရှင်တွေက ပြောပါတယ်။ အွန်လိုင်းကနေ မေးမြန်းကြတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ မေးခွန်းကို ကျန်းမာရေး ပညာရှင်တွေက ဖြေပေးတဲ့ ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အစီအစဉ်မှာ ပြောခဲ့တာပါ။ ပါမောက္ခ ဒေါက်တာ ညွန့်သိန်းက “G614 ရဲ့ ထူးခြားချက်က အားလုံးသေချာတာ တခုက နံပါတ်တစ် သူသည် အကူးသိပ်မြန်တယ်။ ကူးတာမှ တချို့ ၁၀ ဆ၊ အဆ ၂၀ ပိုများပါတယ်။ ဒါက နံပါတ်တစ် သိပ်သေချာပါတယ်။ နံပါတ်နှစ် သူက နဂိုတုန်းက D ထက်စာရင် G က တွယ်ကပ်မှုပိုဖြစ်တယ်။ သူက အသက်ရှူလမ်းကြောင်းထဲ ဝင်သွားရင် ပိုပြီးတွယ်ကပ်မှုများပါတယ်။ တွယ်ကပ်မှုပိုများတယ် ဆိုကတည်းက တော်တော်နဲ့ သူက ပြန်မထွက်တဲ့ သဘောပါ။ နံပါတ်သုံးက ဝင်သွားတဲ့ ပိုးအကောင်ရေ Viral Load လို့ခေါ်ပါတယ်။ Viral Load လည်း ပိုများတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းတုန်းက သိပ်မဖြစ်ခဲ့တာဟာ လူတွေက လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာလိုမျိုးတွေကို ဂရုစိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒုတိယလှိုင်းမှာတော့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မပြင်းထန်ဘူးဆိုတဲ့ အယူအဆ ကြောင့် အနေအထိုင်မဆင်ခြင်ကြတာကြောင့်လို့လည်း ပြောပါတယ်။ ပြီးတော့ ဒီကပ်ရောဂါကြီးပျောက်သွားဖို့အတွက်  နိုင်နိုင်နင်းနင်းကုနိုင်မယ့်ဆေး ပေါ်လာရင်၊ လုံးဝကာကွယ်နိုင်မယ့်ဆေး ပေါ်လာရင်မှ ဖြစ်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။ “စခါစမှာ တချို့နိုင်ငံကြီးတွေက အဲဒါလုပ်လိုက်ပြီးတော့ ဒုက္ခရောက်သွားတာ။ Herd Immunity လို့ ခေါ်ပါတယ်။ ရောဂါကို ပေးဖျက်လိုက်ပြီးတော့ လူရဲ့ လူတွေရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဖြစ်သွားပြီး လူတွေက ရောဂါပြီးသွားတ ယ်ပေါ့။ Herd Immunity ကိုအားကိုးပြီး ပထမပိုင်းတုန်းက ဒါကြီးကတော့ သိပ်မဖြစ်လောက်ပါဘူးဆိုပြီးတော့ လုပ်ခဲ့တဲ့ USA နဲ့ UK မှာ အားလုံး သိတဲ့အတိုင်းပါပဲ။ USA ဆိုရင် ထိပ်ဆုံးကို ဖြစ်သွားတယ်။ သိန်းနဲ့ သန်းနဲ့ချီဖြစ်ကုန်ကြပါတယ်။ အဲဒီတော့ Herd Immunity ကို မေ့ထားရတော့မယ်” လို့ ပြောပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးပေါင် ၂၀၀ ကျော်စမ်းသပ်နေပြီး အဆင့် ၃ ကိုကျော်သွားတာ ၇ ခုလောက်ပဲ ရှိသေးတယ်လို့လည်း သူက ပြောပါတယ်။ ဖြေဆိုရာမှာ ပါဝင်တဲ့ ရောဂါနှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်ကလည်း ရောဂါတွေ့သူနဲ့ ထိတွေ့ပတ်သက်ခဲ့သူ အယောက် ၁၀၀ ကို စစ်ဆေးရင် ၁၈ ယောက်မှာ ပိုးတွေ့ရတယ်လို့လည်း ပြောပါတယ်။ ဗီတာမင် စီ၊ ဒီနဲ့ ဇင့်လို ဆေးတွေကို မဖြစ်မနေ သောက်ဖို့လိုလားဆိုတဲ့ မေးခွန်းကိုတော့ ပါမောက္ခ ဒေါက်တာကျော်မြင့်က ဖြေပြီး အနောက်တိုင်းနိုင်ငံတွေရဲ့ သုတေသနတွေမှာ အမျိုးမျိုးပြောဆိုကြတယ်လို့ပဲ ဆိုပါတယ်။ သောက်သင့်လား ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၂,၄၂၅ ယောက်၊ သေဆုံးသူ ၂၈၄ ယောက်အထိ ရှိပြီး  ဆေးရုံကဆင်းခွင့်ပြုခဲ့သူကတော့  ၃,၃၉၁ ယောက် ရှိပြီလို့ ကျန်းမာရေးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။  
1 year Ago

လန်ဒန် စိန့်ပန်ခရက်စ်ဘူတာ၌ ကိုရိုနာဗိုင်းရပ်စ် သတ်နိုင်သည့် စက်ရုပ်များ တပ်ဆင်ထား

ဗြိတိန်မြို့တော် လန်ဒန်ရဲ့ အကြီးဆုံး ဘူတာရုံတွေထဲက တခုဖြစ်တဲ့ စိန့်ပန်ခရက်စ် အင်တာနေရှင်နယ် ဘူတာမှာ ခရမ်းလွန် ရောင်ခြည်သုံးပြီး ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ စက်ရုပ်တွေကို တပ်ဆင်ထားပါတယ်။ ဒါဟာ ခရီးသွား အချက်အခြာနေရာတွေ ဘေးကင်းရေး ခရီးသည်တွေ ယုံကြည်မှု ပြန်ရလာအောင် ကြိုးစားတာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းကို ကိုင်တွယ်ဖို့ စားသောက်ဆိုင်တွေနဲ့ ဘားတွေ စောပိတ်ဖို့နဲ့ လူတွေ ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က စက်တင်ဘာ ၂၃ ရက်က ပြောခဲ့တာကြောင့် ဘူတာရုံတွေမှာ လူတွေ ခြောက်ကပ်နေပါတယ်။ ခရမ်းလွန် ရောင်ခြည်သုံး စက်ရုပ်တွေဟာ ဓာတု ပိုးသတ်ဆေးမလိုဘဲ နေရာအကျယ်ကြီးကို လှည်းချ သန့်စင်နိုင်တယ်။ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် မျက်နှာပြင်နဲ့ ပတ်ဝန်းကျင် လေထုထဲက ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ရာနှုန်းပြည့် နီးပါးကို သတ်နိုင်တဲ့ နည်းပညာပဲလို့ ဘူတာရုံ အကြီးအကဲက ထပ်ပြောပါတယ်။  ဒီဘူတာဟာ ပြင်သစ်မြို့တော် ပါရီ၊ ဘယ်လ်ဂျီယံ မြို့တော် ဘရပ်ဆဲလ်နဲ့ နယ်သာလန် မြို့တော် အမ်စတာဒမ် တို့ကို ချိတ်ဆက်ထားတဲ့ ယူရိုစတား ရထားလိုင်းရဲ့ ဘူတာရုံပါ။ လန်ဒန်က မြေအောက် ရထားလိုင်း ၆ လိုင်းနဲ့လည်း ချိတ်ဆက်ထားပါတယ်။
1 year Ago

ဖင်လန်နိုင်ငံ ဟယ်စင်ကီ လေဆိပ်၌ ကိုရိုနာဗိုင်းရပ်စ် အနံ့ခံခွေးများ စတင်ချထား

ဖင်လန်နိုင်ငံ ဟယ်စင်ကီ လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် ထောက်လှမ်းဖို့ လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို စတင် ချထားပါတယ်။ သူတို့ဟာ ခရီးသည်တွေဆီက ဗိုင်းရပ်စ် နမူနာတွေကို စတင် အနံ့ခံနေပြိး ဒါဟာ လေဆိပ်မှာ  သမားရိုးကျ ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးတာနဲ့အတူ ပိုင်းလော့ ပရောဂျက်အနေနဲ့ လုပ်နေတာပါ။  လေ့ကျင့်ပေးထားတဲ့ ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းကို သိပ္ပံဆိုင်ရာ လေ့လာချက်တွေနဲ့ နှိုင်းယှဉ် သက်သေ မပြရသေးတာမို့  ဆန္ဒအလျောက် အစစ်ခံပြီး ဗိုင်းရပ်စ် ပါလာတယ်လို့ သံသယရှိတဲ့ ခရီးသည်တွေကို  သမားရိုးကျ တို့ဖတ် နမူနာ ယူတာကို လက်ခံဖို့လည်း  ညွှန်ကြားထားပါတယ်။  ဒီအလုပ်ကို လုပ်ဖို့အတွက် ခွေးကောင်ရေ ၁၅ ကောင်နဲ့ လေ့ကျင့်ပေးသူ ၁၀ ယောက်ပါ အဖွဲ့ကို ဖင်လန်မှာ စေတနာ့ဝန်ထမ်းတွေနဲ့ တိရစ္ဆာန်ဆေးရုံတခုက ကမကထပြု ထောက်ပံ့ပေးခဲ့ပါတယ်။  သုတေသနပြုချက်အရ ခွေးတွေဟာ လူနာရောဂါ လက္ခဏာမပြခင် ၅ ရက်ကြိုပြိး ရောဂါကို ထောက်လှမ်းနိုင်တယ်လို့ ဟယ်စင်ကီ တက္ကသိုလ် တွဲဖက်ပါမောက္ခ အန်နာဟိန် ရော့မန်းက ဆိုပါတယ်။ 
1 year Ago

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ တရုတ်အစိုးရကို တာဝန်ခံခိုင်းရမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ တရုတ်အစိုးရကို တာဝန်ခံခိုင်းရမယ်လို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  ပြောပါတယ်။ ကြိုတင်သွင်းယူထားတဲ့ ဗွီဒီယိုထဲမှာ သမ္မတထရမ့်က  “တရုတ်အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ရောဂါက လူလူချင်း ကူးစက်တဲ့ အထောက်အထား မရှိဘူးဆိုတဲ့ သတင်းအမှားကြီးကို ကြေညာခဲ့တယ်။ နောက်တော့ ရောဂါလက္ခဏာမပြတဲ့ လူတွေက ရောဂါမဖြန့်ဘူးဆိုပြီး အမှားကြီး ပြောတယ်။ ကုလသမဂ္ဂအနေနဲ့ တရုတ်အစိုးရကို သူတို့လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းရမယ်”လို့ ပြောဆိုပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်အနေနဲ့ ဘယ်နိုင်ငံနဲ့မှ စစ်ဖြစ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။ အထွေထွေညီလာခံမှာ  သမ္မတထရမ့် မိန့်ခွန်းကို ထုတ်လွှင့်တဲ့  စက်တင်ဘာ ၂၂ ရက်မှာပဲ  တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြိုတင်သွင်းယူထားတဲ့ ဗွီဒီယိုမိန့်ခွန်းမှာ “တရုတ်နိုင်ငံအနေနဲ့  ဘယ်နိုင်ငံနဲ့မှ ဘယ်လိုစစ်မျိုးမှ တိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ တရုတ်အစိုးရအနေနဲ့ မတူညီမှုတွေကို နည်းပါးအောင် ဆက်လုပ်ဆောင်ပြီး တခြားသူတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနဲ့ နည်းလမ်းနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းသွားမယ်” ပြောပါတယ်။
1 year Ago

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Sputnik-V ကို ရုရှားတိုးမြင့်ထုတ်လုပ်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စပွန်းနစ် - ၅ (Sputnik-V) ကို ရုရှားနိုင်ငံက အရှိန်အဟုန်နဲ့ တိုးမြင့်ထုတ်လုပ်နေပါတယ်။  ကာကွယ်ဆေးထုတ်လုပ်တဲ့ ဆေးကုမ္ပဏီတွေထဲ ဘစ်နိုဖမ်းလည်း တခုအပါအဝင်ပါ။ လက်ရှိထုတ်လုပ်နှုန်းအရ တစ်နှစ်ကို  ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နိုင်တယ်လို့ ဘစ်နိုဖမ်းဆေးဝါးထုတ်လုပ်ရေး မန်နေဂျာက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။  ရုရှားအနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ  တစ်လကို ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၅ သန်းကနေ ၂ သန်းအထိ ထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး တစ်လကို ကာကွယ်ဆေး အလုံးရေ ၆  သန်း တဖြည်းဖြည်း တိုးမြှင့်ထုတ်လုပ်သွားမှာပါ။  မော်စကို ဂမ်မယ်လယ်ယာအဖွဲ့အစည်းက ထုတ်ဖော်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို  နှစ်ကြိမ် ထိုးရမှာဖြစ်ပြီး တစ်ကြိမ်စီဟာ သာမန်အအေးမိရောဂါ ဖြစ်စေတဲ့ အက်ဒီနိုဗိုင်းရပ်စ်  Ad5 နဲ့  Ad26 ပေါ် အခြေခံပါတယ်။  ကျွမ်းကျင်သူတချို့ကတော့ လူအတော်များများဟာ အက်ဒီနိုဗိုင်းရပ်စ်  Ad5 နဲ့  ထိတွေ့ ဖူးပြီး အဲဒီဗိုင်းရပ်စ်အတွက် ကိုယ်ခံအား ရထားတာမို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အစွမ်းထက်မှုကို လျော့နည်းစေနိုင်တယ်လို့ ပြောပါတယ်။
1 year Ago

တရက်လျှင် လူ ၅ သိန်းထိ ကိုရိုနာဗိုင်းရပ်စ် တိုးမြင့်စမ်းသပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ကိုင်တွယ်ဖို့ ရောဂါစမ်းသပ်နိုင်စွမ်းကို တိုးမြင့်ရေး ကြိုးစားနေတယ်လို့ စက်တင်ဘာ ၁၆ ရက်က ပြောပါတယ်။  အောက်တိုဘာလကုန်ကစပြီး တရက်ကို လူ ၅ သိန်း စမ်းသပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ လည်း လွှတ်တော်အစည်းအဝးမှာ သူက ပြောပါတယ်။  အစိုးရကိန်းဂဏန်းတွေအရ စက်တင်ဘာ ၁၆ ရက်မှာ ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက် ခံရသူ တရက်တည်းမှာ အယောက် ၄၀၀၀ နီးပါး တွေ့ရှိခဲ့ပြီးနောက် သူက ခုလို ပြောလိုက်တာပါ။  ဒါဟာ မေလ ၈ ရက်နောက်ပိုင်းမှာ တရက်အတွင်း ကူးစက်ခံဦးရေ အမြင့်ဆုံးကိန်းဂဏန်း ဖြစ်လာပါတယ်။ လတ်တလောရက်တွေမှာ ကူးစက်ခံဦးရေ မြင့်တက်လာတယ်ဆိုပေမယ့် ဗြိတိန်မှာ စမ်းသပ်နိုင်စွမ်းလည်း တိုးလာနေတာလည်း ပါပါတယ်။  ဒုတိယအကြိမ် ပြည်လုံးကျွတ် အသွားအလာတားမြစ် ပိတ်ပင်ခဲ့ပါက ဘဏ္ဍာရေး နောက်ဆက်တွဲအခြေအနေ ကပ်ဆိုက်သွားနိုင်တယ်လို့လည်း ဂျွန်ဆင်က လွှတ်တော်ကော်မတီ ကြားနာပွဲမှာ ပြောပါတယ်။ ဒါမျိုးဖြစ်မလာအောင် သူ့ သြဇာအာဏာနဲ့ ဖြစ်နိုင်သမျှ အကုန်လုပ်ဆောင် သွားမယ်လို့လည်း  ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။  
1 year Ago

ကိုရိုနာဗိုင်းရပ်စ် သေစေနိုင်သည်ဆိုသည့် ပလတ်စတစ်အိတ်များ ဘရာဇီး ထုတ်လုပ်

ကိုရိုနာဗိုင်းရပ်စ်ပိုး သေတယ်ဆိုတဲ့ ပလတ်စတစ်အိတ်တွေကို ဘရာဇီးနိုင်ငံမှာ ထုတ်လုပ်နေပါပြီ။  ဘရာဇီးကုမ္ပဏီ အမ်ဘာလီဇိုရဲ့ နည်းပညာအသုံးပြု အမှိုက်အိတ်တွေကို သုံးခြင်းအားဖြင့် ကိုဗစ်-၁၉ ပျံ့နှံ့တာကို တားဆီးနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီဟာ ကိုရိုနာဗိုင်းရပ်စ် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားမယ့် အမ်ဘာလီဇို ပလတ်စတစ်အိတ်တွေကို ဖန်တီးထားတာပါ။ သူ့ရဲ့နည်းပညာက ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇ တည်ဆောက်ပုံမှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီကို ဖြိုခွဲပစ်တာပါ။ အမှိုက်အိတ်အပြင် အိမ်ပြန်ရောက်ပြီး အဝတ်အစားတွေ၊ ဖိနပ်တွေကို ထည့်ရာမှာ ဖြစ်ဖြစ်  ကုန်ပစ္စည်းတွေကို ဘေးကင်းကင်းနဲ့ ပို့ဆောင်ရာမှာဖြစ်ဖြစ် သူ့ရဲ့ထုတ်ကုန်ကို အသုံးပြုနိုင်တယ်လို့  ကြော်ငြာဒါရိုက်တာ ရာဖေးကော်စတာက ဆိုပါတယ်။ အဲဒီပလတ်စတစ် ဖန်တီးဖို့ လပေါင်းများစွာ အချိန်ပေးပြီးတဲ့နောက် ကမ်ပီနပ်စ်ပြည်နယ် တက္ကသိုလ် ဓာတ်ခွဲခန်းမှာ  စမ်းသပ်ခဲ့ပါတယ်။  အမ်ဘာလီဇို ပလတ်စတစ်အိတ်တွေကို အသုံးပြုပေမယ့်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ မကြာခဏ လက်ဆေးရမယ်ဆိုတာကို လိုက်နာဖို့လိုတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး သေတယ်ဆိုတဲ့ ပလတ်စတစ်အိတ်တွေကို စက်တင်ဘာ ၄ ရက်ကစပြီး ဝယ်ယူရရှိနိုင်တယ်လို့ အမ်ဘာလီဇိုကုမ္ပဏီက ပြောပါတယ်။
1 year Ago
More News
Up