DVB Logo
Home
သတင်းမီဒီယာ
စာပေစိစစ်ရေးတင်ထုတ်မူဝါဒအပေါ် ဝေဖန်
DVB
·
June 20, 2011
စာပေစိစစ်ရေးတင်ထုတ်မူဝါဒအပေါ် ဝေဖန်
Donate to DVB

ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကစတင်ပြီး​ အမျိုး​အစား​အလိုက် စာနယ်ဇင်း​အချို့​ စာ​ပေစိစစ်​ရေး​ကို တင်ပြစရာမလို​တော့​ပဲ ပုံနှိပ်ထုတ်​ဝေခွင့်​မူဝါဒ​တွေကို စတင်ကျင့်​သုံး​မယ်လို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ​ကြေညာခဲ့​ပြီး​တဲ့​ ​နောက်ပိုင်း​ ဂျာနယ်အချို့​လည်း​ ဒီမူဝါဒ​တွေ နဲ့​အညီ ပုံနှိပ်ထုတ်​ဝေလာကြပါတယ်။

ဒီလိုထုတ်​ဝေလာကြပြီဖြစ်​ပေမယ့်​လည်း​ ထပ်မံကန့်​သတ်လာတဲ့​ ပုံနှိပ်ထုတ် ​ဝေ​ရေး​ဆိုင်ရာ မူဝါဒ​တွေနဲ့​ ပတ်သက်ပြီး​ စာနယ်ဇင်း​လောကသား​တွေ မရှင်း​မလင်း​ဖြစ်​နေကြတဲ့​ အချက်​တွေ ရှိ​နေတာ​ကြောင့်​ ဒီအချက်​တွေကို ​ထောက်ပြ​ဝေဖန် ​ပြောဆိုလိုက်ကြတာဖြစ်ပါတယ်။

ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ပုံနှိပ်၊​ ထုတ်​ဝေသူများ​ မှတ်ပုံတင်နဲ့​ စာ​ပေစိစစ်ပြန့်​ချိ​ရေး​လုပ်ငန်း​များ​ ကြီး​ကြပ်မှုဗဟိုအဖွဲ့​က ထုတ်ပြန်လာတဲ့​ စာ​ပေစိစစ်​ရေး​မူဝါဒ​တွေ ​ပြောင်း​လဲကျင့်​သုံး​ဖို့​ ထုတ်ပြန်လာတဲ့​ မူဝါဒ၊​ အမှာ​တွေနဲ့​ ညွှန်ကြား​ချက်ပါ အချက်အလက်​တွေကို ​ထောက်ပြ ​ဝေဖန်လိုက်ကြတာလည်း​ဖြစ်ပါတယ်။

အဲ့​ဒီထဲက စာ​ပေစိစစ်​ရေး​မူ (၁၂) ချက်နဲ့​ အ​သေး​စိတ်ရမယ့်​ အချက် (၁၆) ​ ချက် တွေအပြင် စာ​ပေစိစစ်​ရေး​အ​နေနဲ့​ ဘယ်လိုအခန်း​ကဏ္ဍက ​နေမယ်ဆိုတာ အ​ရေး​ကြီး​တယ်လို့​ အယ်ဒီတာတဦး​က ဆိုပါတယ်။

“တိုင်း​ပြည်ရဲ့​လုံခြုံ​ရေး​နဲ့​ ပတ်သက်တာ၊​ ကာကွယ်​ရေး​နဲ့​ပတ်သက်တာ၊​ တိုင်း​ရင်သား​ စည်း​လုံးညီညွတ်မှု ပြိုကွဲတာ အဲဒါ​တွေနဲ့​ ပတ်သက်တဲ့​ဟာက​တော့​ စိစစ်​ရေး​က ချတဲ့​ သူတို့​မူ​ပေါ့​။ သူတို့​ မူချထား​တယ် ဒါ​တော့​ မ​ကျော်နဲ့​ အဲဒါဆိုလို့​ရှိရင်​တော့​ ဒါက​တော့​ မီဒီယာနဲ့​ စိစစ်​ရေး​နဲ့​ ပြဿနာ​ပေါ့​နော်။ ဌာနဆိုင်ရာ တခုခုနဲ့​ ဖြစ်မယ်။ ​နောက် ပုဂ္ဂိုလ်​ရေး​အရ တခုခုနဲ့​ ဖြစ်မယ်ဆိုလို့​ရှိရင် ဒီဖြစ်စဉ်မှာ ဖြစ်တဲ့​စာကို စိစစ်​ရေး​က သိန်း​ ၅၀ ထဲက​နေ ထုတ်ပြီး​တော့​ သူက ဖိုင်း​ကောက်ဦး​မှာလား​ မ​ကောက်ဘူး​လား​ဆိုတာ အဲဒါလည်း​ မရှင်း​ဘူး​။ မီဒီယာဘက်က မှန်​နေတယ် ဌာနဆိုင်ရာက မှား​နေတယ် ပုဂ္ဂိုလ်​ရေး​ဘက်က မှား​နေတယ် ဆိုလို့​ရှိရင်​ကော စာ​ပေစိစစ်​ရေး​အ​နေနဲ့​က ဒီသတင်း​ကို ​ဖော်ပြလို့​ ဆိုပြီး​တော့​ မီဒီယာကို အ​ရေး​ယူဦး​မှာလား​။ အ​ရေး​မယူဘဲနဲ့​ ဌာနဆိုင်ရာနဲ့​ ကိုယ့်​ဟာကိုယ် ရှင်း​ဆိုတဲ့​ပုံစံ လွှတ်​ပေး​မှာလား​ဆိုတာလည်း​ မရှင်း​ဘူး​။ အနုပညာဆိုလို့​ရှိရင်လည်း​ အဲဒီလိုပဲ ထက်ထက်မိုး​ဦး​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​ရေး​တယ် ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ စိစစ်​ရေး​က ဘယ်လိုဝင်မှာလဲ။ ထက်ထက်မိုး​ဦး​ဘက်က ရပ်မှာလား​၊​ မီဒီယာဘက်က ရပ်မှာလား​၊​ သူက ကြား​ထဲက ဝင်ပြီး​ မီဒီယာကို သူက ဖိုင်း​ကောက်မှာလား​။ အဲဒီလို ပြဿနာမျိုး​တွေက အများ​ကြီး​ရှိတာ​ပေါ့​။”

ဒါ့​အပြင် ထုတ်ပြန်ထား​တဲ့​ ညွှန်ကြား​ချက်အမှတ် (၄၇) ပါ စိစစ်​ရေး​အဖွဲ့​များ​ ဖွဲ့​စည်း​ခြင်း​ အခန်း​ ပုဒ်မ (၁) မှာ ပါဝင်တဲ့​ အခုစိစစ်​ရေး​ကင်း​လွတ်ခွင့်​ရတဲ့​ ဂျာနယ်၊​ မဂ္ဂဇင်း​၊​ စာ​စောင်နဲ့​ အ​ထွေ​ထွေစာမူ​တွေကို စိစစ်​ရေး​ရမယ့်​ အဖွဲ့​မှာ စာ​ပေစိစစ်​ရေး​ဝန်ထမ်း​တွေအပြင် မြန်မာနိုင်ငံစာ​ပေနှင့်​စာနယ်ဇင်း​အဖွဲ့​ရဲ့​ ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့​ဝင်​တွေပါဝင်ရမယ်ဆိုတဲ့​ အချက်အ​ပေါ်ကိုလည်း​ သူက အခုလို ​ဝေဖန်​ပြောဆိုပါတယ်။

“ဗဟိုအလုပ်အမှု​ဆောင်ထဲက ဘယ်သူ​တွေပါမယ် ဆိုတာက​တော့​ သူတို့​က တရား​ဝင် မ​ပြော​သေး​ဘူး​ပေါ့​နော်။ ပါမယ် စိစစ်မယ်ဆိုတဲ့​ကိစ္စ ​တော်​တော်​တော့​ ပြဿနာ ရှိတယ်ခင်ဗျ။ ဂျာနယ် လက်ကိုင်ရှိထား​တဲ့​ လူ​တွေကို​တော့​ ​ပေး​ပါမယ်လို့​တော့​ ကျ​နော်​တော့​ မထင်ဘူး​။ တကယ်လို့​သာ သူတို့​ကိုယ်တိုင် ဒီထဲမှာ ဝင်ပါမယ်ဆိုလို့​ရှိရင် ဒါက​တော့​ ပြဿနာ ရှိနိုင်တာ​ပေါ့​နော်။ ပြဿနာ ရှိနိုင်တယ်ဆိုတာက အခု သူ့​ဂျာနယ်ဆို သူ ဘယ်လိုလုပ်မှာလဲ၊​ ကိုယ်ဂျာနယ်ဆို ဘယ်လိုလုပ်မှာလဲ ဆိုတဲ့​ ပြဿနာ​တွေ ရှိလာနိုင်တာ​ပေါ့​။”

လက်ရှိအ​ခြေအ​နေမှာ​တော့​ စိစစ်​ရေး​ကင်း​လွတ်ခွင့်​ရတဲ့​ အမျိုး​အစား​အလိုက် ထုတ်တင်အနုပညာဂျာနယ် အချို့​စတင်ထွက်ရှိ​နေပြီဖြစ်ပြီး​ အာမခံ​ငွေ ကျပ်​ငွေ သိန်း​ ၅၀ တင်သွင်း​ရမှာကို စိုး​ရိမ်စိတ်နဲ့​ သတိကြီး​ကြီး​ထား​ လုပ်​ဆောင်​နေရပုံ အနုပညာဂျာနယ် အယ်ဒီတာတဦး​က အခုလို​ပြောပါတယ်။

“အခု ​လော​လောဆယ်မှာ​တော့​ အား​လုံး​က​လေ စ​ပေါ် သိန်း​ ၅၀ တင်ရမယ် ဆိုတဲ့​အခါကျ​တော့​ အဲဒီ​ကောင် နည်း​နည်း​လေး​ သတိထား​ပြီး​ လုပ်​နေပုံရတယ်။ ​နောက်ချက်က စိစစ်တာက​တော့​ ကိုယ့်​စာမျက်နှာ​ပေါ်မှာ​တော့​ ကိုယ့်​တိုက်က ကိုယ့်​ဟာကို ထူး​ထူး​ခြား​ခြား​ လုပ်ပြီး​တော့​ အရင်ကထက် ပိုပြီး​ ဂရုစိုက်ပြီး​တော့​ စိစစ်တာ​လေး​တွေ​တော့​ ရှိတယ်။ ဖြစ်တယ်ဆိုရင် ဒီက ပိုက်ဆံ​ပေး​ရမှာဆိုတဲ့​ အခါကျ​တော့​ အဲဒီအ​ပေါ်မှာ နည်း​နည်း​လေး​တော့​ ပိုပြီး​ အရင်ကထက် စာရင် ပိုသတိထား​လာတယ်။ ကျန်တာ​တော့​ သိပ်ထူး​ထူး​ခြား​ခြား​တော့​ ဘာမှ မရှိပါဘူး​။”

ဒီလိုစိစစ်​ရေး​မူဝါဒ အ​ပြောင်း​အလဲ​ကြောင့်​ ရုံး​လုပ်ငန်း​အချို့​မှာ သက်သာသွား​တာ​တွေရှိတယ်လို့​လည်း​ သူက ဆိုပြန်ပါတယ်။

“​တော်​တော်သက်သာသွား​တယ်။ ရုံး​ကနား​ ​ပြေး​ရပြုရတဲ့​ ကိစ္စ​ရော၊​ အချိန်​ရော၊​ အဲဒီ ဝန်ထမ်း​ကိစ္စ​ရော၊​ ဘာ​ရောညာ​ရောက ​တော်​တော်သက်သာသွား​တယ်။ အရင်တုန်း​ကလို​ပေါ့​ ရုံး​တင်ရက် ဘာညာဆိုရင်ပြီး​ ထုတ်စရာ မလို​တော့​ဘူး​။ သ​ဘောက ကိုယ့်​တိုင်ပင်နဲ့​ ကိုယ့်​ဟာကိုယ် ထွက်ဖို့​ပဲလိုတာ​လေ။ ထုတ်ချင်တဲ့​ ရက်မှာ ထွက်နိုင်တဲ့​ အ​နေအထား​တခု ​ရောက်​အောင်ပဲ စဉ်း​စား​ပြီး​ ထုတ်လိုက်ကြ​တော့​တယ်။ အချိန်ကို limit ​လေး​ လုပ်ထား​ပြီး​တော့​။ အရင်တုန်း​ကဆိုလို့​ရှိရင်​တော့​ ဘယ်​နေ့​ကို ​နောက်ဆက်တွဲ တင်ရမယ်၊​ ဘယ်​နေ့​ကို ရုံး​က အပြီး​တင်ရမယ်ဆိုတဲ့​ဟာမျိုး​ ရှိတာကိုး​။ အခုကျ​တော့​ ကိုယ့်​ဟာကိုယ်ပဲ ​ဖောင်ပိတ်မယ်၊​ ဘယ်​နေ့​ပိတ်မယ် ဆိုတဲ့​ဟာ​လေး​ လုပ်ပြီး​ ထုတ်လိုက်ကြတာပါပဲ။”

အခုစိစစ်​ရေး​ ကင်း​လွတ်ခွင့်​ မူဝါဒထဲမှာ​တော့​ အနုပညာ၊​ ကျန်း​မာ​ရေး​၊​ က​လေး၊​ နည်း​ပညာနဲ့​ အား​ကစား​အမျိုး​အစား​ ဂျာနယ် (၈၂) ​စောင်၊​ မဂ္ဂဇင်း​ (၉၆) ​စောင်အပါအဝင် ဒီအမျိုး​အစား​တွေနဲ့​ အကျုံး​ဝင်တဲ့​ အ​ထွေ​ထွေစာမူ​တွေနဲ့​အတူ ပုံပြင်၊​ ရုပ်ပြ၊​ ထီ​ပေါက်စဉ်​တွေ ပါဝင်ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013