DVB Logo
Home
မြန်မာသတင်း
မြေနုကျွန်း​ခွဲ​ဝေ​ရေး​ကိစ္စ ​ဆောင်ရွက်​ပေး​ရန် ပဲခူး​က လယ်သမား​များ​ ​တောင်း​ဆို
DVB
·
June 18, 2011
မြေနုကျွန်း​ခွဲ​ဝေ​ရေး​ကိစ္စ ​ဆောင်ရွက်​ပေး​ရန် ပဲခူး​က လယ်သမား​များ​ ​တောင်း​ဆို
1 / 2
Donate to DVB

တောင်ပိုင်း​တိုင်း​ စစ်တိုင်း​မှူး​ဘဝတုန်း​က မပြီး​ပြတ်​သေး​တဲ့​ ​မြေနုကျွန်း​ခွဲ​ဝေ​ရေး​ ကိစ္စကို ဆက်လက် ​ဆောင်ရွက်​ပေး​ဖို့​ ​မြေယာမဲ့​ ၆၃ ဦး​က ဇွန်လ ၁၂ ရက်​နေ့​မှာ ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကိုကို ဆီကို စာပို့​ ​တောင်း​ဆိုလိုက်ကြပါတယ်။

လွန်ခဲ့​တဲ့​ ၄ နှစ် တိုင်း​မှူး​ဘဝမှာ ဗိုလ်ချုပ်ကိုကိုက စစ်​တောင်း​မြစ်ထဲက ​မြေနုကျွန်း​တွေကို ပဲခူး​တိုင်း​၊​ ​ဝေါမြို့​နယ် စပ်စု​ကျေး​ရွာက လယ်သမား​ ၆၃ ဦး​ကို တဦး​ကို နှစ်ဧကနှုန်း​ ခွဲ​ဝေ​ပေး​ဖို့​ တိုင်း​လက်​အောက်ခံ ခရိုင်နဲ့​ မြို့​နယ်၊​ ​ကျေး​ရွာ အဆင့်​ဆင့်​ကို ညွှန်ကြား​ခဲ​ပေမယ့်​ အခုအချိန်အထိ မရ​သေး​တာ​ကြောင့်​ အခုလို စု​ပေါင်း​ လက်မှတ်ထိုး​ပြီး​ အ​ကြောင်း​ကြား​ လိုက်ကြတာပါ။

လက်မှတ်ထိုး​သူ ၆၃ ဦး​ထဲက တဦး​က “ကျ​နော်တို့​ ၂၀၀၇ ခုနှစ်က ​ဝေါမြို့​နယ် မယကမှာ ​လျှောက်ထား​ပေမယ့်​ မလုပ်​ပေး​တဲ့​အတွက် တိုင်း​မှူး​က အမှန်အကန်​တွေ လုပ်​ပေး​နေတယ်လို့​ ကြား​တော့​ တိုင်း​မှူး​ကို အား​ကိုး​ပြီး​ ပြန်​လျှောက်လိုက်တာပါ။”လို့​ ​ပြောပါတယ်။

စစ်​တောင်း​မြစ်ထဲမှာ ​မြေနုကျွန်း​တွေဟာ နှစ်စဉ် ဧကရာချီ​ပေါ်ထွန်း​တတ်ပြီး​၊​ ​ဒေသခံ​မြေယာမဲ့​တွေအ​နေနဲ့​ ​မြေနုကျွန်း​ပေါ်မှာ ထွန်ရက်စိုက်ပျိုး​လုပ်ကိုင်ခွင့်​ကို ဥပ​ဒေအတိုင်း​ ​လျှောက်ထား​ ပိုင်ဆိုင်ခွင့်​ရှိလည်း​ သိရပါတယ်။

ဒီလို​လျှောက်ထား​ပိုင်ခွင့်​နဲ့​ ပတ်သက်လို့​ ၆၃ ဦး​အမှုကို လိုက်ပါ ကူညီ​ပေး​နေသူတဦး​က အခုလို​ပြောပါတယ်။

“​မြေနုခွဲ​ဝေ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​နောက်ထပ် အထူး​ညွှန်ကြား​ချက်က ​မြေနုကိစ္စများ​နှင့်​ပတ်သက်ပြီး​ ခွဲ​ဝေ​ပေး​ရာတွင် ​ကျေး​ရွာ​မြေယာ​ကော်မတီ၏ သ​ဘောထား​နှင့်​သာ ​ဆောင်ရွက်ခွင့်​မရှိ၊​ သက်ဆိုင်ရာတိုင်း​သို့​ တင်ပြပြီး​မှသာ ​ပေး​ဝေခွင့်​ရှိသည်။ ​ကျေး​ရွာစည်း​လုံး​ညီညွတ်မှု မပျက်ပြား​ရေး​ကို ဦး​စား​ပေး​ ​ဆောင်ရွက်ရမည်။”

ဒါ​ပေမယ့်​ ၂၀၀၇ ခုနှစ်တုန်း​က ဖြစ်စဉ်မှာ တိုင်း​မှူး​က ​မြေနုကျွန်း​ ဧက (၇၀) ​ကျော်ကို ​လျှောက်ထား​တဲ့​ (၆၃) ဦး​ကို ခွဲ​ဝေ​ပေး​ဖို့​ ညွှန်ကြား​ပေမယ့်​ လက်​တွေ့​မှာ မရခဲ့​ကြတာပါ။

“ဗိုလ်ချုပ်ကိုကို ထုတ်​ပေး​လိုက်တဲ့​အမန့်​စာကို...၊​ ကျ​နော်တို့​ စပ်စု​ကျေး​ရွာမှာ လယ်ယာမဲ့​ ၆၃ ဦး​ကို ​ခေါ်ပြီး​တော့​ ၇၁.၈၈ ဧက ကို ​ဝေပြီး​ပါပြီလို့​ သူတို့​ တိုင်း​ကို လိမ်ပြီး​တော့​ တင်ထား​တယ်။ ကျ​နော်တို့​ကို လာ​ဝေတဲ့​အခါကျ​တော့​ ၃၅.၄၄ ဧက ​ဝေပါတယ်။ လာ​ဝေတဲ့​နေရာမှာလည်း​ လုပ်စား​လို့​မရတာက တဝက်​လောက် ပါပါတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ မယူတဲ့​အခါကျ​တော့​ သူတို့​နဲ့​ ပတ်သက်တဲ့​ လူ​တွေကို တဧက ၂ သိန်း​နှုန်း​နဲ့​ ​ရောင်း​စား​လိုက်ပါတယ်။”

ဒီအမှုနဲ့​ ပတ်သက်လို့​ ၂၀၁၀၊​ ​အောက်တိုဘာလကလည်း​ ခရိုင်ဥက္ကဋ္ဌ (ခယကဥက္ကဋ္ဌ)ရဲ့​ ညွှန်ကြား​ချက်နဲ့​ မြို့​နယ်အဆင့်​ စစ်​ဆေး​ရေး​အဖွဲ့​တဖွဲ့​၊​ ​ကျေး​ရွာအထိ ​ရောက်ခဲ့​ပေမယ့်​ မထူး​ခဲ့​ပါဘူး​။

အစိုး​ရသစ်လက်ထက်မှာ တိုင်း​မှူး​ဗိုလ်ချုပ်ကိုကို ကိုယ်တိုင်ပြည်ထဲ​ရေး​ဝန်ကြီး​ အဖြစ် ​ပြောင်း​လဲ တာဝန်ယူ​နေ​ပေမယ့်​၊​ ​ဝေါမြို့​နယ် ယခင် မယကနဲ့​ စပ်စုရွာ ရယက က​တော့​ နဂို​နေရာ​တွေမှာပဲ ဆက်ရှိ​နေကြသလို ​မြေနုကျွန်း​ခွဲ​ဝေ​ရေး​ကိစ္စကလည်း​ ဘာမှ ဆက်ထူး​ မလာပါဘူး​။

ဒါ​ကြောင့်​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ဟာ မြို့​နယ်အဆင့်​က အာဏာပိုင်​တွေနဲ့​ ​ပေါင်း​ပြီး​၊​ ဒီကိစ္စကို မရိုး​မသား​ လုပ်​နေတယ်လို့​ ၆၃ ဦး​အဖွဲ့​က ယူဆ​နေပါတယ်။

ဇွန်လ ၁၂ ရက်​နေ့​တုန်း​က ​ပေး​ပို့​ထား​တဲ့​ စာကိုက​တော့​ အရင်တိုင်း​မှူး​ဟောင်း​၊​ လက်ရှိပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကိုကို အပြင်၊​ ပဲခူး​တိုင်း​ဝန်ကြီး​ချုပ်၊​ ပဲခူး​တိုင်း​ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ဦး​စီး​ဌာနတို့​ကိုလည်း​ မိတ္တူပို့​ထား​တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013