DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ၀က်သားဈေးကျ
DVB
·
June 17, 2011
ရန်ကုန်တွင် ၀က်သားဈေးကျ
1 / 2
Donate to DVB

ဝက်နားရွက်ပြာရောဂါနဲ့ အမည်မဖော်ပြနိုင်တဲ့ ၀က်ရောဂါဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ၀က်သားတစ်ဆယ်သား ဈေးနှုန်းဟာ ကန်စွန်းရွက် တစည်းဈေးနှုန်း ကျပ် (၁၅၀) ထိ ကျဆင်းသွားပြီး ၀ယ်ယူစားသုံးမယ့်သူ မရှိလောက်အောင် ဖြစ်နေပါတယ်။

မန္တလေးမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက စတင်တွေ့တဲ့ ၀က်နားရွက်ပြာရောဂါဟာ မကွေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ဆက်လက်တွေ့လာတာပါ။

ဝက်တွေသေဆုံးမှု မတိုင်ခင်က ရန်ကုန်မြို့မှာ ၀က်သားဈေးဟာ တပိဿာကို ကျပ်ငွေ ၅၀၀၀ ကနေ ၇၀၀၀ ထိ အသီးသီးဈေးရှိနေရာက အခုအခါ  တပိဿာကို ၁၀၀၀ ကနေ ၂၀၀၀ အကြား ကျဆင်းလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတွေက ရောဂါကူးစက်ခံရမှာကို ကြောက်ပြီး ၀က်သားရှောင်နေကြပါတယ်။

ရန်ကုန်တိုင်း သံလျင်မြို့က အိမ်ရှင်မတဦးက  လက်ရှိဝက်သားဈေးနှုန်းကို ခုလို ပြောပါတယ်။

“အန္တရာယ်ကင်းရှင်းကြောင်း ဆိုပြီးတော့ အစိုးရက ထုတ်ပေးထားတဲ့ စာလေး ကပ်ပြီးတော့ ရောင်းကြတာ။ ဒါပေမယ့် လူတွေက မစားကြတော့တာပေါ့နော်။ ကန်စွန်းရွက်တစည်းကို ၁၅၀ ရှိပါတယ်။ ကန်စွန်းရွက်ဈေးနဲ့ ဝက်သားဈေး တန်းတူလောက် ဖြစ်နေတာပေါ့နော်။ ဝက်သား ၁ ပိဿာ ဝယ်လို့ရှိရင် ၁ ပိဿာ အလကားပေးတယ်။ လပေးနဲ့ ရောင်းတယ်။ ရောင်းသူတွေဘက်က အဲဒီလို လုပ်လာကြပေမယ့်လို့လည်း လူတွေက သိပ်ပြီးတော့ မစားကြပါဘူး ကြောက်ပြီးတော့ပေါ့။”

ပဲခူးတိုင်း မင်းလှမြို့မှာတော့ ၀က်သားရောင်းချခွင့် ပိတ်ပင်ထားတာ တပတ်ရှိပြီလို့ မြို့ခံတဦးက ပြောပါတယ်။

ဝက်နားရွက်ပြာရောဂါဖြစ်တဲ့ ၀က်တွေဟာ  နားရွက်၊ ခန္ဓာကိုယ်၊ အရေပြားနှင့် အင်္ဂါတွေမှာ  အပြာရောင် အကွက်များ ဖြစ်သွားပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် အရေပြားသွေးကြောတွေပေါက်ထွက်ပြီး အနီကွက်များ ဖြစ်လာကာ ကြာသည့်အခါ အပြာရောင်များ ဖြစ်သွားတယ်လို့ တိမွေးကုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သားလျှောခြင်း၊ အသေများ မွေးခြင်း၊ မသန်မစွမ်း ဝက်များ မွေးခြင်း၊  အစားပျက်ခြင်း၊ မှိုင်တွေခြင်း၊ ကိုယ်ပူရှိန်များပြီး ဖျားခြင်း၊ နှာရည်ယိုခြင်း၊  ချောင်းဆိုးခြင်းများ ဖြစ်ပေါ်မယ်လို့ မွေးမြူရေးနဲ့ ကုသရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီရောဂါပိုးဟာ လူကိုကူးစက်တဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013