DVB Logo
Home
သုံးသပျခကျြ
စာပေလွတ်လပ်ခွင့် ဖြေလျော့ပေးတာလား၊ တင်းကျပ် ချုပ်ချယ်လာတာလား
DVB
·
June 17, 2011
စာပေလွတ်လပ်ခွင့် ဖြေလျော့ပေးတာလား၊ တင်းကျပ် ချုပ်ချယ်လာတာလား
Donate to DVB

သတင်း​နဲ့​ စာ​ပေ​လောကသား​တွေ အား​လုံး​ ​မျှော်လင့်​နေကြတဲ့​ ပထမအဆင့်​ စာ​ပေလွတ်လပ်ခွင့်​ပေး​မှုကြီး​က​တော့​ ​ပေါ်ထွက်လာပါပြီ။ ဒါနဲ့​ပတ်သက်လို့​ ပြီး​ခဲ့​တဲ့​ ဇွန်လ (၈) ရက်​နေ့​က ဂျာနယ်၊​ မဂ္ဂဇင်း​နဲ့​ အ​ထွေ​ထွေ ထုတ်​ဝေသူ​တွေကို စာ​ပေစိစစ်​ရေး​က ​ခေါ်ယူရှင်း​လင်း​ခဲ့​ပါတယ်။ ရှင်း​လင်း​ပြီး​နောက်တနေ့​မှာ​တော့​ စာ​ပေစိစစ်​ရေး​က အသစ်ချမှတ်ထား​တဲ့​ စည်း​ကမ်း​တွေ၊​ အ​ရေး​ယူမယ့်​ ပုံစံ​တွေကိုပါ ထုတ်ပြန်​ပေး​ခဲ့​ပါတယ်။ အဲဒီ​နောက်ပိုင်း​ သတင်း​နဲ့​ စာ​ပေ​လောကသား​တွေရဲ့​ စိုး​ရိမ်မှုဟာ ပိုပြီး​ ကြီး​မား​လာပါတယ်။ ဒီလိုနဲ့​ပဲ ဇွန်လ ၁၃ ရက်​နေ့​က ပြုလုပ်ခဲ့​တဲ့​ စာ​ပေနဲ့​ စာနယ်ဇင်း​ အဖွဲ့​ ​တွေ့​ဆုံပွဲမှာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က ခုလို စာ​ပေစိစစ်​ရေး​ဆိုင်ရာ မူဝါဒ ​ပြောင်း​လဲကျင့်​သုံး​တာဟာ စာနယ်ဇင်း​ အသိုင်း​အဝိုင်း​အတွက် တင်း​တပ်ချုပ်ချယ်တာ မဟုတ်ပဲ ​ဖြေ​လျော့​တာသာ ဖြစ်​ကြောင်း​ တုန့်​ပြန်​ပြောဆိုသွား​ခဲ့​ပါတယ်။ ဒီလို ​ပြောလိုက်တဲ့​အတွက် လက်ရှိ ​ပြောင်း​လဲကျင့်​သုံး​မယ့်​ စာ​ပေစိစစ်​ရေး​မူဟာ ဘယ်လိုများ​ ဖြစ်မလဲဆိုတာ ဦး​ကျော်ဆန်း​ပြောတဲ့​ စကား​ထဲမှာ ဝန်ခံခဲ့​ပြီး​သလို ဖြစ်သွား​စေခဲ့​ပါတယ်။ အ​ကြောင်း​က​တော့​ ခု အပြောင်း​အလဲ ဆိုတာကို သတင်း​နဲ့​ စာ​ပေအသိုင်း​အဝိုင်း​က ပိုပြီး​ တင်းကျပ်ချုပ်ချယ်တာလို့​ မြင်​နေကြတဲ့​ အတွက်​ကြောင့်​ပဲ ဖြစ်ပါတယ်။ ခုတပတ် အဲဒီ စာ​ပေစိစစ်​ရေး​ဆိုင်ရာ မူဝါဒအ​ကြောင်း​ ​ဆွေး​နွေး​တင်ပြသွား​ပါ့​မယ်။

လက်ရှိ ​ပြောင်း​လဲလိုက်တဲ့​ စာ​ပေစိစစ်​ရေး​ဆိုင်ရာ မူဝါဒအရ ဂျာနယ်၊​ မဂ္ဂဇင်း​တွေနဲ့​ အ​ထွေ​ထွေ ထုတ်​ဝေသူ​တွေကို အုပ်စု (၂) စုခွဲလိုက်ပါတယ်။ ပထမ အုပ်စု (၁) မှာ အနုပညာ သုတ ရသ၊​ က​လေး​၊​ ကျန်း​မာ​ရေး​၊​ နည်း​ပညာ၊​ အား​ကစား​ (၅) မျိုး​ပါဝင်ပြီး​ အုပ်စု (၂) မှာ​တော့​ သတင်း​ဂျာနယ်နဲ့​ ကျန်တဲ့​ အမျိုး​အစား​တွေ ပါဝင်ပါတယ်။ မူသစ်အရ အုပ်စု (၁) မှာပါတဲ့​ အား​ကစား​ အပါအဝင် အနုပညာဆိုင်ရာ ဂျာနယ်နဲ့​ မဂ္ဂဇင်း​တွေကို အရင်လို စာ​ပေစိစစ်​ရေး​ကို တင်ပြစရာ မလိုဘဲ ထုတ်ပြန်ထား​တဲ့​ စည်း​ကမ်း​တွေနဲ့​အညီ ကိုယ့်​ဘာသာကိုယ် ထုတ်​ဝေခွင့်​ရ​တော့​မယ်လို့​ ဆိုပါတယ်။ ကျန်တာ​တွေက​တော့​ အရင်အတိုင်း​ အစစ်​ဆေး​ခံကြရဦး​မှာ ဖြစ်ပါတယ်။ ဒီအတွက် အုပ်စု (၁) မှာ ပါသူ​တွေက လွတ်လပ်ခွင့်​ရလာပြီး​ အုပ်စု (၂) မှာ ပါသူ​တွေက​တော့​ အရင်အတိုင်း​ပဲလို့​ ထင်​ကောင်း​ထင်ကြပါလိမ့်​မယ်၊​ တကယ့်​တကယ် လက်တွေ့​မှာ​တော့​ အဲဒီလို မဟုတ်ခဲ့​ပါဘူး​။

ဒီလို မဟုတ်ခဲ့​တဲ့​ အ​ကြောင်း​ရင်း​တွေအနက် ပထမတချက်က​တော့​ စာ​ပေစိစစ်​ရေး​က အသစ်ထုတ်ပြန်လိုက်တဲ့​ စာ​ပေစိစစ်​ရေး​မူ (၁၂) ချက်နဲ့​ အ​သေး​စိတ်ရမယ့်​ အချက် (၁၆) ချက်​ကြောင့်​ ဖြစ်ပါတယ်။ တကယ့်​တကယ် ​လေ့လာကြည့်​ရင် ဒီအချက်​တွေဟာ လိုက်နာဖို့​ ခက်ခဲသလို အပြည့်​အဝ လိုက်နာခဲ့​ရင် ဘယ်လို သတင်း​ ​ဆောင်း​ပါး​မျိုး​ကိုမှ ​ရေး​လို့​ မရနိုင်ဘူး​ဆိုတဲ့​ အ​ဖြေကို ရပါတယ်။ စာ​ပေစိစစ်​ရေး​မူ (၁၂) ချက်ထဲမှာ ကြီး​မား​တဲ့​အချက်​တွေပါသလို အချက်နံပါတ် (၁၁)မှာ​တော့​ ပြည်သူတဦး​ချင်း​၏ ကိုယ်ပိုင်လွတ်လပ်ခွင့်​နှင့်​ ဂုဏ်သိက္ခာကို ထိခိုက်​ရေး​သား​ ​ဖော်ပြခြင်း​မပြုရ၊​ ဆိုပြီး​ ​ဖော်ပြထား​ပါတယ်။ တကယ်​တော့​ ဒီအချက်ဟာ အများ​ကြီး​ ကျယ်ပြန့်​ပါတယ်။ ဒီအချက်​ကြောင့်​ နိုင်ငံ​ခေါင်း​ဆောင်​တွေ ဝန်ကြီး​တွေ အစိုး​ရ အရာရှိ​တွေ မ​တော်မတရား​ လုပ်တာ​တွေကို ​ဖော်ထုတ်​ရေး​သား​ရ ခက်သွား​စေပါတယ်။ ဒါတင်မက ပြည်သူ​တွေ သိချင်​နေတဲ့​ လုပ်ငန်း​ရှင် သူ​ဌေး​ကြီး​တွေ၊​ အနုပညာအသိုင်း​အဝိုင်း​က နာမည်ကြီး​သူများ​ရဲ့​ အ​ကြောင်း​တွေကိုလည်း​ ​ရေးသား​ရ ခက်သွား​စေပါတယ်။

အ​သေး​စိတ် အ​ခြေခံရမည့်​ အချက် (၁၆) ချက်ထဲမှာ ပါတာ​တွေက လိုက်နာဖို့​ ပိုပြီး​ ခက်ခဲပါတယ်။ ဥပမာအား​ဖြင့်​ နိုင်ငံ​ရေး​ခေါင်း​စဉ်​အောက်က အချက် နံပါတ် (၄)မှာ အဂတိလိုက်စား​မှု၊​ တရား​မဝင် မူး​ယစ်​ဆေး​ဝါး​ ထုတ်လုပ်​ရောင်း​ဝယ်မှု၊​ အဓမ္မ လုပ်အား​ပေး​ ​စေခိုင်း​မှု၊​ လူကုန်ကူး​မှု က​လေး​စစ်သား​ စ​သောအ​ကြောင်း​အရာတို့​နှင့်​ ပတ်သက်ပြီး​ သတင်း​အရင်း​အမြစ် မခိုင်မာဘဲ ​ရေး​သား​ဖော်ပြခြင်း​ မပြုရလို့​ ​ဖော်ပြထား​ပါတယ်။ အလား​တူ စီး​ပွား​ရေး​ ​ခေါင်း​စဉ်​အောက်က နံပါတ် (၂) မှာဆိုရင် သတင်း​အရင်း​အမြစ် မခိုင်မာ​သော စီး​ပွား​ရေး​ဆိုင်ရာ အချက်အလက်များ​ သတင်း​ ​ဆောင်း​ပါး​နှင့်​ ဓာတ်ပုံများ​အား​ ​ဖော်ပြခြင်း​မပြုရလို့​ ပါပါတယ်။ ဒါတင်မက အ​ထွေ​ထွေ ​ခေါင်း​စဉ်​အောက်က အချက် နံပါတ် (၁) မှာ ဌာနဆိုင်ရာ လုပ်ငန်း​များ​၊​ ပုဂ္ဂလိက လုပ်ငန်း​များ​၏ အား​နည်း​ချက်များ​အား​ ​ထောက်ပြ​ဝေဖန်ရာတွင် အချိန် ​နေရာ၊​ အဖွဲ့​အစည်း​အမည် စသဖြင့်​ သတင်း​အရင်း​အမြစ်နှင့်​ အ​ထောက်အထား​ ခိုင်လုံစွာ ​ရေး​သား​ဖော်ပြရမည် ဆိုပြီး​ ထည့်​သွင်း​ထား​ပါတယ်။

တကယ်​တော့​ မြန်မာနိုင်ငံမှာ အစိုး​ရဌာနဆိုင်ရာ​တွေ​ရော ပုဂ္ဂလိက လုပ်ငန်း​တွေကိုပါ ပြည်သူ​တွေ သိသင့်​သိထိုက်တဲ့​ သတင်း​အချက်အလက်​တွေ ထုတ်ပြန်​ပေး​ဖို့​ ဥပ​ဒေပြဋ္ဌာန်း​​ထား​တာ၊​ ညွှန်ကြား​ထား​တာ မရှိပါဘူး​။ ဒါတင်မက သတင်း​ဌာန​တွေက သတင်း​အချက်အလက်​တွေကို ​မေး​လာရင် ပြန်ပြီး​ ​ဖြေကြား​ပေး​ဖို့​ တာဝန်ရှိတယ်လို့​လည်း​ ပြဋ္ဌာန်း​ထား​တာ မရှိပါဘူး​။ ဒီလို အခြေအ​နေ​အောက်မှာ သတင်း​ရင်း​မြစ် တိကျခိုင်လုံမှ ​ရေး​ဖို့​ ဆိုတာ ဘာကိုမှမ​ရေး​နဲ့​လို့​ ညွှန်ကြား​လိုက်တာနဲ့​ အတူတူပါပဲ။ ဒါတင်မက သတင်း​ရေး​တဲ့​အခါ အချိန် ​နေရာ၊​ အဖွဲ့​အစည်း​အမည် စသဖြင့်​ တိတိကျကျ ​ရေး​ခိုင်း​တယ် ဆိုတာဟာလည်း​ သတင်း​ရေး​တာနဲ့​ မတူဘဲ တိုင်စာ​ရေး​ခိုင်း​သလို ဖြစ်​နေတာ​ကြောင့်​ သတင်း​ရင်း​မြစ်​တွေကို ကာကွယ်ရမယ် ဆိုတဲ့​ သတင်း​စာလုပ်ငန်း​ ကျင့်​ဝတ်​တွေနဲ့​လည်း​ ​သွေဖည်သလို ဖြစ်​စေပါတယ်။

ဒီထက်ဆိုး​တဲ့​ အဆိုး​ဆုံး​ ကိစ္စက​တော့​ သတင်း​နဲ့​ စာ​ပေသမား​တွေအတွက် စာ​ပေစိစစ်​ရေး​ ကြီး​ကြပ်မှု ဗဟိုအဖွဲ့​ ဆိုတဲ့​ ​နောက်ထပ် တရား​ရုံး​တခုကို တရား​ဝင် ထူ​ထောင်လိုက်ခြင်း​ ဖြစ်ပါတယ်။ တကယ်ဆိုရင် နဂိုက ဒီအဖွဲ့​ဟာ ဂျာနယ် မဂ္ဂဇင်း​တွေနဲ့​ စာ​ပေထုတ်​ဝေသူ​တွေကို မထုတ်ခင် လာပြီး​တင်ပြ၊​ သူတို့​က စိစစ်မယ်၊​ သူတို့​က လိုအပ်မယ် ထင်တာ​တွေကို ဖြုတ်ခိုင်း​တာ၊​ ပယ်ခိုင်း​တာ၊​ ဆိုင်း​ငံ့​ခိုင်း​တာ စသဖြင့်​ ညွှန်ကြား​မယ်၊​ တကယ်လို့​ အဲဒီ ညွှန်ကြား​ချက်​တွေကို မလိုက်နာဘူး​ မထည့်​ခိုင်း​တာ ထည့်​တယ်၊​ မျက်နှာဖုံး​မှာ မတင်ခိုင်း​တာ တင်တယ် စသဖြင့်​ လုပ်လာတာမျိုး​ဆိုရင်​တော့​ ​ခေါ်ယူသတိ​ပေး​တာ၊​ လက်မှတ်ထိုး​ခိုင်း​တာ၊​ ဂျာနယ် မဂ္ဂဇင်း​ကို တပတ်နား​ခိုင်း​တာ၊​ နှစ်ပတ်နား​ခိုင်း​တာ စသဖြင့်​ အဆင့်​ဆင့်​ အ​ရေး​ယူပိုင်ခွင့်​ရှိတဲ့​ အဖွဲ့​အစည်း​ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ သူတို့​က ဖြုတ်ပယ်ခိုင်း​တာ​တွေ ဖြုတ်ပယ်ပြီး​နောက် ထုတ်​ဝေတဲ့​ စာအ​ရေး​အသား​တွေနဲ့​ ပတ်သက်ပြီး​ ပြသနာတစုံတခု​ပေါ်ရင် တရား​ဝင် ဝင်​ရောက်ဆုံး​ဖြတ်​ပေး​ပိုင်ခွင့်​တော့​ မရှိခဲ့​ပါဘူး​။ ကာယကံရှင်​တွေကို အလွတ်သ​ဘော ​ခေါ်ယူညှိနှိုင်း​ပေး​တာလောက်ပဲ ရှိခဲ့​ပြီး​ တရား​ရုံး​တွေက​နေ တဆင့်​သာ ​ဖြေရှင်း​ကြရပါတယ်။ ခု မူဝါဒ အသစ်မှာ​တော့​ ဒီလို မဟုတ်​တော့​ပါဘူး​။ ဂျာနယ်တစောင် မဂ္ဂဇင်း​ တစောင်ဟာ စာ​ပေစိစစ်​ရေး​ရဲ့​ ချမှတ်ထား​တဲ့​ စီမံခန့်​ခွဲမှုဆိုင်ရာ စည်း​ကမ်း​ချက်​တွေကို လိုက်နာသည်ထား​ဦး​ အ​ရေး​အသား​နဲ့​ ပတ်သက်လို့​ ပုဂ္ဂိုလ်တစုံတဦး​က တိုင်ကြား​လာရင် ဖြစ်​စေ၊​ ကုမ္ပဏီတခု အစိုး​ရဌာန တခုက အ​ကြောင်း​ကြား​လာရင်ဖြစ်​စေ၊​ သက်ဆိုင်ရာ သတင်း​ရေး​သား​သူကို ​ခေါ်ယူ၊​ ခုံရုံး​ဖွဲ့​ စစ်​ဆေး​ခွင့်​ရှိတယ်လို့​ မူဝါဒအသစ် ညွှန်ကြား​ချက်အမှတ် ၄၇ မှာ အတိအလင်း​ ပြဋ္ဌာန်း​​လာပါတယ်။

ဒီလို စစ်​ဆေး​မှုကို အဆင့်​(၃) ဆင့်​ခွဲပြီး​ ပြုလုပ်မယ် ဆို​ပေမယ့်​ ​နောက်ဆုံး​အဆင့်​ အဆုံး​အဖြတ်​ပေး​မှာက​တော့​ ကြီး​ကြပ်မှု ဗဟိုအဖွဲ့​ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့​ရဲ့​ စစ်​ဆေး​စီရင်ပိုင်ခွင့်​ အမြင့်​ဆုံး​အာဏာက​တော့​ ကျပ်​ငွေ သိန်း​ (၅ဝ) အထိ ဒါဏ်​ငွေချမှတ်နိုင်ခြင်း​ ဖြစ်ပါတယ်။

ဒီ​တော့​ လက်ရှိ စာ​ပေစိစစ်​ရေး​ မူဝါဒအသစ်ကို သုံး​သပ်ရရင် အား​ကစား​ ဂျာနယ်​တွေအပါအဝင် အမျိုး​အစား​ (၅)မျိုး​ ကို စိစစ်​ရေး​တင်စရာ မလိုပဲ ထုတ်​ဝေခွင့်​ပြုတာကလွဲရင် ကျန်အချက်အလက်​တွေက​တော့​ ပိုပြီး​ တင်း​ကျပ်လာတာ​တွေ့​မြင်နိုင်ပါတယ်။ ထင်ရှား​တဲ့​ ဥပမာ​တွေက​တော့​ တကယ်သတင်း​ရေး​နေတဲ့​ သတင်း​ဂျာနယ်​တွေ အပါအဝင် ဂျာနယ်အများ​စုကြီး​ဟာ နဂိုကအတိုင်း​ စိစစ်မှုအဆင့်​ဆင့်​ ခံယူခိုင်း​တာ၊​ လိုက်နာဖို့​ ခက်ခဲလှတဲ့​ စည်း​ကမ်း​ချက် (၂၈) ချက် ထုတ်ပြန်လာတာ၊​ အဆိုး​ဆုံး​က​တော့​ အရင်က မရှိခဲ့​ဖူး​တဲ့​ စာ​ပေစိစစ်​ရေး​ ဗဟိုကြီး​ကြပ်မှုအဖွဲ့​ တရား​ရုံး​ဆိုတာ​ပေါ်​ပေါက်လာပြီး​ ကျပ်သိန်း​ ၅ဝ အထိ စီရင်ပိုင်ခွင့်​ရယူပြီး​ ဆုံး​ဖြတ်မယ် ဆိုတာ​တွေပဲ ဖြစ်ပါတယ်။ ဒီလိုနည်း​အား​ဖြင့်​ ဦး​ကျော်ဆန်း​နဲ့​ စာ​ပေစိစစ်​ရေး​အဖွဲ့​ဟာ သူတို့​ လူစု​တွေရဲ့​ ဩဇာကိုကြီး​သထက် ကြီး​အောင် ဖန်တီး​ရင်း​ သတင်း​နဲ့​ စာ​ပေ​လောကမှာ ဆက်လက် တင်း​ကျပ် ဖိနှိပ်မှု​တွေ ပြုလုပ်​နေဆဲ ဖြစ်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013