DVB Logo
Home
နိုင်ငံရေး
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ နိုင်ငံအနှံ့ ပြုလုပ်
DVB
·
June 17, 2011
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ နိုင်ငံအနှံ့ ပြုလုပ်
1 / 2
Donate to DVB



နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ဆု​တောင်း​ပွဲ​တွေကို မန္တ​လေး​နဲ့​ ရန်ကုန်အပါအဝင် မြို့​တချို့​မှာ မ​နေ့​က တပြိုင်တည်း​ပြုလုပ်ခဲ့​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​ သမ္မတဆီကို စာ​ရေး​တောင်း​ဆိုခဲ့​ကြတယ်လို့​ စီစဉ်သူ​တွေက ​ပြောပါတယ်။

ဇွန် ၁၆ ရက်​နေ့​ ၈ နာရီက​နေ ၁၂ နာရီအထိ ရန်ကုန်မြို့​ထဲက အနည်း​ဆုံး​ ၃ ​နေရာမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေနဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​သူ​တွေ ရာချီ စုဝေး​ကြပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုထား​တဲ့​ စာကို စု​ပေါင်း​လက်မှတ်ထိုး​ခဲ့​ကြတယ်လို့​ သိရပါတယ်။

ရန်ကုန်တိုင်း​ထဲက သုံး​ခွမြို့​နယ် ရှစ်မျက်နှာဘုရား​မှာလုပ်တဲ့​ ဝတ်ပြုဆု​တောင်း​ပွဲ အ​ကြောင်း​ကို​တော့​ သုံး​ခွအဖွဲ့​ချုပ်ဝင် ကိုယဉ်​အေး​က အခုလို​ပြောပါတယ်။

“ရန်ကုန်တိုင်း​ သုံး​ခွမြို့​နယ် ရှစ်မျက်နှာ ဘုရား​ထဲက အင်္ဂါ​ထောင့်​မှာ လွတ်​မြောက်နိုင်ဖို့​အတွက်ကို ကျ​နော်တို့​ ဆု​တောင်း​ပြီး​တော့​ လက်မှတ်​ရေး​ထိုး​ပြီး​ ဗိုလ်ချုပ်သိန်း​စိန် သမ္မတဆီကို မနက်ဖြန် ဖက်စ်နဲ့​ ကျ​နော်တို့​ ပို့​မယ်။ အား​လုံး​ပဲ ညီညီညွတ်ညွတ်နဲ့​ လက်မှတ်ထိုး​ကြတယ်။ အာဏာပိုင် အဖွဲ့​အစည်း​တွေ ​နှောင့်​ယှက်တာ မရှိဘူး​။ နည်း​နည်း​ပါး​ပါး​တော့​ လာ​စောင့်​ကြည့်​ကြတာ​တော့​ ရှိတယ်။ ကျန်တဲ့​ အခက်အခဲ​တော့​ မရှိဘူး​။”

အလား​တူ မန္တ​လေး​မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှုကို အချိန်ကိုက်ပြုလုပ်ခဲ့​ကြပါတယ်။

“ယုံကြည်ချက်​ကြောင့်​ ကျ​နေတဲ့​ ပုဂ္ဂိုလ်​တွေကျ​တော့​ တနှစ်ပဲ ခံစား​ခွင့်​ ရတယ်ဆို​တော့​ ​တော်​တော်မတရား​လို့​ ကျ​နော်တို့​ ဆု​တောင်း​ပွဲ လုပ်ပြီး​တော့​မှ သမ္မတဦး​သိန်း​စိန် ဆီမှာ ဒီက​နေ့​ ​နေ့​စွဲ (ဇွန် ၁၆) နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုက မှတ်ပုံတင်အပြည့်​အစုံနဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ဖို့​ရာအတွက် ဦး​သိန်း​စိန်ကို ကျ​နော်တို့​ စာနဲ့​တကွ မှတ်ပုံတင်နဲ့​ တကွ လက်မှတ်ထိုး​ပြီး​တော့​မှ ​မေတ္တာရပ်ခံတဲ့​စာ ​ပေး​ပို့​မယ်။”

မန္တ​လေး​တိုင်း​အဖွဲ့​ချုပ်ဝင် ဦး​ကိုကိုကြီး​အိမ်မှာလုပ်တဲ့​ အဲဒီဆု​တောင်း​ပွဲကိုလည်း​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ မိသား​စု​တွေ လာ​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

အလား​တူ မန္တ​လေး​တိုင်း​ထဲက မိထ္ထီလာမြို့​မှာလည်း​ လှုပ်ရှား​သူ​တွေဟာ ​ဖောင်​တော်ဦး​ဘုရား​မှာ ဝတ်ပြုဆု​တောင်း​ပြီး​ သမ္မတဆီ ပို့​မယ့်​စာမှာ စု​ပေါင်း​ လက်မှတ်ထိုး​ခဲ့​တယ်လို့​ မိထ္ထီလာအဖွဲ့​ချုပ် ​ခေါင်း​ဆောင် တ​ယောက်ဖြစ်တဲ့​ ​ဒေါ်မြင့်​မြင့်​အေး​က အခုလို​ပြောပြပါတယ်။

“နိုင်ငံ​ရေး​အကျဉ်း​သား​မရှိဘူး​ဆိုတာ အရင်တရား​မဝင် အာဏာသိမ်း​ အစိုး​ရရဲ့​ အဆိုအမိန့်​ပဲ။ ဒါကို ​ရွေး​ကောက်ပွဲနဲ့​ တက်လာတဲ့​ သမ္မတကြီး​ အရပ်သား​အစိုး​ရ အ​နေနဲ့​က ဒီအ​မွေကို ဆက်ခံမယ်ဆိုရင် တရား​မဝင်အစိုး​ရအဖြစ်နဲ့​ ကိုယ့်​ကိုယ်ကိုယ် တဆင့်​လျှော့​ချသလို အဓိပ္ပာယ် သက်​ရောက်​နေမယ်လို့​ ကျမတို့​က စာထဲမှာ ဆိုလိုထား​တာ။ ​နောက်တခုက နိုင်ငံတနိုင်ငံမှာ အစိုး​ရသစ် ​ပေါ်လာတိုင်း​ ​ပေါ်လာတိုင်း​ အစိုး​ရ​ဟောင်း​များ​ ဖမ်း​ဆီး​အကျဉ်း​ချထား​တဲ့​ အကျဉ်း​သား​များ​အား​လုံး​ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ကြတယ်ဆိုတာ သာမန်တာဝန်ပဲ။ ဒီတာဝန်ကို မ​ကျေပွန်နိုင်ဘူး​ဆိုရင် အစိုး​ရသစ် မမည်နိုင်ဘူး​လို့​။ သမ္မတကြီး​ ထုတ်ပြန်ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ကလည်း​ သမ္မတကြီး​ ဂုဏ်သိက္ခာနဲ့​ မထိုက်တန် လောက်​အောင် ကျဉ်း​မြောင်း​နေတယ်လို့​။ အဲဒါ​ကြောင့်​ ​ကျောသား​ရင်သား​ မခွဲခြား​ဘဲနဲ့​ အစိုး​ရ​ဟောင်း​က ဖမ်း​ဆီး​ထား​တဲ့​ အကျဉ်း​သား​ အား​လုံး​ကို​ပေါ့​၊​ အထူး​သဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို လွှတ်​ပေး​သာလျှင် စစ်မှန်​သော good government ၊  clean government ဖြစ်​မြောက်နိုင်မယ်ဆိုတဲ့​ အ​ကြောင်း​ကို ကျမတို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​၊​ အကျဉ်း​ကျ မိသား​စုများ​၊​ နိုင်ငံ​ရေး​သမား​များ​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို လွတ်​မြောက်​စေလိုသူ များ​က စု​ပေါင်း​ပြီး​ လက်မှတ်ရေး​ထိုး​ပြီး​ တင်ထား​ပါတယ်။”

ဒီလိုမျိုး​ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​ပွဲ​တွေကို ကချင်ပြည်နယ်မိုး​ကောင်း​၊​ ရခိုင်ပြည်နယ်တို့​မှာလည်း​ပြုလုပ်တယ်လို့​ သိရပါတယ်။

မြန်မာပြည်​နေရာ အနှံ့​မှာ မ​နေ့​က လုပ်တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​ပွဲ​တွေကို လုံခြုံ​ရေး​တွေက ​စောင့်​ကြည့်​တာ​လောက်ပဲရှိပြီး​ အ​နှောင့်​အယှက် ​ပေး​တာ​တော့​မရှိဘူး​လို့​ စီစဉ်သူ​တွေက ​ပြောပါတယ်။

မိထ္ထီလာ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​ ဒေါ်မြင့်​မြင့်​အေး​က အခုလို​ပြောပါတယ်။

“အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​ထောင်ထဲက နိုင်ငံ​ရေး​သမား​တွေ အ​နေနဲ့​ ကလည်း​ပဲ ဟို​ထောင်မှာ ကျလိုက်ရ ဒီ​ထောင်မှာ ကျလိုက်ရနဲ့​ ​ပေါ့​နော် အစာငတ်ခံ ဆန္ဒပြတယ်။ သူတို့​ရဲ့​ အကျဉ်း​သား​အ​ရေး​တွေ ​တောင်း​ဆို​နေရတာနဲ့​ ပတ်သက်ပြီး​ ကျမတို့​လည်း​ အပြင်က​နေ စိတ်မချမ်း​သာဘူး​။ ကျမတို့​ အပြင်က​နေပြီး​တော့​ ကျမတို့​လုပ်သင့်​တာ ဒီ​လောက်မှ လုပ်မ​ပေး​ရင်လည်း​ ကျမတို့​ကိုယ် ကျမတို့​ တာဝန်မ​ကျေဘူး​လို့​ ယူဆတယ်။ ကျမတို့​ မှတ်ပုံတင် နံပါတ်တို့​၊​ ​နေရပ်တို့​၊​ မှတ်ချက်တို့​ ပြည့်​ပြည့်​စုံစုံနဲ့​ တင်တာပါ။ ကျမတို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ လွှတ်​ပေး​တာ တလပြည့်​တဲ့​ ​နေ့​မှာ ဒါ ပထမအကြိမ် စလုပ်တယ်လို့​ ​ပြောလို့​ရပါတယ်။”

ပဲခူး​တိုင်း​ အ​နောက်ခြမ်း​ ဇီး​ကုန်း​မြို့​နယ် မြသိန်း​တန် ဘုရား​ကြီး​မှာလည်း​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​လွတ်​မြောက်ဖို့​အတွက် ဝတ်ပြုဆု​တောင်း​ပွဲတခု မ​နေ့​က ပြုလုပ်ခဲ့​ပါတယ်။

ဒီအ​တောအတွင်း​မှာ ငြိမ်း​ချမ်း​ရေး​လိုလား​သူ​တွေကလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​အတွက် လက်မှတ်​တွေ ရာ​ပေါင်း​များ​စွာ စုစည်း​ပြီး​၊​ သမတဦး​သိန်း​စိန်ဆီကို ​ပေး​ပို့​နေတာ၊​ အပတ်စဉ်အင်္ဂါနဲ့​ တနင်္ဂ​နွေ​နေ့​တိုင်း​မှာ ဘုရား​သွား​ပြီး​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ဆု​တောင်း​တာ​တွေ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ ကျယ်ကျယ်ပြန့်​ပြန့်​ လုပ်​ဆောင်​နေကြပါတယ်။

မြန်မာပြည်က အကျဉ်း​ထောင်အသီး​သီး​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ​ကျော်အကျဉ်း​ချခံ ​နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013