DVB Logo
Home
နိုင်ငံရေး
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပြည်သူများပါဝင်ရန် ဆော်ဩ
DVB
·
June 15, 2011
Donate to DVB

နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​ပွဲနဲ့​ အား​ပေး​ ​တွေ့​ဆုံပွဲမှာ ပြည်သူတရပ်လုံး​ပါဝင်ဖို့​ ပြည်တွင်း​ နိုင်ငံ​ရေး​တက်ကြွလှုပ်ရှား​သူအဖွဲ့​ ၁၀ ဖွဲ့​က တိုက်တွန်း​လိုက်ပါတယ်။

၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကို ဦး​ဆောင်ခဲ့​တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ သံဃတပ်​ပေါင်း​စုအဖွဲ့​ကြီး​၊​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​များ​နဲ့​ ဗမာနိုင်ငံလုံး​ ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် စတဲ့​ ပြည်တွင်း​ တက်ကြွလှုပ်ရှား​တဲ့​ အဖွဲ့​ဆယ်ဖွဲ့​ရဲ့​ ပူး​တွဲ​ကြေညာချက်မှာ ငြိမ်း​ချမ်း​ဖွံ့​ဖြိုး​တဲ့​ နိုင်ငံထူ​ထောင်​ရေး​ မြန်မာ့​နိုင်ငံ​ရေး​ ပြဿနာ​တွေထဲမှာ ဦး​စား​ပေး​ ​ဖြေရှင်း​မယ့်​အ​ရေး​ဟာ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ဖြစ်တယ်။

ဒါ​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​တွေ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှုမှာ ပြည်သူ​တွေ ပါဝင်ဖို့​ တိုက်တွန်း​တာလို့​ အဖွဲ့​ရဲ့​ ပူး​တွဲ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

သမ္မတ ဦး​သိန်း​စိန်ရဲ့​ အစိုး​ရသစ် ​ပေါ်​ပေါက်​နေ​ပေမယ့်​ စစ်ဝတ်စုံချွတ်ပြီး​ တက်လာတဲ့​အစိုး​ရ ဖြစ်သလို လက်ရှိဘက်​ပေါင်း​စုံ အကျပ်အတည်း​ဆိုက်​နေတဲ့​ တိုင်ပြည်နဲ့​ လူထုအ​ခြေအ​နေ တစုံတရာ ​ပြောင်း​လဲ မလာဘူး​လို့​ ​ထောက်ပြထား​ပါတယ်။

ဒီလိုပြည်သူ​တွေကို ပန်ကြား​တိုက်တွန်း​တာနဲ့​ ပတ်သက်ပြီး​ မြန်မာနိုင်ငံလုံး​ ဆိုင်ရာ သံဃာ့​တပ်​ပေါင်း​စုအဖွဲ့​ကြီး​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ အရှင် ဦး​ဓမ္မသီရိက အခုလို မိန့်​ပါတယ်။

“​အေး​ချမ်း​သာယာတဲ့​ နိုင်ငံကို ထူ​ထောင်တဲ့​နေရာမှာ ပထမဆုံး​ အ​ရေး​တကြီး​ လိုအပ်တာ နိုင်ငံ​ရေး​ ပြဿနာ​တွေ ​ပြေလည်ဖို့​။ အဲဒီနိုင်ငံ​ရေး​ ပြဿနာ​တွေ ​ပြေလည်ဖို့​ဆိုရင် အယူအဆ​တွေ မတူလို့​ စစ်အစိုး​ရလက်ထက်မှာ ဖမ်း​ဆီး​ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့​ လိုအပ်တယ်။ အဲဒီအတွက်ကို ပြည်သူလူထုကြီး​တရပ်လုံး​က ဦး​ဇင်း​တို့​ သံဃာတပ်​ပေါင်း​စုအပါအဝင် အဖွဲ့​ ၁၀ ဖွဲ့​နဲ့​ ပူး​ပေါင်း​ပြီး​တော့​ အစိုး​ရကို ဖိအား​ပေး​ကြပါ။ ဦး​ဇင်း​တို့​ကို အား​ပေး​ကြပါလို့​ နှိုး​ဆော်ရခြင်း​ဖြစ်တယ်။ ​လော​လောဆယ် ဦး​ဇင်း​တို့​ တန်ခိုး​ကြီး​ဘုရား​မှာ သွား​ပြီး​တော့​ ဥပုဒ်​နေ့​တိုင်း​ ဝတ်ပြုဆု​တောင်း​ခြင်း​နဲ့​ပဲ မိမိတို့​ဆန္ဒကို ထုတ်​ဖော်ပြသကြမယ်။ ပထမ​ခြေလှမ်း​အ​နေနဲ့​၊​ ဒုတိယ​ခြေလှမ်း​အ​နေနဲ့​တော့​ သူတို့​က မလိုက်​လျောလာဘူး​ဆိုရင် ဦး​ဇင်း​တို့​က ထပ်ပြီး​တော့​ ​တောင်း​ဆိုတိုက်ပွဲဝင်ဖို့​ ရှိတယ်။”

လတ်တ​လောမှာ အစိုး​ရတပ်​တွေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​တွေအကြား​ စစ်မက်ဖြစ်ပွား​နေတာနဲ့​ ပတ်သက်ပြီး​ အရှင် ဦး​ဓမ္မသီရိက သ​ဘောထား​ကို အခုလို မိန့်​ပါတယ်။

“အဲဒီနိုင်ငံ​ရေး​ ပြဿနာ​တွေ ​ပြေလည်ဖို့​အတွက် ပထမဆုံး​အဆင့်​အ​နေနဲ့​ နိုင်ငံ​ရေး​သမား​တွေကို စပြီး​တော့​ ခြွင်း​ချက်မရှိ အကုန်လုံး​ လွှတ်​ပေး​ရမယ်။ ပြီး​မှ သုံး​ပွင့်​ဆိုင် ရင်ကြား​စေ့​ရေး​၊​ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​နဲ့​ ​ဖြေရှင်း​သွား​ဖို့​၊​ အဲဒါဆိုရင် လက်နက်ကိုင်တဲ့​လူကလည်း​ မကိုင်​တော့​ဘူး​။ ဒါမှသာလျှင် စစ်မှန်ပြီး​ ​အေး​ချမ်း​သာယာတဲ့​ နိုင်ငံသစ်ကို ထူ​ထောင်တဲ့​အစိုး​ရသစ်လို့​ ဦး​ဇင်း​တို့​က ယုံကြည်လို့​ရမယ်။ အခု​တော့​ ဒီလိုမဟုတ်ဘဲနဲ့​ စစ်အစိုး​ရရဲ့​ ပုံစံတိုင်း​ပဲ ဆက်သွား​တဲ့​ အ​နေအထား​ကို ဦး​ဇင်း​တို့​မြင်တယ်။ အရပ်ဝတ်လဲတယ်လို့​ပဲ မြင်တယ်။ ဒီအတိုင်း​သာ ဆက်သွား​နေရင် တိုင်း​ပြည်က ဘယ်လိုမှ ဖွံ့​ဖြိုး​ပြီး​အေး​ချမ်း​သာယာတဲ့​ နိုင်ငံကို မဖြစ်နိုင်ဘူး​။ ဆင်း​ရဲတွင်း​ နက်သထက်နက်ဖို့​ပဲ ရှိ​တော့​တယ်။”

ဒါ့​အပြင် ပြီး​ခဲ့​တဲ့​လက ဦး​သိန်း​စိန်အစိုး​ရက လွတ်ငြိမ်း​ချမ်း​သာခွင့်​ဆိုပြီး​ တနှစ်​လျှော့​ပြီး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​တာဟာ မြန်မာအစိုး​ရအ​ပေါ် နိုင်ငံတကာရဲ့​ ဖိအား​လျော့​ပါး​စေ​အောင် အစိုး​ရက နိုင်ငံတကာကို လိမ်လည်လှည့်​ဖျား​တာ ဖြစ်တယ်လို့​လည်း​ သူက မိန့်​ကြား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013