မာတိကာ

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ရုံးထုတ်စစ်ဆေး

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတ် ၂၈ ရက်နေ့က မြစ်ကြီးနားအကျဥ်းထောင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

“ဒီတခေါက်ရုံးချိန်းမှာတော့ အမှု ၃ ခုစလုံးအတွက် စစ်ဆေးမေးမြန်းစရာရှိတာ အကုန်ပြီးသွားပြီ။ နောက်လာမယ့်ရုံးချိန်း ဧပြီ ၄ရက်နေ့မှာ လျှောက်လဲချက်ပေးရမှာ” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇ (၁) နဲ့ တရားစွဲခဲ့တာပါ။ 

၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူ ငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘ ၁၅ ရက်နေ့က စာတင်ခဲ့ပေမယ့် အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သူ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ဒီဇင်ဘာ ၅ရက်နေ့က ဘန်ကောက်မြို့ကို ဆေးကုဖို့ သွားရောက်စဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ပြန်လွတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

3 hours Ago

အားကစား

အနုပညာ

“မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” တော်လှန်ရေးရုပ်ရှင် နမူနာထွက်ရှိ

တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတိုတခုဖြစ်တဲ့ “မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ရုပ်ရှင်ရဲ့ Official Trailer ထွက်ရှိလာပါတယ်။

ဒီကားကိုတော့ တော်လှန်အနုပညာရှင် စုံတွဲတတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့က ဖန်တီးရိုက်ကူး တင်ဆက်ထားကြတာ ဖြစ်ပါတယ်။

“‘သင်ပုန်း​ချေလိုက်ပါ... ပြီးခဲ့တာ​တွေ ပြီးသွားပြီမို့ ခွင့်လွှတ်လိုက်... မေ့လိုက်ပါ’ ဆိုပြီး လွယ်လင့်တကူ ​လျှောချလိုက်လို့ မရပါဘူး။ နစ်နာခဲ့သူ​တွေ၊ အသက်​ပေးခဲ့ရသူ​တွေ၊ ​ခြေလက်ဆုံးရှုံးသွားသူ​တွေ၊ ပျက်စီးသွားရတဲ့ ​ချွေးနည်းစာတွေ၊ ​လောင်ကျွမ်းပြာကျသွားတဲ့ အိုးအိမ်​တွေ၊ စည်းစိမ်ဥစ္စာ​တွေ၊ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်​တွေ၊ ​ပျောက်ဆုံးသွားခဲ့ရတဲ့ အနာဂတ်​တွေ၊ ​မျှော်လင့်ချက်​တွေ၊ အိပ်မက်​တွေအတွက် ဥပ​​ဒေအရ ထိထိ​ရောက်​ရောက် အ​ရေးယူနိုင်မှ ရပါမယ်။ လက်နက်အားကိုးပြီး ထင်ရာစိုင်း အဓမ္မပြုကျင့်သူ၊ အာဏာရူး​တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ​ဘောင်မဝင်ပါဘူး။ သမိုင်းအဆက်ဆက် ပြစ်ဒဏ်က လွတ်ကင်းခွင့်ရခဲ့တဲ့ လူ့အန္ဓ​တွေရဲ့ ‘မိုက်လို့လုပ်တာကွာ... ဘာဖြစ်လဲ၊ ပွဲပြီးသွားရင်လည်း ငါတို့က အ​ခြေပျက်စရာအ​ကြောင်းမရှိဘူး’ ဆိုတဲ့ စိတ်ဓာတ်​တွေကို အပြီးအပိုင် ချုပ်ငြိမ်း​သွားအောင် နိုင်ငံတကာခုံရုံးက​နေ တရားစီရင်နိုင်ခွင့်ရဖို့ ကျ​နော်တို့ မဆုတ်မနစ် ဆက်ပြီး ကြိုးစားကြရပါမယ်။”

“မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုနဲ့ ကောင်းကောင်း (ကျီးကန်း) တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး ကမ္ဘာအနှံ့ နိုင်ငံအသီးသီးက မြို့ကြီးအများအပြားမှာ ပြသဖို့ စီစဥ်ထားတာမို့ မကြာခင်မှာပဲ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာဏကြီးဟာ ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတိုကို သရုပ်ဆောင်မင်းသား ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရိုက်ကူးပုံဖော်ခဲ့ပြီး တော်လှန်ရေးအတွက် တဖက်တလမ်းကနေ ရန်ပုံငွေရှာဖွေပေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ ဒါရိုက်တာဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ အပါအဝင် အနုပညာရှင်များစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်တို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

6 days Ago

သွေးစွန်းအကယ်ဒမီပွဲကို သပိတ်မှောက်ကြရန် ရုပ်ရှင်လောကသားများအား တိုက်တွန်း

တနိုင်ငံလုံး စစ်မီးတောက်လောင်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် သွေးစွန်းအကယ်ဒမီပွဲကို သပိတ်မှောက်ကြဖို့ မြန်မာ့ရုပ်ရှင်လောက အနုပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY က တိုက်တွန်းနှိုးဆော်ထားပါတယ်။

“တိုင်းပြည်နှင့် အနုပညာဟူသည် ရေကန်နှင့် ကြာကဲ့သို့ တည်ရှိသည်ဖြစ်ရာ ခေတ်အဆက်ဆက် စစ်အာဏာရှင်လက်အောက်တွင် အနုပညာ၏အဆင့်အတန်းသည်လည်း နိမ်ပါ့ယိုးယွင်းနေခဲ့ရသည့် အခြေအနေကို ရုပ်ရှင်လောကသားများ အသိဆုံးပင်ဖြစ်ပါသည်။ အနုပညာ၏ အခြေခံအကျဆုံးဖြစ်သော လွပ်လပ်စွာထုတ်ဖော်ပြသခွင့်များကို ဖိနှိပ် ပိတ်ပင်ထားပြီး၊ ရုပ်ရှင်ချစ် ပရိသတ်ပြည်သူများကို ညှဥ်းပန်းသတ်ဖြတ်နေသည့် စစ်ကောင်စီမှ ကျင်းပလာမည့် သွေးစွန်းသည့် အကယ်ဒမီပေးပွဲသည် ရုပ်ရှင်လောက၏ အနုပညာအဆင့်အတန်းကို မှတ်ကျောက်တင် အကဲဖြတ်ပေးနိုင်မည်ဟု ယုံကြည်ဖွယ်ရာ၊ လက်ခံဖွယ်ရာ မရှိ ဟု မိမိတို့မှ ယုံကြည်ပါသည်။”

လက်ရှိကာလမှာလည်း အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားသိမ်းပိုက်ရယူထားပြီး၊ အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို လည်း အကြမ်းဖက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့အပြင် မြန်မာ့ရုပ်ရှင်လောကကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ကျေးလက်ဒေသက ပြည်သူများစွာတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေပြီး ကုန်းကောက်စရာ တစမှမရှိ၊ သင်္ဂြိုဟ်စရာ အလောင်းပင်မရှိတဲ့အထိ အရက်စက်ဆုံးနည်းတွေနဲ့ စစ်ရာဇာဝတ်မှုတွေကို ကျူးလွန်နေတဲ့အပြင် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတ စတဲ့နယ်ပယ်အသီးသီးက အနုပညာရှင်၊ အတတ်ပညာရှင်တွေကိုလည်း မတရားပုဒ်မများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဖိနှိပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အနုပညာရှင်အပေါင်းတို့ကို ခုတုံးလုပ်၊ ရုပ်ရှင်လောကသားတွေ အမြတ်တနိုးတ န်ဖိုးထားရာ အကယ်ဒမီရွှေစင်ရုပ်တုရဲ့ ဂုဏ်သရေကို ညှိုးလျော်စေဖို့အတွက် ကြံရွယ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးစွန်းအကယ်ဒမီပေးပွဲကို သပိတ်မှောက် မတက်ရောက်ကြဖို့ လေးနက်စွာ မေတ္တာရပ်ခံထားပါတယ်။

ပြည်သူ့ရင်က ပေါက်ဖွားတဲ့၊ ပြည်သူ့မေတ္တာ ပြည်သူ့လက်ခုပ်သံနဲ့ ရှင်သန်ရတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ ပြည်သူ့ဘက်ကသာရပ်တည်ပြီး ပြည်သူ့အကျိုးကိုသာ ရှေးရှုကာ အကြမ်းဖက်စစ်ကောင်စီရဲ့ သွေးစွန်း အကယ်ဒမီပေးပွဲအပါအဝင် ဝါဒဖြန့်ချိရေးလုပ်ငန်းစဥ်တွေမှာ မပူးပေါင်း၊ မပါဝင်ကြဖို့ အနူးအညွတ်မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် မကျင်းပနိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲအခမ်းအနားကို  ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် ၃ နှစ်စာ ပေါင်းပြီး ကျင်းပဖို့ စီစဉ်နေပါတယ်။

7 days Ago

ဆောင်းပါး၊ မေးမြန်းခန်း၊ အယ်ဒီတာအာဘော်

China Focus

အိမ်နီးနားချင်းဆိုးများ ဝန်းရံနေတဲ့ မြန်မာပြည်

လူဘဝမှာ အရပ်ထဲ ရွာထဲ‌ နေထိုင်ကြတော့ မိတ်ဆွေကောင်းပီသပြီး ရိုင်းပင်းကူညီတတ်တဲ့ အိမ်နီးနားခြင်းကောင်း ရတတ်သလို မကောင်းဆိုးဝါးစိတ်ဓာတ်နဲ့ ရန်သူသဖွယ် မိမိအကျိုး မလိုလားတတ်တဲ့ အိမ်နီးချင်းဆိုးတွေနဲ့လည်း ကြုံရတတ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအတွက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ် ဆိုရမလား မိမိအိမ်သားထဲမှာ လူစိတ်မရှိတဲ့ တိရစ္ဆာန်အရိုင်းအစိုင်းလို စိတ်ဓာတ်နဲ့ လူယုတ်မာ စစ်အခွင့်ထူးခံတွေ နှိပ်စက်တဲ့ဒဏ်ကို ကျောကော့နေအောင် ခံရရုံသာမက မိတ်ဆွေမပီသဘဲ အမြတ်ထုတ်ချင်ကြတဲ့ အိမ်နီးချင်းဆိုးတွေပေးတဲ့ ဒုက္ခမျိုးစုံကိုလည်း ခါးစည်းခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံအပေါ် စိတ်ရင်းစေတနာမရှိ၊ မိတ်ဆွေကောင်း မပီသတဲ့အထဲမှာ ကွန်မြူနစ် အာဏာရှင်စနစ် ခြယ်လှယ်‌နေတဲ့ တရုတ်နိုင်ငံရဲ့ တပါတီအာဏာရှင်အစိုးရက ထိပ်ဆုံးက အမြဲပါခဲ့ပါတယ်။

ဒီဆောင်းပါးကို ရေးရခြင်း ရည်ရွယ်ချက်က တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးမုန်းတီးရေး ဖြန့်ချိဖို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကို ခြယ်လှယ်ဗိုလ်ကျနေတဲ့ ကွန်မြူနစ်အာဏာရှင် ပေါလစ်ဗျူရိုအဖွဲ့ရဲ့ မမှန်ကန်တဲ့ စိတ်နေသဘောထားနဲ့ လုပ်ရပ်ဆိုးတွေကို စာဖတ်သူတွေ ပိုသိလာစေဖို့ ရေးခြင်းသာ ဖြစ်ပါတယ်။

ပါးစပ်နဲ့ စက္ကူပေါ်မှာသာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတို့၊ မိတ်ဝတ်မပျက် ဆက်ဆံရေး စတာတွေ ပြောနေခဲ့ပေမဲ့ လက်တွေ့မှာတော့ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွား ဆုတ်ယုတ်ဖို့၊ ဒုက္ခတွင်းထဲ ဆင်းရဲတွင်းထဲ ပိုကျအောင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဘက်ဘက်မှာ ပိုဒုက္ခရောက်‌အောင် အဆင်းမှာ ဘီးတပ်တာမျိုး၊ မသာအိမ် ဖဲလိမ်ရိုက်တာမျိုး၊ သိသိသာသာတမျိုး၊ မသိမသာတမျိုး လုပ်ဆောင်ခဲ့တာကို လွတ်လပ်‌ရေးရစကတည်းက ဒီကနေ့အချိန်ထိ အနှစ် ၇၀ ကျော် သမိုင်းတလျှောက်လုံးမှာ အိမ်နီးချင်းကောင်းမပီသတဲ့ လုပ်ရပ်‌တွေကိုသာ ကွန်မြူနစ်ဇာတ်ပျက် တရုတ်အစိုးရက ကျူးလွန်ခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄  ရက်မှာ လွတ်လပ်ရေးရခဲ့ပြီး တရုတ်ပြည်သစ်ကတော့ ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ပေါ်ထွက်လာခဲ့တာမို့  တနှစ်ကျော်ကာလမှာ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးဟာ ကူမင်တန်အစိုးရနဲ့ပဲ ဖြစ်ခဲ့ပါတယ်။ နောက်တော့ မော်စီတုန်းရဲ့ တပ်နီတွေ အောင်ပွဲခံပြီး ကွန်မင်တန် တရုတ်ဖြူတွေ စစ်ရှုံးတော့မှ ကွန်မြူနစ်အစိုးရနဲ့ ဆက်ဆံခဲ့ရတာပါ။

မြန်မာနဲ့တရုတ် နယ်နိမိတ်သတ်မှတ်‌ရေးကိစ္စအတွက် ၁၉၅၆ ခုနှစ် အောက်တိုဘာ-နိုဝင်ဘာ ခရီးစဉ်အတွင်းမှာ ဖီမော်-ဂေါ်လန်-ကန်ဖန် ဆိုတဲ့ ကချင်ရွာကြီးသုံးရွာကို ဒေသခံတိုင်းရင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက မြန်မာပိုင်နက်ဖြစ်တာမို့ တရုတ်နိုင်ငံဘက် မပါလိုကြပါဘူး။ ဒါပေမဲ့ ၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီ ၂၈ မှာ စစ်ဓားပြလောင်း ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းရင်းသားပြည်သူ့အလိုကို ဆန့်ကျင်ပြီး အင်အားကြီးတဲ့ တပ်နီ တရုတ်အစိုးရကို မျက်နှာချို‌သွေးဖို့ အဲဒီရွာသုံးရွာပါ ပေးအပ်ခဲ့ပါတယ်။

တရုတ်အစိုးရကလည်း သူတို့နယ်မြေမဟုတ်တာ သိသိကြီးနဲ့ ဒေသခံတိုင်းရင်းသားတွေ အလိုမတူတာ သိလျက်သားနဲ့လည်း အရယူခဲ့တာပါပဲ။ နိုင်ငံပိုင်နက်ကို တလက်မတောင် အပဲ့မခံဘူးလို့ အသံကောင်းဟစ်လေ့ရှိပေမဲ့ နိုင်ငံအပေါ် စေတနာမရှိတဲ့ စစ်ဓားပြတွေ အုပ်စိုးတဲ့ ကာလတလျှောက်လုံးမှာ နယ်ခြားစည်းမျဥ်းတ‌လျှောက် နိုင်ငံပိုင်နယ်နိမိတ်တွေ အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ နယ်နိမိတ်စည်းပေါ်က မြစ်ချောင်းတွေ မြစ်ကြောင်းပြောင်း ကမ်းပါးတွေ ပြိုလာရင် မြန်မာပိုင်နက်ကို ဖဲ့ယူ တိုးယူပြီး နယ်မြေချဲ့ထွင်လာကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကြောင့် အဘက်ဘက် နိမ့်ကျကျန်ရစ်တဲ့ မြန်မာနိုင်ငံကို တရုတ်အစိုးရဟာ စီးပွားရေး၊ ကုန်သွယ်ရေးမှာ နည်းမျိုးစုံနဲ့ အမြတ်ထုတ်ခဲ့ကြပါတယ်။ ငွေပင်ငွေရင်းနည်းတဲ့ မြန်မာကုန်သည်တွေဟာ နယ်စပ်မှာ တရုတ်နိုင်ငံနဲ့ အရောင်းအဝယ် လုပ်ကြရာမှာ မိအေး နှစ်ခါနာ  သုံးခါနာဆိုသလို အရှုံးခံ အမြတ်ထုတ်ခံကြရပြီး မဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေကို အတိုးနှုန်းမြင့်မားစွာနဲ့ ငွေထုတ်ချေး စာချုပ်ချုပ်ပြီး အဲ့ဒီနိုင်ငံတွေဟာ အကြွေးလည်ပင်းခိုက်ပြီး နောက်ဆုံး အကြွေးရှင် တရုတ်နိုင်ငံကို မိမိနိုင်ငံပိုင်လုပ်ငန်း မြေနေရာတွေကို ထိုးအပ် ဆုံးရှုံးခဲ့ကြရပါတယ်။

အဲဒီလို ခေတ်သစ်စီးပွားရေးကိုလိုနီနယ်ချဲ့ သိမ်းပိုက်တာ ခံရမှုမှာ ထင်ရှားတဲ့ သာဓကတွေကတော့ သီရိလင်္ကာနိုင်ငံနဲ့ အာဖရိကနိုင်ငံတချို့ ဖြစ်ပါတယ်။ လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံအများစုက အဆက်ဖြတ်တာ ခံခဲ့ရတဲ့ စစ်အခွင့်ထူးခံ ဗိုလ်ယုတ်တွေဟာ လူမိုက် ပညာမဲ့ခေါင်းဆောင်တွေနဲ့သာ ဆက်ဆံ အမြတ်ထုတ်တတ်တဲ့ တရုတ်အစိုးဆီက ပိုက်ဆံတွေချေးပြီး နိုင်ငံရဲ့ အဖိုးတန် သဘာဝသယံဇာတတွေကို စိတ်ကြိုက်ထုတ်ခွင့်ပေး၊ သူတို့ချမ်းသာကြွယ်ဝဖို့ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးမခံစားရဘဲ နိုင်ငံတွင်း စီးပွားရေးလုပ်ကွက်တွေ ပရောဂျက်တွေ အရှုံးခံ ပေးခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေး ပရောဂျက်၊ လက်ပတောင်းတောင်ဒေသ ကြေးစင်တောင် စပယ်တောင်စီမံကိန်း၊ တကောင်းနီကယ်စက်ရုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စတဲ့စီမံကိန်းတွေဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် မသာအိမ် ဖဲလိမ်ရိုက်တဲ့ သာဓကတွေပါပဲ။

ငါးမျှားချိတ်မှာ တပ်ထားတဲ့ ငါးစာနဲ့တူတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီငွေ ထုတ်ပေးတဲ့သဘောမျိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အနေနဲ့ မြန်မာနိုင်ငံက စီမံကိန်း ၂၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်းကျော် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှာ ပြုလုပ်ပြီး နဖားကြိုးထိုးခဲ့ပါတယ်။

နောက်တခါ စစ်ဓားပြဂိုဏ်းရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဒီနှစ် မတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ တရုတ်ပြည်ကို သွားပါတယ်။ နှစ်နိုင်ငံ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခန့် စစ်ဓားပြတပ်ကို ကူညီမယ်လို့ ကြေညာပြောဆိုခဲ့တာဟာ ပြည်သူလူထုကို ဆက်ပြီးသတ်ဖြတ်ဖို့ လက်နက်ဖိုး ကျည်ဆန်ဖိုး ပေးလိုက်တာပါပဲ။

အကြမ်းဖက်စစ်တပ်က ပြည်သူ့ထံက အာဏာလုပြီးတဲ့နောက် တရုတ်အစိုးရဟာ  ပြည်သူသတ် ဖက်ဆစ်စစ်ကောင်စီကို ပထမဆုံးဖိတ်ခေါ်တဲ့ နိုင်ငံကြီး ဖြစ်ပါတယ်။ သူတို့သဘောကတော့ မြန်မာပြည်သူလူထု အသတ်အဖြတ်ခံနေရချိန် အသုဘရှုနေရတဲ့နိုင်ငံမှာ  အာဏာလု စစ်ဓားပြခေါင်းဆောင်တွေနဲ့ ကျင့်ဝတ်မဲ့စွာ ပိုင်ရှင်ကိုဂရုမစိုက်ဘဲ ပိုင်ရှင်မဟုတ်သူနဲ့ စီးပွားရေးအရ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောပါပဲ။

အိမ်တွင်းဓားပြတိုက်၊ လူသတ်၊ မီးရှို့တာ ခံ‌နေရလို့ အသုဘရှုနေရတဲ့အိမ်ကို အိမ်သူအိမ်သားတွေ အလိုမတူဘဲ အိမ်ထဲဝင်ပြီး စစ်ဓားပြတွေနဲ့ စီးပွားရေးလုပ်ဖို့ ဦးဆောင်ဆွေးနွေးမယ့်သူဟာ စစ်ဓားပြထက်ဆိုးတဲ့ မကောင်းဆိုးဝါး မိစ္ဆာဂိုဏ်းချုပ်လို့ ပြောရမှာပါပဲ။

အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့  မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့မှာ ရောက်ရှိခဲ့ပေမဲ့ လူထုခေါင်းဆောင်နဲ့တွေ့ရဖို့ မကြိုးစားဘဲ မြန်မာ့နိုင်ငံရေး ပြေလည်စေချင်တယ်လို့ ပြောဆိုတာဟာ စေတနာမပါဘဲ ကြားကောင်းအောင် ပြောခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံပြီးရင် အိမ်နီးချင်းမပီသတဲ့အထဲမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်လည်း ပါပါတယ်။ သူ့အကျိုးစီးပွားအတွက်သာ ကြည့်တဲ့ လူသတ်ဓားပြ စစ်အစိုးရနဲ့ ပုလင်းတူဘူးစို့ အာဏာရှင်ပါပဲ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံအတွင်းကို ဇွန်လ ၃၀ ရက်နေ့တုန်းက အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းက နယ်စပ်နား‌နေတဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဗုံးကြဲဖို့ ထိုင်းလေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မှုအတွက် မြန်မာဘက်က တောင်းပန်ထားပြီးဖြစ်လို့ ပြဿနာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောဆိုလိုက်တာကို ထိုင်းပြည်သူတွေက လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် အိမ်နီးချင်းကောင်းနိုင်ငံ မဟုတ်ကြတဲ့ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေက အာဏာရှင်အစိုးရများဟာ မြန်မာပြည်သူတွေ ခံစားရတဲ့ ဒုက္ခတွေအပေါ်  ဘယ်တုန်းကမှ စာနာ‌ဖေးမလိုစိတ် မရှိကြပါဘူး။ သူတို့နဲ့ မျိုးတူ၊ နာမ်တူ၊ အကျိုးစီးပွားတူရာ စစ်ဓားပြ အာဏာရှင်တွေဘက်ကသာ ရပ်တည်ကူညီကြရင်း မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒကို တလျှောက်လုံး ပစ်ပယ်ခဲ့ကြတာ သမိုင်းက သက်သေပြနေပါတယ်။

ဗူးလေးရာဖရုံဆင့် ဆိုသလို နွမ်းပါးချို့တဲ့ရှာတဲ့ မြန်မာပြည်သူ တိုင်းရင်းသားထုအပေါ် အမြတ်ထုတ် ခေါင်းပုံဖြတ်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို အသုံးချပြီး ခေတ်သစ် ကိုလိုနီနယ်ချဲ့ လုပ်ရပ်‌တွေနဲ့ အိမ်နီးချင်းဆိုး အာဏာရှင်အစိုးရဆိုးများသာ ဖြစ်ကြပါတယ်။

ဒါကြောင့် မြန်မာပြည်သူလူထု တိုင်းရင်းသားလူမျိုးအားလုံးဟာ ပြည်တွင်းအာဏာရှင် စစ်ဓားပြတွေရန်ကိုသာမက ပြည်ပ အိမ်နီးချင်းဆိုး အာဏာရှင်အစိုးရတွေရဲ့ အန္တရာယ် ရန်စွယ်များကိုပါ ရင်ဆိုင်နေကြရတာမို့ ကိုယ့်ပြည်တွင်းအား၊ ပြည်သူလူထုအားကိုသာ ဗဟိုပြုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ စုစည်းညီညွတ်ကြဖို့၊ စစ်ဖိနပ်အောက်က လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ထွန်းပြီး တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှ အေးချမ်းသာယာတဲ့ဘဝတွေ အတူတည်ဆောက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ခိုင်ခိုင်မြဲမြဲ လက်ချင်းချိတ်ဆက်ထားကြမှသာ မကောင်းဆိုးဝါး အာဏာရှင်တွေကို တွန်းလှန်ချေမှုန်းနိုင်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

9 months Ago

တရုတ်တို့ မြန်မာ့အရေး ချဉ်းကပ်ပုံအား သုံးသပ်ခြင်း

ပထမအချက်

တရုတ်တို့သည် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရန်လိုလားသည် သို့မဟုတ် အာဏာရှင် စနစ်လိုလားသည်ဆိုသည့် ကောက်ချက်အနက် တခုခုကိုသာ ကောက်ချက်ချရမည်ဆိုပါက တရုတ် ၏ မြန်မာပြည်နှင့်ပတ်သက်သည့် သဘောထားကို ပြည့်စုံစွာဖော်ပြ၍မရနိုင်ပါ။

ယခုအချိန်တွင် တရုတ်သည် ၎င်းနှင့် ဆက်ဆံသည့် မြန်မာပြည်ဖြစ်စေ၊ အခြားနိုင်ငံများတွင်ဖြစ်စေ မည်သည့်စနစ် ကျင့်သုံးသည်ဆိုသည်ကို သူ အလေးမထားပါ။ သူ အလေးထားသည်မှာ မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ တည်ငြိမ်သောအစိုးရနှင့် နိုင်ငံဖြစ်ရန်သာ လိုလားသည်။ လက်ရှိကာလ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်နေသော တရုတ်အဖို့ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်သော အစိုးရများနှင့်သာ သူ၏ မဟာဗျူဟာ အောင်မြင်မည် ဖြစ်သည်။ 

သို့ဖြစ်ရာ မြန်မာပြည်တွင် အာဏာရှင်စနစ် ကျင့်သုံးသည်ဖြစ်စေ၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ တရုတ်အတွက် အရေးမကြီးပေ။ တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်သော အစိုးရမျိုးသာ တရုတ်တို့ လိုလားသည်ဟု ဆိုရမည်။

တရုတ်နှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားလာပါက တရုတ်အား ရိုက်ခတ်နိုင်သဖြင့် တရုတ်တို့ မလိုလားဟု အချို့က ယူဆကြသည်။ တကယ်တော့ မြန်မာပြည်တွင် မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြန်မာပြည်အား တရုတ်ပြည်သူများ အားကျလိမ့်မည် မဟုတ်ပါ။ ထို့ပြင် တရုတ်နှင့် အိမ်နီးချင်း အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေသည်မှာ နှစ် ၇၀ ကျော်ကြာပြီဖြစ်ရာ မြန်မာပြည်တွင် ဒီမိုကရေစီကရေစီစနစ် ထွန်းကားခြင်းဆိုသည်မှာ တရုတ်တို့အတွက် ကိစ္စသေးတခုမျှသာ ဖြစ်သည်။

ဒုတိယအချက်

တရုတ်နှင့်ပတ်သက်၍ အများကြည့်မြင်ကြသော အကြောင်းအရာတခုမှာ တရုတ်တို့သည် မြန်မာပြည်အရေးအား ချဉ်းကပ်ရာတွင် မြန်မာလူထုနှင့် ဆက်ဆံမှုကို အလေးထားသလော သို့မဟုတ် အာဏာရှိ အစိုးရနှင့် ဆက်ဆံမှုကို အလေးထားသလောဆိုသည့် အကြောင်းအရာ ဖြစ်သည်။

လက်တွေ့ မြန်မာပြည်အ‌ရေးနှင့်ပတ်သက်၍ တရုတ်တို့ ချဉ်းကပ်ဆက်ဆံလာသည်မှာ မြန်မာပြည်ရှိ key player များဟု ဆိုရမည့် မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နယ်ပယ်များရှိ အဆုံးအဖြတ်ပေးနိုင်သည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းကို တလျှောက်လုံး လုပ်ဆောင်လာသည်ဟု ဆိုရမည်။

တရုတ်တို့သည် အစိုးရနှင့်သာ ဆက်ဆံ၍ လူထုနှင့် မဆက်ဆံ၊ သို့မဟုတ် လူထုနှင့်သာ ဆက်ဆံ၍ အစိုးရအား မဆက်ဆံဆိုသည့် အခြေအနေမျိုး မရှိပေ။ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တွင် သော့ချက်ကျသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းသည် တရုတ်တို့ ကျင့်သုံးသည့်ပေါ်လစီ ဖြစ်သည်။

တတိယအချက်

မြန်မာပြည်နှင့်ပတ်သက်၍ ချဉ်းကပ်ရာတွင် တရုတ်နှင့် အမေရိကန်အပါအဝင် အနောက်တိုင်းတို့ ချဉ်းကပ်ပုံ တူညီချက်မှာ—

၁။ ၎င်းတို့၏ မဟာဗျူဟာအရ ချဉ်းကပ်ကြည့်မြင်ခြင်း ဖြစ်သည်။ (သို့ဖြစ်ရာ မဟာဗျူဟာအရ အရေးပါသော အခြားကိစ္စများ ရှေ့ရောက်ပါက မြန်မာကိစ္စသည် နောက်ရောက်သွားလေ့ရှိသည်။)

၂။ ၎င်းတို့အကျိုး၏ စီးပွားရေးအခြေခံပေါ်မှ ကြည့်မြင်ခြင်း ဖြစ်သည်။

 ၎င်းတို့ မြန်မာ့အရေးချဉ်းကပ်ပုံ မတူညီချက်မှာ—

အမေရိကန်နှင့် အနောက်တိုင်းက—

၁။ ကြေညာချက်အများအပြား ထုတ်ပြန်လေ့ရှိကြသည်။ သို့သော် လက်တွေ့လုပ်ဆောင်မှု အားနည်းသည်။

၂။ ၎င်းတို့၏ စံတန်ဖိုးများ၊ ပေတံများဖြင့် မြန်မာပြည်ပြဿနာကို တိုင်းထွာသုံးသပ်လေ့ ရှိကြသည်။ (ဤသို့ ချဉ်းကပ်မှုအား အချို့က ပြည်သူဘက်က ရပ်တည်သည်ဟု ရှုမြင်လေ့ရှိကြသည်။)

တရုတ်တို့က—

၁။ ကြေညာချက်ထုတ်ပြန်လေ့ မရှိ။ လက်တွေ့လုပ်ဆောင်စရာရှိသည်ကို ခပ်သွက်သွက် လုပ်ဆောင်လေ့ရှိသည်။

၂။ တရုတ်တို့က မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တို့မှ သော့ချက်ကျသူများနှင့် ထိ‌တွေ့ဆက်ဆံပြီး ချဉ်းကပ်လေ့ရှိသည်။ စံတန်ဖိုးများ၊ ပေတံများ သုံးလေ့မရှိကြ။ လက်တွေ့အကျိုးမျှော်ဝါဒီများ pragmatist များ ဖြစ်ကြသည်။ 

နိဂုံး

လက်တွေ့ မြန်မာ့အရေးချဉ်းကပ်ရာတွင် ကုလသမဂ္ဂ၌ အမေရိကန်နှင့် ညှိနှိုင်းခြင်း၌ ဖြစ်စေ၊ အာဆီယံအား ရှေ့တင်ပြီး အာဆီယံမှတဆင့် အဖြေရှာရန် ကြိုးပမ်းရာ၌ဖြစ်စေ တရုတ်က ရှေ့ရောက်နေသည်ဟု သုံးသပ်ရပါသည်။

မောင်မောင်စိုး

1 year Ago

တရုတ်နဲ့ ကမ္ဘောဒီးယား ဘယ်လဲ.. ဘာလဲ…

မြန်မာ့အရေး မျှော်တွေးမိတဲ့အခါတိုင်း စိတ်မသက်မသာဖြစ်ရတဲ့ကိစ္စက တရုတ်နဲ့ အိမ်နီးချင်း ဖြစ်နေရခြင်းပါပဲ။ တရုတ်နိုင်ငံရဲ့ လူဦးရေက ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှာ ၁,၄၄၅,၄၇၈,၈၃၇ ယောက်ဖြစ်ကြောင်း ကုလသမဂ္ဂ စာရင်းဇယားတွေအရသိရတယ်။ ၁၄ ဘီလီယံကို အတော်ကြီး ကျော်လွန်လာပြီ ဖြစ်တယ်။ တရုတ်လူဦးရေ ပေါက်ကွဲလျှံကျနေခြင်းဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်မှု ကြီးမားလာစေတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် အိမ်နီးချင်း အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေရဲ့နိုင်ငံရေး စီးပွားရေးပြဿနာတွေအပေါ် ဖိအားတွေ သက်ရောက်စေတယ်။ အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ခေတ်အဆက်ဆက် တရုတ်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် အထူးသတိထားခဲ့ရတယ်။

သမိုင်းအတွေ့အကြုံတွေအရ နယ်စပ်ဒေသ အငြင်းပွားမှုကိစ္စတွေကို အခြေအနေ ပိုမိုဆိုးရွားမလာအောင် တရုတ်နိုင်ငံအနေနဲ့ ထိန်းသိမ်းဆောင်ရွက်တဲ့ အစဉ်အလာရှိခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ဆိုတယ်။ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဟာ ၁၉၄၉ ခုနှစ်မှစပြီး နယ်မြေအငြင်းပွားမှုပေါင်း ၂၃ ခု အနက် ၁၇ ခုကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရတယ်။

ဒါပေမဲ့ သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲလုပ်ခဲ့တယ်။  တိန့်ရှောင်ပင်ရဲ့ မူဝါဒက ထိပ်တိုက်တွေ့မှုကို ရှောင်ပြီး ကြောင်လက်သည်းဝှက်ထားသလို နေကြဖို့ လမ်းညွှန်ခဲ့တယ်လို့ ဆိုတယ်။ တရုတ်ရဲ့ စွမ်းအားကို အချိန်မတိုင်မီ ထုတ်ဖော်ပြသတာမျိုးမလုပ်ဘဲ လျှို့ဝှက်ထားဖို့ တိန့်ရှောင်ပင်က လမ်းညွှန်ခဲ့တယ်။ ၁၉၈၀ စုနှစ်တွေမှာ တိန့်ရှောင်ပင် လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံက လိုက်နာခဲ့တယ်။ နိုင်ငံတကာအရေးကိစ္စတွေမှာ ပြဿနာ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်။  

မော်စီတုံး လက်ထက်မှာ တရုတ်နိုင်ငံဟာ ကိုယ်ခြေထောက်ပေါ်ကိုယ် ပြန်လည်ရပ်တည်နိုင်ခဲ့တယ်။ တိန့်ရှောင်ပင် လက်ထက်မှာ ကြွယ်ဝချမ်းသာလာခဲ့တယ်လို့ ရှီကျင့်ဖျင်က ဆိုတယ်။ 

သူ့လက်ထက်မှာ တရုတ်နိုင်ငံဟာ အင်အားတောင့်တင်းခိုင်မာလာခဲ့တယ်လို့ ရှီကျင့်ဖျင်က သုံးသပ်ထားတယ်။ တရုတ်နိုင်ငံက သူ့ရဲ့ စစ်ရေးစွမ်းရည် တောင့်တင်းခိုင်မာမှုကို ပြသတဲ့အနေနဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ လေကြောင်းရန်ကာကွယ်ရေးနယ်မြေ သတ်ချက်ချက် ကြေညာခဲ့တယ်။ လေယာပျံသန်းမှု ကန့်သတ်ဇုန်ထဲမှာ ဂျပန်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ကျွန်းစုတည်ရှိရာဒေသကိုပါ ထည့်သွင်းပြဋ္ဌာန်းခဲ့တယ်။ ရုတ်တရက် လေကြောင်းပျံသန်းမှု ကန့်သတ်ကြေညာမှုကို ဝါရှင်တန်အစိုးရက ကန့်ကွက်ခဲ့တယ်။ တရုတ်နိုင်ငံက အမေရိကန်ခရီးသည်တင် လေကြောင်းလိုင်းများ ကြေညာထားတဲ့ စည်းမျဉ်းဥပဒေတို့ကို လိုက်နာဖို့ အသိပေး ပြောကြားခဲ့တယ်။ တောင်တရုတ်ပင်လယ်ဒေသရဲ့ အရှေ့မြောက်ဘက် မိုင်တစ်ထောင်ခန့်မှာ အငြင်းပွားနေတဲ့ ဂျပန်အမည် ရှင်ကာကုကျွန်းစု (Senkaku Islands)၊ တရုတ်အမည် ဒိုင်အိုယုကျွန်းစု (Diaoyu Islands) ပိုင်ဆိုင်မှုပြဿနာဟာ နှစ်ပေါင်းတစ်ရာကျော်နေပြီ ဖြစ်တယ်။

၂၀၁၅ ခုနှစ် မေလ အာဆီယံနိုင်ငံများ နှီးနှောဖလှယ်ပွဲ(စင်ကာပူ) မှာ ပါ၀င်တက်ရောက်ဆွေးနွေးခဲ့ တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အက်ရှ်တန်ကာတာက ကျွန်းအတုတွေ ဖန်တီး တည်ဆောက်နေမှုကို ရပ်တန့်ဖို့ ဘေဂျင်းအစိုးရကို သတိပေးပြောကြားခဲ့တယ်။ အက်ရှ်တန်ကာတာက နိုင်ငံတကာဥပဒေများက ခွင့်ပြုထားတဲ့ ပင်လယ်ရေပြင်နဲ့ ဝေဟင် နယ်ပယ်တွေမှာ အမေရိကန်ပြည်ထောင်စုပိုင် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ သင်္ဘောတွေ ဆက်လက်ဖြတ်သန်းသွားလာမှာဖြစ်တယ်လို့ ဘေဂျင်းအစိုးရရဲ့ သဘောထားကို ထိပ်တိုက်ဆန့်ကျင် ပြောကြားခဲ့တယ်။ ပင်လယ်ရေပြင်အောက်ရှိ ကျောက်ဆောင် ကျောက်တန်းတွေကို လေယာဉ်ကွင်းအဖြစ် ပြုပြင်ထားခြင်းဟာ အချုပ်အခြာအာဏာ သက်ရောက်ရာ နေရာ မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာရေကြောင်းနဲ့ လေကြောင်းသွားလာခွင့် ပိတ်ဟန့်တားခြင်းဟာ အချုပ်အခြာအာဏာ ပိုင်ခွင့်မှာ အကျုံးမဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တင်းတင်းမာမာ ပြောကြားခဲ့တယ်။  

တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဆီကို ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေဒေါ်လာ ၆ သန်းကျော် လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၁ ရက်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်အောက်မှာ တရုတ်က ပြန်လည်ပူးပေါင်းဆောင်ရွက်တဲ့ လက္ခဏာတရပ်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။ 

ဒီရန်ပုံငွေတွေကို မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်းက စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံကနေ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီရန်ပုံငွေတွေဟာ တိရစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့လည်း ပါ၀င်နေတယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး တရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ဒီလက်မှတ်ရေးထိုးခြင်းကို အတည်ပြုထားတယ်။ မြန်မာစစ်အုပ်စုရဲ့ အတိုက်အခံတွေကတော့ တရုတ်အစိုးရဟာ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုပ်ရပ်ကို ကျူးလွန်တဲ့ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ စွပ်စွဲထားကြပါတယ်။ 

ပေကျင်းအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး သူဟာ ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒေသတွင်း သံတမန်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့တယ်။ လတ်တလော နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံဖြတ်ကျော် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖွင့်လှစ်ခြင်းနဲ့ စီးပွားရေးဇုန်များနဲ့ အဓိကဆိပ်ကမ်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေနဲ့အတူ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့တယ်။

၂၀၁၉ စက်တင်ဘာ ၁၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် Nikkei Asian Review သတင်းစာမှာ အယ်ဒီတာချုပ် Toru Takahashi က တရုတ်-မြန်မာ ဆက်စပ်ပတ်သက်မှုကိစ္စနဲ့ အမေရိကန်ပြည်ထောင်စုအနေအထား ပထဝီနိုင်ငံရေး လေ့လာသုံးသပ်ချက် ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်တွေဟာ တရုတ်နိုင်ငံအတွက် ပိုမို အကျိုးအမြတ်ရရှိနေတာကို မြင်တွေ့လာရပြီး၊ မြန်မာအပေါ် လူ့အခွင့်အရေးရှုထောင့်ကို အလေးထားနေတဲ့ အမေရိကန်ရဲ့ အမြင်ကို ပြောင်းလာစေတယ်လို့ တိုရူတာကာဟာရှီက သူ့ဆောင်းပါးမှာ သုံးသပ်တင်ပြထားတယ်။  

ဆောင်းပါးမှာ တာကာဟာရှီက အမေရိကန်ဟာ မြန်မာစစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူ ဆောင်ရွက်ချက်များအပေါ် ဆက်တိုက် ဆန့်ကျင်ကန့်ကွက်ခဲ့တယ်။ အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ ပိတ်ပင် တားမြစ်ခဲ့တယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုကို အထောက်အကူပြုတဲ့အနေနဲ့ အမေရိကန်က ဒဏ်ခတ်အရေးယူထားမှုတွေကို တဆင့်ချင်း လျှော့ချပေးခဲ့တယ်လို့ သူ့ဆောင်းပါးမှာ ထောက်ပြထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ မြန်မာနိုင်ငံကို ဦးဆောင်ခွင့်ရလာချိန် ၂၀၁၆ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးခဲ့တယ်။  

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိပြီး မကြာမီ လူသားချင်းစာနာမှုဆိုင်ရာ အငြင်းပွားဖွယ် ပြဿနာကြီးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ ပြဿနာက ၂၀၁၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ)ပြဿနာ ဖြစ်ကြောင်း ဆောင်းပါးမှာ ဖော်ပြထားတယ်။ အဆိုပါ အမှုကိစ္စဟာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်တယ်လို့ အမေရိကန်က ကောက်ချက်ချပြီး ဒဏ်ခတ် ပိတ်ဆို့မှု အသစ်ချမှတ်ခဲ့တယ်။ ဒါပေမဲ့ တဖက်မှာ အမေရိကန်နဲ့ ဂျပန် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟောပြောပွဲတစ်ခု သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တယ်။ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်အားထက်သန်နေကြောင်းလည်း ထိုစဉ်က အမေရိကန်သံအမတ်ကြီး စကော့မာဆီရယ်က ပြောခဲ့တယ်လို့ ဆိုသည်။ ဒီအချက်က အမေရိကန်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာပြည်ကို စိုးရိမ်ပေမယ့် အခြားတဖက်မှာ သူတို့အဝန်းအဝိုင်းအတွင်း မြန်မာကို ဆွဲခေါ်ချင်နေကြောင်း Toru Takahashi က သုံးသပ်ထားတယ်။ 

တရုတ်က အိန္ဒိယသမုဒ္ဒရာဘက်ဆီ ထွက်ပေါက်ရရေးအတွက် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်လာတဲ့အပေါ် အမေရိကန်က စိုးရိမ်တကြီး စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်လာတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ တချိန်မှာ သီရိလင်္ကာနိုင်ငံရဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းလို ဖြစ်လာမှာကို အမေရိကန်က စိုးရိမ်နေတယ်လို့ အာဆီယံ သံတမန်တစ်ဦးက ပြောကြောင်း ဆောင်းပါးရှင်က ဆိုတယ်။

တရုတ်က အဲဒီဆိပ်ကမ်းကို စစ်ရေးအရ အသုံးပြုလာနိုင်တယ်လို့ အမေရိကန်က သံသယရှိနေကြောင်း (သံတမန်တစ်ဦးကို ကိုးကားပြီး) ဆောင်းပါးမှာ ဖော်ပြတယ်။ ပါကစ္စတန် မှာလည်း ဂွါဒါဆိပ်ကမ်းကို တရုတ်က ၄၃ နှစ် ငှားထားတယ်။ ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်း ၃ ခုဟာ အိန္ဒိယသမုဒ္ဒရာအတွင်း မဟာဗျူဟာ  ဆိပ်ကမ်းတွေ ဖြစ်လာမယ့်အရေးကို အမေရိကန်က စိုးရိမ်နေကြောင်း ဆောင်းပါးရှင်က ဆိုတယ်။  

ဖော်ပြပါ အခင်းအကျင်းကို ကြည့်ရင် တရုတ်နိုင်ငံက မြန်မာပြည်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး ကိစ္စကို ဘာကြောင့် အလေးအနက်ထားနေကြောင်း မြင်နိုင်တယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး စီးပွားရေးအခင်းအကျင်း တည်ငြိမ်ဖို့ တရုတ်ပြည်အတွက် အရေးပါသလို၊ တရုတ်နဲ့ အာဏာချိန်ခွင်လျှာညှိနေတဲ့ အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အာဆီယံနိုင်ငံတွေအတွက်လည်း အရေးပါနေတယ်။ မြန်မာပြည်သူတွေကိုယ်တိုင်လည်း တရုတ်ရဲ့ သြဇာအာဏာချဲ့ထွင်မှု စက်ကွင်းအတွင်းက ရုန်းထွက်ဖို့ အားထုတ်နေချိန်လည်း ဖြစ်တယ်။ တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီ စက်ကွင်းအတွင်း မြန်မာနိုင်ငံ ကျရောက်မသွားအောင် ရုန်းကန်နေရကြောင်း တွေ့နိုင်တယ်။ 

ဒီအတောအတွင်း နိုဝင်ဘာ ၁၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်းကော်ရှန်းဟာ နစကဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တယ်လို့ မီဒီယာသတင်းတွေအရ သိရတယ်။ နစကဥက္ကဋ္ဌနဲ့ ဆွန်းကော်ရှန်းတို့ တွေ့ဆုံရာမှာ နစကရဲ့ လုပ်ငန်းစဉ် ၅ ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်သူတွေ ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဆက်ဆံရေး အခြေအနေ၊ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ရဲ့ ဆက်ဆံရေးအခြေအနေ၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနဲ့ တရုတ်နိုင်ငံရဲ့ ကူညီဆောင်ရွက်ပေးမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နစက က သတင်းထုတ်ပြန်ခဲ့တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံ ဆွန်းကော်ရှန်းရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းတိုင်ပင်ဆွေးနွေးရေးကို ထောက်ခံတယ်လို့ နိုဝင်ဘာ ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ကျောက်လိကျန်းက ပြောဆိုသွားကြောင်း တရုတ်မီဒီယာ CRI မှာ ဖော်ပြတယ်လို့ ဆိုတယ်။ တရုတ်ရဲ့ အမြင်သဘောထားက မြန်မာပြည်သူတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်မထားတာ တွေ့ရတယ်။ 

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်လိုမှုက ပိုနေမြဲ-ကျားနေမြဲ Status quo ဖြစ်ရေး၊ တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်သွားရေး ဖြစ်နေတယ်။ အဓိကကတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးစီမံကိန်းတွေ ဆက်ပြီး အကောင်အထည်ဖော်ရေးဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးစေချင်တဲ့သဘော ဖြစ်တယ်။  အထူးသဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို အမြန်အကောင်အထည်ဖော်ပြီး အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်ရရေးကို အဆောတလျင် လုပ်လိုတဲ့အတွက် မြန်မာ့တည်ငြိမ်ရေးကို လိုလားနေတာ ဖြစ်တယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို တရားဝင်ဆက်လက် တည်ဆောက်လိုတဲ့အတွက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မြန်မြန် စေ့စပ် ပြေငြိမ်းစေလိုတာ ဖြစ်တယ်။ 

ဒါပေမဲ့ လက်ရှိ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြတဲ့ အင်အားစုများအပါအဝင် မြန်မာပြည်သူတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခိုင်အမာ ကာကွယ်နေကြပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်မသွားတော့ကြောင်း အတိအလင်း ပြောကြားထာပြီး ဖြစ်တယ်။ နိုင်ငံရေးမှာ ၀န်ထမ်းအဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ကို ဆက်လက်ပါ၀င်ခွင့်မပေးနိုင်တော့ကြောင်း အဓိက တော်လှန်ရေးအင်အားစုတွေက သဘောထားတွေ ရှင်းရှင်းလင်းလင်း ဖော်ပြနေကြတာ ကမ္ဘာသိကိစ္စ ဖြစ်တယ်။

လာမယ့် ၂၀၂၂ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျ ဥက္ကဋ္ဌနေရာကို ကမ္ဘောဒီးယားနိုင်ငံက ရရှိမှာ ဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်သြဇာ လွှမ်းမိုးမှုခံနေရတဲ့အတွက် မြန်မာကိစ္စနဲ့ပတ်သက်လို့ တရုတ်အလိုကျ ဆောင်ရွက်ဖို့ ခြေလှမ်းပြင်နေတာ တွေ့ရတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီယားဟာ တရုတ်အကြွေး အများဆုံး ရယူထားတဲ့ နိုင်ငံလို့ ဆိုတယ်။

၂၀၂၀ ခုနှစ်တုန်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းဟာ တရုတ်ထံက ချေးငွေဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီးဌာနရဲ့ တာဝန်ခံဝန်ကြီး Vongsey Vissoth က ပြောခဲ့ဖူးတယ်။  ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများ သုတေသနအဖွဲ့ (BRIC) ရဲ့ တာဝန်ခံဖြစ်သူ Hiroshi Suzuki က Khmer Times သတင်းစာ (Business July 13, 2020) ကို ပြောကြားခဲ့ရာမှာတော့ တရုတ်က ကမ္ဘောဒီးယားအပေါ် တင်ရှိတဲ့ ကြွေးမြီဟာ နိုင်ငံ့ကြွေးမြီစုစုပေါင်းရဲ့ ၄၇ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၂၁ မှာ တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိချေးယူထားတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြတာ တွေ့ရတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့တယ်။ လာမယ့် ဇန်နဝါရီလဆန်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကိုယ်တိုင် နေပြည်တော်ကို သွားဖို့ရှိကြောင်းလည်း သတင်းထွက်နေတယ်။ ဒါကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုးမလုပ်ဖို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူ Derek Chollet က တိုက်တွန်းလိုက်တာ တွေ့ရတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကို ခေတ္တရောက်ရှိသွားချိန် ဒီဇင်ဘာ ၁၀ ရက်နေ့က အဲဒီလို တိုက်တွန်းခဲ့ကြောင်း သိရတယ်။

“ထိတွေ့ဆက်ဆံတာကို အမေရိကန်က မဆန့်ကျင်ပါဘူး။ မြန်မာနိုင်ငံမှာ ကျနော်တို့ သံရုံးရှိနေဆဲပါ။ ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံမှုဟာ ရည်ရွယ်ချက်ရှိဖို့လိုပြီး တန်ဖိုးမဲ့ မဖြစ်ရဘူးဆိုတာ ကျနော်တို့ဘက်မှာ သိပ်ရှင်းလင်းပါတယ်။ လက်တွေ့မှာ စစ်မှန်တဲ့ တိုးတက်မှုရဖို့ ကျနော်တို့ မြင်တွေ့ချင်ပါတယ်” လို့ မစ္စတာ Chollet က ပြောပါတယ်။ (VOA News)

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ တခုတည်းသော နည်းလမ်းဟာ သက်ဆိုင်သူတွေအကြား ဆွေးနွေးညှိနှိုင်းရေးနဲ့ ရင်ကြားစေ့ရေးကတဆင့်သာ ဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံရုံးက သူတို့ဖေ့စ်ဘွတ်မှာ ရေးထားတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးရစေဖို့အတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အတွင်းကနေ အစွမ်းကုန် ကြိုးပမ်းသွားမယ့်အကြောင်း၊ အခက်အခဲ ကြုံတွေ့နေရချိန်တွေမှာ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါကြောင်း ကမ္ဘောဒီးယားသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ဘရူနိုင်းနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပခဲ့တဲ့ အောက်တိုဘာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို မဖိတ်ကြားခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး အစည်းအဝေး တက်သင့်တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားထားတဲ့ အချက်ဟာ တရုတ်နိုင်ငံရဲ့ အလိုကျ ဖြစ်နေကြောင်း မြင်သာတယ်။ ဒီတော့ တရုတ်သြဇာမကင်းတဲ့ (ASEAN) အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ့် အလားအလာဟာ တရုတ်ရဲ့ လမ်းညွှန်မှုအတိုင်း ဖြစ်လာဖွယ်ရှိနေပါတယ်။   

အာဆီယံ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားအနေနဲ့ တရုတ်မူအတိုင်း မြန်မာ့အရေးကို စေ့စပ်ပေးဖို့ တွန်းအားပေးလိုပုံ ရပါတယ်။ မြန်မာ့အရေး ဆောင်ရွက်ရာမှာ စိတ်ရင်းကောင်းနဲ့ ပါ၀င်ချင်တာ ဆိုရင် မြန်မာပြည်သူလူထုရဲ့ လိုလားတောင်းဆိုချက်တွေကို မြင်အောင် ကြည့်သင့်တယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ အဆက်မပြတ် ဖော်ပြနေကြတဲ့ ဆန္ဒသဘောထားတွေကို တရုတ်နိုင်ငံအနေနဲ့ မသိကျိုးကျွံလုပ်နေရင်တော့ ရေရှည်မှာ မြန်မာပြည်သူတွေ ငြိုငြင်တာ ခံရပါလိမ့်မယ်။ အရင်းခံအားဖြင့် ဂျင်နရေးရှင်း-ဇီးတွေ ရှေ့ဆောင်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်အောက်ကို ပြန်မသွားတော့ဘူးလို့ ကြေညာထားတာကို တရုတ်နဲ့ အာဆီယံနိုင်ငံတွေ သတိပြုသင့်တယ်။  အာဏာရှင်တို့ အလိုကျ ဖန်တီးထားတဲ့ အတုအယောင် ဒီမိုကရေစီကို လက်ခံတော့မှာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ဒီမိုကရေစီမျိုးကို တောင်းဆိုနေကြတာ ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာ့ အိမ်နီးချင်းကောင်း ဖြစ်ကြောင်းပြသလိုရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ လိုတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ လိုတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချဖို့ လိုတယ်။ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့ လိုတယ်။ 

အဲဒီလိုမဟုတ်ဘဲ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ ပြန်လည်ခေါင်းထောင်ခွင့်ရအောင် ရွှေပြည်အေးတရားဟောပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် အဖြေရှာပါလို့ ပြောနေမယ်ဆိုရင်တော့ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားရုံမက ဆန့်ကျင်ရာ ရောက်နေပါလိမ့်မယ်။   ။

ကောင်းဇေလူ

1 year Ago

မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် တရုတ်ရဲ့ သွေးပူလေ့ကျင့်ခန်း

အာဏာသိမ်းပြီး လအတော်ကြာမှာတော့ တရုတ်အစိုးရအနေနဲ့ ဘယ်လိုဖြစ်ဖြစ် မြန်မာပြည် တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ပဲ စဉ်းစားလာပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်တွေကို သူ့ရဲ့ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက နိုင်ငံရေးပါတီတွေနဲ့ ပြုလုပ်တဲ့ အွန်လိုင်းထိပ်သီးအစည်းအဝေးကို စက်တင်ဘာလအတွင်းက ဖိတ်ကြားခဲ့ပါတယ်။ 

ဒါဟာ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်ဂေါ်သျှမ်းရဲ့ မြန်မာပြည်ကို တိတ်တဆိတ်လာရောက်ပြီး မကြာခင်မှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ ဆွန်ဂေါ်သျှမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်တောင်းတာကို စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။

ဆွန်ဟာ ဒီလထဲမှာလည်း မကြေညာတဲ့ နောက်ထပ်ခရီးစဉ်တခုနဲ့ မြန်မာပြည်ကို လာရောက်ခဲ့ပြန်ပါတယ်။

တရုတ်ရဲ့ အခုလို လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို အသိအမှတ်ပြုသလို ရှိနေတာတောင်မှ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အစိုးရအဖြစ်က ဖယ်ရှားခံခဲ့ရတဲ့ အန်အယ်ဒီပါတီနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ဆန္ဒကို ထင်ဟပ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာက အန်အယ်ဒီပါတီကို မြန်မာပြည်ရဲ့ တရားဝင်ပါတီအဖြစ် သူ့ရဲ့စက်တင်ဘာလ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ အန်အယ်ဒီပါတီကို ထောက်ခံတာနဲ့ စစ်ကောင်စီကို ဖယ်ရှားပြီး အာဏာမသိမ်းခင်က အနေအထားကို ပြန်ရအောင်လုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ)ကို ထောက်ခံတာ နှစ်ခုကြားက ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိမြင်နေပါတယ်။ အန်ယူဂျီမှာ ယခင်ဝန်ကြီးဟောင်းတွေနဲ့ အန်အယ်ဒီပါတီဝင်ဟောင်းတွေ ပါနေပေမဲ့လည်း တရုတ်အတွက်ကတော့ တည်ငြိမ်မှုပျက်ပြားစေမယ့် အင်အားစုတွေအဖြစ်ပဲ မြင်နေပါတယ်။ 

အခုအချိန်မှာတော့ စစ်ကောင်စီက သူ့ရဲ့အာဏာကို တရားဝင်မဟုတ်တဲ့ အသိအမှတ်ပြုမှုရနေခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံကို ထိထိရောက်ရောက် လုံးဝ ထိန်းချုပ်နိုင်လိမ့်မှာဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်အပေါ်မှာ မူတည်ပြီး တရုတ်ဟာ ရှေ့တိုးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အစွမ်းအစကို သံသယတချို့ရှိနေတာတောင်မှ အာဏာသိမ်းပြီးကတည်းက ၉ လကျော်အကြာမှာ တရုတ်အာဏာပိုင်တွေက စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခဲ့တာပါ။ 

အန်အယ်လ်ဒီနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို မပြတ်အောင် ထိန်းသိမ်းထားနေတုန်းမှာပဲ အခုအချိန်မှာ တရုတ်အစိုးရဟာ နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ အကျပ်အတည်းတွေကို မျက်ကွယ်ပြုပြီး မြန်မာပြည်အတွင်းရှိ သူ့ရဲ့အကျိုးစီးပွားတွေကို ရှေးရှုကာ အာဏာကို ဆုပ်ကိုင်ထားတဲ့ အုပ်စုနဲ့ ဆက်လက်ဆောင်ရွက်ဖို့ စဉ်းစားနေပါပြီ။

အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့တို့ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျောထောက်နောက်ခံပြုပေးဖို့ အာဏာသိမ်းပြီးပြီးချင်း အချိန်မှာ တရုတ်က တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတ်လအတွင်းက ရန်ကုန်စက်မှုဇုန်ရှိ တရုတ်စက်ရုံတွေကို ရုတ်တရက် တိုက်ခိုက်ခံခဲ့ရတာဟာ တည်ငြိမ်မှုပျက်ပြားလာမှာကို စိုးရိမ်မှုမြင့်တက်လာပြီး တရုတ်အစိုးရအတွက် အဓိက အလှည့်အပြောင်းတခုအဖြစ် မှတ်သားလောက်စရာဖြစ်စေခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်က ဆန္ဒပြမှုတွေနဲ့ တရုတ် ဆန့်ကျင်ရေးစိတ်ဓာတ်တွေက ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီနဲ့ သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့သူတွေအကြား ပြောဆိုဆွေးနွေးကြဖို့ တရုတ်က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဖိအားများများမပေးတာအတွက်ကတော့ ဝင်ရောက်မစွက်ဖက်ရေးမူကိုပဲ ရည်ညွှန်းခဲ့တာပါ။ ဒါဟာ ဂျပန်၊ တောင်ကိုရီးယား၊ အနောက်နိုင်ငံတွေနဲ့ ဆန့်ကျင်ဘက်အနေအထားပါပဲ။ မြန်မာအစိုးရဝန်ကြီးဌာနတွေနဲ့ လုပ်ငန်းဆောင်ရွက်မှုကို ကာလရှည်ကြာ ရပ်နားထားပြီးတဲ့နောက် ဩဂုတ်လအတွင်း ပြန်စခြင်းအားဖြင့် တရုတ်ဟာ စစ်ကောင်စီနဲ့  ဆက်ဆံရေးတွေကို ထိထိရောက်ရောက် ပုံမှန်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစပြီး တရုတ်ဝန်ကြီးဌာနတွေနဲ့ ဒေသန္တရအစိုးရတွေဟာ စစ်ကောင်စီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းမှု၊ ကူးသန်းရောင်းဝယ်မှုနဲ့ တခြားကဏ္ဍတွေက အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိနေခဲ့တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူက မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဂျေဆင်တာဝါက ပြောပါတယ်။ အဆိုပါလအတွင်းမှာပဲ ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် တရုတ်က မြန်မာကို ဒေါ်လာ ၆ ဒသမ ၁ သန်း ပေးအပ်ဖို့ သဘောတူညီချက်တခုကို နှစ်ဖက်စလုံးက အစပြုခဲ့ကြပါတယ်။ 

တရုတ်ရဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုဟာ ဆယ်စုနှစ်များစွာကြာတဲ့အထိ မြင့်မြင့်မားမားရှိခဲ့တာပါ။ ပေကျင်းအနေနဲ့ သူ့ရဲ့အနောက်တောင်ဘက်က အိမ်နီးချင်းကို သူ့ရဲ့ဩဇာအရိပ်အောက်မှာထားဖို့ ကြံစည်နေခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ရောက်စေမယ့် ခါးပတ်လမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ရင်းနှီးမြှုပ်နှံမှုတွေအရ နယ်စပ်ကို ဖြတ်ကျော်ဖိတ်လျှံလာမယ့် အန္တရာယ်ရှိတဲ့ အကျပ်အတည်းတခုကို ပေကျင်းအနေနဲ့ မျက်ကွယ်မပြုနိုင်ပါဘူး။ အာဏာသိမ်းပြီးတည်းက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တိုက်ခိုက်တာတွေရှိခဲ့ပြီး အသိသာဆုံးကတော့ ဒေါ်လာသန်းနှစ်ထောင်တန်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ဖေဖော်ဝါရီလ အနှောင်းပိုင်းမှာတော့ ပိုက်လိုင်းရဲ့  လုံခြုံရေးကို တိုးမြှင့်ချထားပေးဖို့ တရုတ်အာဏာပိုင်တွေက စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် တရုတ်က မြန်မာနိုင်ငံနဲ့ နယ်ခြားတလျှောက် ခြံစည်းရိုးခတ်လိုက်ပြီး ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေကို တပ်မတော်လို့ သိထားတဲ့ အာဏာသိမ်းစစ်တပ်ကိုရော ဆယ်စုနှစ်တွေနဲ့ချီ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုပါ ပေးအပ်ခဲ့ပါတယ်။

စစ်တပ်ဟာ တရုတ်ဆီက ထောက်ပံ့မှုကို တရားဝင်အပြည့်အဝ ရနေပါတယ်။ ဒါပေမဲ့ တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော်နဲ့ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တရားမဝင်နည်းလမ်းနဲ့ ထောက်ပံ့ပေးနေတယ်လို့ ဂျေဆန်တာဝါက ပြောထားပါတယ်။ ဒါဟာ နယ်စပ်တလျှောက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တပ်မတော်ရဲ့ ကြီးမားတဲ့ စစ်အင်အားသုံးပြီး နှိမ်နင်းနိုင်စွမ်းကိုလည်း အကန့်အသတ်ဖြစ်စေပါတယ်။ စစ်တပ်အပေါ် တရုတ်ရဲ့ အသိအမှတ်ပြုမှုဟာ စစ်ခေါင်းဆောင်တွေကို တရားရုံးတင်ဖို့ ကြိုးပမ်းတဲ့လတွေ နောက်ပိုင်းမှာ နှေးကွေးလာပြီး အဓိကကျတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အရှိန်လျှော့ချ ဆောင်ရွက်နေတဲ့နေရာမှာ အသိသာဆုံးဖြစ်ပါတယ်။ 

စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြီးဆုံးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးဟာ ခန့်မှန်းခြေအားဖြင့် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တခြားကုမ္ပဏီတွေ နိုင်ငံအတွင်းမှ ထွက်ခွာနေတဲ့အချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စစ်ကောင်စီရဲ့ တရားဝင်မှုမျက်နှာစာတခုကို ဖြစ်စေပါတယ်။ တရားဝင်မှုကို ပြသဖို့အတွက် စစ်ကောင်စီဟာ စီးပွားရေးနာလန်ထဖို့ အသည်းအသန်လိုအပ်နေတာပါလို့ တရုတ်နိုင်ငံ ရှားမင်တက္ကသိုလ်မှာ အရှေ့တောင်အာရှအရေးကို အဓိကထားလေ့လာနေတဲ့ တရုတ်နွယ်ဖွား မြန်မာသုတေသီ ဝူကျင်ရှီက ပြောပါတယ်။

ဒေါ်လာသန်း ၂၅၀၀ တန် တရုတ်ရဲ့ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစီမံကိန်းတခုကို ဧရာဝတီတိုင်းဒေသကြီးရှိ မီးလင်းချိုင်မှာ မေလအတွင်း စစ်ကောင်စီက ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အခုချိန်ထိ တခုတည်းသော အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေမှာ ဆောင်ရွက်မယ့် ကော်မတီ ၃ ခုကိုလည်း ကိုယ်တိုင်ခန့်အပ်တဲ့သူတွေနဲ့ အစားထိုးပြီး အသိအမှတ်ပြုခဲ့ပါသေးတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေမှာ ကချင်နဲ့ ရှမ်းပြည်နယ်တွေက စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေနဲ့ ရခိုင်က အထူးစီးပွားရေးဇုန်တခု ပါဝင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေး၊ ကျောက်ဖြူတို့ကို ဆက်သွယ်ပေးမယ့် စင်္ကြံလမ်းရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

“စစ်တပ်အာဏာပိုင်တွေက နှောင့်နှေးနေတဲ့ အဓိကအခြေခံအဆောက်အအုံ စီမံကိန်းတွေ ပြန်စလုပ်ဖို့ တရုတ်ကို တိုက်တွန်းနေပြီး တရုတ်ကတော့ ရှေ့ဆက်လိုတဲ့ သူ့ရဲ့ဆန္ဒကို ပြသတာမရှိသေးဘဲ သတိကြီးကြီးထားနေဆဲဖြစ်တယ်လို့ ကျနော် နားလည်တယ်” လို့ ဝူက ပြောပါတယ်။

ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း အဆိုပြုချက်ကို ပြန်လည်ညှိနှိုင်း ပြင်ဆင်လိုတဲ့ အရိပ်အယောင်ကို စစ်ကောင်စီက ပြသနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အန်အယ်လ်ဒီအစိုးရက မြန်မာရဲ့ ပိုင်ဆိုင်မှုအချိုးအစား မြင့်မားနေတာကို ပြန်လည်ညှိနှိုင်းပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လအနှောင်းပိုင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်း ရိုက်ခတ်နေတာတောင်မှ စစ်ကောင်စီက စီမံကိန်းကို ရှေ့ဆက်သွားဖို့အတွက် ဥပဒေဆိုင်ရာလုပ်ငန်းအတွက် တင်ဒါခေါ်ယူမှု စတင်ခဲ့ပါတယ်။

မြန်မာကောင်စီနဲ့ ဆက်ဆံရေးပြန်စတင်တဲ့အနေနဲ့ နိုင်ငံပိုင် တရုတ်စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်တဲ့ စီအိုင်တီအိုင်စီအဖွဲ့က လောလောဆယ်စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှု ဆောင်ရွက်ရန် သဘောတူညီမှုတခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီအချိန်မှာပဲ နိုင်ငံတကာအစိုးရတွေဆီက တရားဝင်အသိအမှတ်ပြုမှုကို စတင်တည်ထောင်တဲ့ ဧပြီလကတည်းက မျှော်လင့်ကြိုးပမ်းနေပြီး တခြားနိုင်ငံတွေနဲ့ တရားဝင်မဟုတ်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်လှစ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ကို တရုတ်က ငြင်းဆန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူ့ရဲ့ထောက်ခံမှုနဲ့ ဆောင်ရွက်နေတဲ့ လူထုအာဏာဖီဆန်အံတုတဲ့လှုပ်ရှားမှု၊ ကုမ္ပဏီတွေကို စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ အဆက်ဖြတ်ဖို့ ဖိအားပေးတာတွေနဲ့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ကို အားပေးကူညီခြင်းအားဖြင့် အစိုးရယန္တရား မလည်ပတ်နိုင်အောင် အနှောင့်အယှက်ပေးကာ စိန်ခေါ်လျှက်ရှိနေပါတယ်။ စစ်တပ်နဲ့ စစ်ကောင်စီ အရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ် တော်လှန်ရေးသမားတွေက အရှိန်မြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။

တရုတ်က မြန်မာပြည်မှာ လောင်းကြေးထပ်ထားတာတွေကို ကာကွယ်နေခြင်း

တရုတ်အရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာသူတွေက ပေကျင်းဟာ စစ်ကောင်စီကို မြန်မာပြည်မှာ ကျိန်းသေပေါက် အနိုင်ရမယ့်သူအဖြစ် မြင်နေပြီး ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အလုပ်မလုပ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို တွန်းအားပေးလျှက်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံမှုတွေရှိ နေတာတောင်မှ စစ်တပ်က အသာစီးရနေပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒါကို ပြောင်းလဲပစ်ဖို့ ခက်ခဲတယ်လို့ ရှားမင်းတက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ လေ့လာရေးဌာန ဒါရိုက်တာ ဖန်ဟောင်ဝေးက ပြောပါတယ်။

သူက “တကယ်လို့ တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် စာနာနားလည်မိတယ် ဆိုတာတောင်မှပဲ ပြောင်ပြောင်တင်းတင်း အဆက်အသွယ်လုပ်ဖို့ အဆင်မပြေဘူး” လို့ သူက ဆိုပါတယ်။

တရုတ်ဟာ မြန်မာ့တော်လှန်ရေး အရပ်သားခေါင်းဆောင်တွေအပေါ် အေးတိအေးစက်ဆက်ဆံတဲ့ နိုင်ငံအနည်းငယ်ထဲက တနိုင်ငံဖြစ်ပြီး အမြဲလို ဘေးလူကတဆင့်သာ ဆက်ဆံနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာနရဲ့ အရင်းအမြစ်တွေက ပြောပါတယ်။

“တရုတ်ဟာ ကျနော်တို့နဲ့ စကားပြောဖို့ကိစ္စ ခေါင်းမာလွန်းတာကို အံ့ဩမိတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းအေဂျင်စီက စစ်ကောင်စီ အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။ 

“ပေကျင်းဟာ စစ်တပ်နဲ့ပဲ ပြောဆိုနေတာကတော့ အမှားကြီးတခုကို ကျူးလွန်နေတာပါပဲ။ ဒါဟာ သူကိုယ်တိုင် ဒေသတွင်းမတည်ငြိမ်မှုတွေကို မီးမွှေးနေတာပဲ၊ မြန်မာပြည်သူတွေက မင်းအောင်လှိုင်ကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် လက်မခံဘူးဆိုတာ တရုတ်အစိုးရ သိပါတယ်” လို့ ဒေါက်တာဆာဆာ ကထပ်မံဖြည့်စွက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ပေကျင်းဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ဖူးပါတယ်။ ဒါကို မထိန်းချုပ်နိုင်ပါက စစ်အစိုးရကို ပြန်ကြိုဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် လောင်းကြေးထပ်ဖို့ဆိုရင် တရုတ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေအပေါ် ဆန့်ကျင်တိုက်ခိုက်တာမျိုး လုပ်ကောင်းလုပ်လာနိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်အရေး ရည်မှန်းချက်တွေအတွက်ကတော့ မငြိမ်သက်မှုတွေနဲ့ လူထုတုံ့ပြန်မှုတွေက လောင်းကြေးကို ပိုပြီးမြင့်တက်စေခဲ့ပါတယ်။ ဒါပေမဲ့ ကန့်လန့်ကာနောက်ကွယ်မှာတော့ တရုတ်ဟာ သူ့ရဲ့နယ်စပ်မှာ နောက်ထပ်ကျရှုံးနိုင်ငံတခုကို ကျားကန်ပေးနေရတာမျိုး ဖြစ်နိုင်ပါတယ်။

အေးမင်း(တာမွေ)

(ထိုင်ဝမ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ သတင်းထောက် ဂျွန်လီယူနဲ့ ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်သတင်းစာရဲ့ သတင်းထောက်ချုပ်နဲ့ တွဲဖက်အယ်ဒီတာဟောင်းဖြစ်သူ သွန်မ်ဆင်ချောင်တို့ Foreign Policy မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ ရေးသားထားတဲ့  “China Warms Up to Myanmar’s Generals”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။) 

စာရေးသူ ဂျွန်လီယူဟာ ထိုင်ဝမ်အခြေစိုက် သတင်းထောက်တဦးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေကို အထူးပြုလေ့လာနေပြီး  Nikkei Asia, the Diplomat, Al Jazeera နဲ့ Frontier Myanmar တို့မှာ ရေးသားနေသူ ဖြစ်ပါတယ်။

စာရေးသူ သွန်မ်ဆင်ချောင်ကတော့ ယခင်ရန်ကုန်အခြေစိုက် Myanmar Times သတင်းစာရဲ့ သတင်းထောက်ချုပ်နဲ့ တွဲဖအယ်ဒီတာဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူဟာ the Economist, the Financial Times, Nikkei Asia နဲ့ တခြားသတင်းစာတွေမှာ ရေးသားနေသူဖြစ်ပါတယ်။

1 year Ago

ရုပ်သံသတင်း

COVID-19

၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ၊ သေဆုံးသူတဦးမှ မတွေ့ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူရော၊ သေဆုံးသူပါ တယောက်မှ စစ်ဆေးမတွေ့ရှိခဲ့ရဘူးလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက် ညပိုင်း မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၃,၂၈၂ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် တယောက်မှ မတွေ့ရှိရတာကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၃,၈၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၃၁၄ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ တိုက်တွန်းထားပါတယ်။

2 months Ago

တရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက် ညပိုင်း မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄,၃၀၇ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၃ ယောက်တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၀၇ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၃,၈၃၆ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၃၀၆ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့  ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ တိုက်တွန်းထားပါတယ်။

2 months Ago
Up