May 9, 2021

စစ်ကိုင်းပညာရေးတက္ကသိုလ်ဆရာ/ဆရာမ ၁၅၆ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်း

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေး CDM လုပ်တဲ့ စစ်ကိုင်းမြို့ စစ်ကိုင်းပညာရေးတက္ကသိုလ်က ပါမောက္ခတွေ၊ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမတွေ စုစုပေါင်း ၁၅၆  ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

 တာဝန်ရပ်ဆိုင်းစာကိုတော့ ၂၀၂၁ ခုနှစ် မေ  ၆ ရက်မှာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က လက်မှတ်ထိုးထုတ်ပြန်ခဲ့တာပါ။

52 seconds Ago

ကညွှတ်ကွင်းမြို့ တွင် အသံဗုံးပေါက်ကွဲ

ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကျွန်းတော (၂) လမ်းက နေအိမ်ခြံဝင်းနားမှာ မေ ၈ ရက် ည ၁၁ နာရီခွဲလောက်က အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှုမဖြစ်ခင် မြို့တွင်း ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့တာကြောင့်  အခုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောနေပါတယ်။

ဗုံးပေါက်ချိန်ဟာ ပြည်သူတွေ လမ်းပေါ် သွားလာရဲတဲ့အချိန် မဟုတ်သလို ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတချို့ဟာ ပေါက်ကွဲတဲ့လမ်းဘက်ကနေ ထွက်လာတာကို တွေ့ရှိသူတွေလည်း ရှိခဲ့ပါတယ်။

ဗုံးပေါက်ရာ နေရာရောက်လာတဲ့ ရဲတချို့ဟာ အဲဒီနေရာက တွေ့ရတဲ့ ပစ္စည်းတွေဟုဆိုကာ လက်ဖက်ရည်ဆိုင်နဲ့ ရင်းနှီးသူတွေကို ပြသပြီး ဝါဒဖြန့်နေတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာတော့ အခုကိစ္စကို အကြောင်းပြုပြီး နေအိမ်တွေကို ရှာဖွေတာ ဖမ်းဆီးတာတွေလည်း လုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်နေရပါတယ်။

12 mins Ago

ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း ဆန္ဒပြပြီးအပြန် ပစ်ခတ်ခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၁၁၉ လမ်း၊ ၆၃ လမ်း နဲ့ ၆၄ ကြားမှာ မေလ ၉ ရက်နေ့ မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများစစ်ကြောင်း ဆန္ဒပြအပြီးအပြန် အရပ်ဝတ်တွေနဲ့ လိုက်လံပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ အိမ်စီးကားနဲ့ လိုက်လံပစ်ခတ်တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အိမ်စီးကားတစ်စီး ကျည်ထိမှန်ခဲ့ပါတယ်။

“Mark2 နဲ့ လိုက်လာပြီး ကျနော်တို့ကို ကျော်တက်ပြီးတာနဲ့ သေနတ်တွေနဲ့ ဆင်းပစ်တာ။ ကျနော်တို့အဖွဲ့က ကား ၃ စီး၊ ကျနော်တို့ကားက ရှေ့ဆုံးက။ သူတို့ကပိတ်တော့ ဘေးကနေ ဖြတ်မောင်းတာ ကျနော်တို့က လွတ်တယ်။ နောက်က Alphard က ပြန်လှည့်တာ။  ဒါကို တရစပ်ပစ်တယ်” လို့ ကိုယ်တိုင်ကြုံတွေ့သူ လူငယ်တစ်ဦးက ပြောပါတယ်။

ဒီလိုပစ်ခတ်ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကတော့ ပြည်ကြီးတံခွန်မြို့မရဲစခန်းထဲ အိမ်စီးကားနဲ့ ဝင်သွားတယ်လို့ သိရပါတယ်။

59 mins Ago

ငါန်းဇွန်မြို့က NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက် ငါန်းဇွန်ဈေးအနီးနေတဲ့ NLD ပါတီဝင် ၁ ဦး မေ ၈ ရက် ည ၉ နာရီကျော်လောက်က ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ကိုနိုင်လင်းဟာ ငါးဇွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခိုင်မြဲ ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။

ကိုနိုင်လင်းကို မေးစရာရှိတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လူတွေက လာရောက် ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

1 hour Ago

ပေါင်မြို့နယ်က စစ်အာဏာရှင် တော်လှန်ရေးဆိုင်ကယ်သပိတ်

မွန်ပြည်နယ်  ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ပြည်သူတွေဟာ မေ ၉ ရက် မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ဆိုင်ကယ်သပိတ်လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပေါင်မြို့နယ် တောင်ရှေ့ပိုင်းမှာတော့ ကရင်တိုင်းရင်းသား အများစု နေထိုင်ကြတာဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သပိတ်မျိုးစုံလုပ်ပြီး နေ့စဉ်ရက်ဆက် တော်လှန်နေ ကြပါတယ်။

1 hour Ago

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး သပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မေ ၉ ရက်နေ့က မန္တလေးအခြေစိုက် တကသများ သပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုစစ်ကြောင်းနဲ့ သမဝါယမတက္ကသိုလ် ကျောင်းသား ကျောင်းသူများ စစ်ကြောင်းတို့ ပေါင်းပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

2 hours Ago

ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့်ငြင်းဆန်မှုအပေါ် ပုပ်ဖရန်စစ် ထောက်ခံ

ဂျာမနီအပါအ၀င် တချို့ဥရောပနိုင်ငံများက လက်ခံကြပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အသိဉာဏ်မူပိုင်ခွင့် ငြင်းဆန်ကြခြင်းကို ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က မေ ၈ ရက်မှာ ထောက်ခံအားပေးလိုက်ပါတယ်။ 

ကမ္ဘာပေါ်မှာ coronavirus ကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်းများစွာကို အမှတ်ရပေးပြီး တို့တွေဟာ ဈေးကွက်ဥပဒေတွေ၊ အသိဉာဏ်ပစ္စည်းဈေးကွက်တွေ၊ အသိဉာဏ်မူပိုင်ခွင့်တွေပေါ်မှာ လူသားတွေကျန်းမာရေးနဲ့ ချစ်ခြင်းမေတ္တာအတွက် ပိုထာရှိးရမယ်လို့လည်း ဆိုပါတယ်။

 ကာကွယ်ဆေးများ တရားမျှတစွာ ရယူသုံးစွဲနိုင်ရေး မြှင့်တင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေးပွဲမှာ ဗွီဒီယိုမက်ဆေ့ခ်ျ ပေးပို့လာတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ  ကမ္ဘာကြီးဟာ လူတဦးတယောက်ချင်းဆီကနေ ဗိုင်းရပ်စ်တွေ ကူးစက်ခံထားနေရပြီလို့ ထည့်သွင်းပြောကြား သွားပါတယ်။ 

ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ခွန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် မူပိုင်ခွင့်ကာကွယ်မှုကို စွန့်လွှတ်သင့်၊ မသင့် နဲ့ပတ်သက်ပြီး ဆေးဝါးကုမ္ပဏီတွေ ဆွေးနွေးငြင်းခုံနေကြချိန်မှာ ပြောကြား လာတာပါ။ 

ဒီကိစ္စကို ကျောထောက်နောက်ခံပြု ဆောင်ရွက်နေတဲ့ သမ္မတ ဘိုင်ဒန်ဆီ အိန္ဒိယ၊ တောင်အာဖရိကနှင့်တခြားနိုင်ငံ ၁၀၀ ကျော်မှ ဖုန်းခေါ်ဆိုလာကြပါတယ်။ 

ဒါပေမယ့် ဂျာမနီနှင့်ပြင်သစ်တို့ ဦးဆောင်တဲ့ ဥရောပနိုင်ငံတွေကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အဆုံးသတ်ဖို့ အဓိက သော့ချက်ဟာ ကာကွယ်ဆေးတွေကို မြန်မြန်ထုတ်လုပ် မြန်မြန်ဝေမျှရေးသာ ဖြစ်တယ်လို့ ပြောပါတယ်။ 

3 hours Ago

ကဘူးလ်တွင် ကားဗုံးပေါက်မှုကြောင့် လူ ၅၅ ဦး သေဆုံး

အာဖဂန်မြို့တော် ကဘူးလ်မှာ မေ ၈ ရက်က ကားဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းတကျောင်းရဲ့ အပြင်က မော်တော်ကားတွေလည်း ပေါက်ကွဲပြီး အနည်းဆုံးလူ ၅၅ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 

သေဆုံးသူအများစုဟာ ဆေယဒ်အူလ်ရှူဟာဒါ အထက်တန်းကျောင်းက ကျောင်းသား တွေဖြစ်ပြီး အများစုက  ပြင်းထန်စွာ ဒဏ်ရာရရှိလို့ ဆေးရုံမှာ တင်ထားတယ် လို့ လုံခြုံရေးအရာရှိ တစ်ဦးက ရိုက်တာကို ပြောပါတယ်။ 

အနီးအနားက ဆေးရုံတစ်ခုမှာ ဒဏ်ရာရ ကျောင်းသားများကို ဝန်ထမ်းတွေက လှည်းတွေနဲ့ ပို့ပေးခဲ့ရပြီး စိတ်ပူနေကြတဲ့ မိဘဆွေမျိုးတွေက သူတို့ရဲ့ သားသမီးတွေကို လာရှာခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

ဆေယဒ် အူလ် ရှူဟာဒါ အထက်တန်းကျောင်းမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေဟာ အုပ်စု ၃ စုခွဲပြီး တလှည့်စီ စာသင်ကြရတာပါ။ 

အခု ဒုတိယတအသုတ် စာသင်ရတဲ့ ကျောင်းသူတွေအလှည့်မှာ ပေါက်ကွဲမှုဖြစ်တာလို့ ပညာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျီဘာအရီယန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ဒဏ်ရာရသူ အများစုမှာ ကျောင်းသူတွေဖြစ်ပြီး စနေနေ့တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ခံပြောဆိုမှု မရှိသေးဘူးလို့ အာဖဂန်သမ္မတ အာ့ရှ်ရဖှ်ဂါနီက ဒီတိုက်ခိုက်မှုအပေါ် တာလီဘန်သူပုန်တွေကို အပြစ်တင်ထားပါတယ်။ 

တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်ကတော့ သူတို့အဖွဲ့ မလုပ်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ 

ပြီးခဲ့တဲ့လက ဝါရှင်တန်အစိုးရဟာ စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်တပ်ဖွဲ့အားလုံးကို ရုတ်သိမ်းသွားတော့ဖို့ ကြေညာလိုက်ပြီးကတည်းက တာလီဘန်တွေဟာ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေ ပြောကြားထားပြီး မြို့တော်ကဘူးလ်ကိုလည်း လုံခြုံရေးအမြင့်ဆုံး တိုးမြှင့် တပ်လှန့်ထားပါတယ်။ 

3 hours Ago

ကိုဗစ်-၁၉ ထုတ်လုပ်မှု မူပိုင်ခွင့်ကိစ္စစွန့်လွှတ်ရန် အမေရိကန်နှင့်အခြားနိုင်ငံများကို ဥရောပ ကော်မရှင် သတိပေး

အမေရိကန်နဲ့ အခြား ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေအနေနဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးနေကြတာထက် ဥရောပသမဂ္ဂက လုပ်သလို ကာကွယ်ဆေးတွေ တင်ပို့တာကိုပဲ လုပ်ဆောင်ဖို့ မေ ၇ ရက်မှာ ဥရောပကော်မရှင်က ပြောကြားလိုက်ပါတယ်။ 

မူပိုင်ခွင့်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးနေကြတာဟာ ကာလတို-ကာလလတ်မှာ ကိုဗစ်-၁၉ ဆေးတစ်လုံး ထိုးစာကိုတောင် ထုတ်လုပ်ပေးမှာ မဟုတ်ဘူးလို့ ကော်မရှင်အကြီးအကဲ အာဆူလာ ဖွန် ဒယ်လေယန်က အီးယူခေါင်းဆောင်များ ထိပ်သီးညီလာခံရဲ့ ပြင်ပ သတင်းအစည်းအဝေးမှာ ပြောသွားတာပါ။ 

ဥရောပသမဂ္ဂဟာ ကမ္ဘာပေါ်မှာ အကြီးအကျယ်တင်ပို့နေတဲ့ တစ်ခုတည်းသော တိုက်ကြီး သို့မဟုတ် ဒီမိုကရေစီဒေသဖြစ်တယ်လို့ ဖွန်ဒါလေယန်က ပြောကြားပါတယ်။ 

ဥရောပက ထုတ်လုပ်တဲ့ coronavirus ကာကွယ်ဆေးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော COVAX အစီအစဉ်ထဲက နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၉၀ နီးပါးကို တင်ပို့တယ်လို့လည်း ပြောပါတယ်။

 ထုတ်လုပ်မှုမြင့်မားခြင်း၊ ပို့ကုန်အတားအဆီးများကို ဖယ်ရှားခြင်းနဲ့ ကြိုတင်မှာယူထားတဲ့ ကာကွယ်ဆေးတွေကို မျှဝေခြင်းတွေကသာ ကူးစက်ရောဂါကို မြန်မြန်ဆန်ဆန် တိုက်ဖျက်နိုင်ဖို့ ချက်ချင်း ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ 

ကာလတိုနဲ့ အလယ်အလတ်ကာလမှာ လိုအပ်ချက် ပထမဆုံးက ကာကွယ်ဆေး ဝေမျှခြင်းဖြစ်ပြီး ဒုတိယ ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေ တင်ပို့ခြင်းနဲ့ တတိယအချက်ကတော့ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလို့ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ ကာကွယ်ဆေး ခွဲဝေရေးစနစ်ကို စတင်ခဲ့တာကို အနောက်ဘော်လ်ကန်ဒေသဆီ ဆေးပမာဏ ၆၁၅,၀၀၀ ပေးပို့ခဲ့တာကို ဥပမာပေး ပြောသွားပါတယ်။

3 hours Ago

မိုးကုတ်တွင် ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မင်းတံတားအုပ်စု ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ဦးကို  မေလ ၈ ရက်နေ့က နေအိမ်တွေမှာ လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတံတား ရပ်ကွက်မှာ နေ့ခင်းဘက်ကနေ အကြမ်းဖက်စစ်အုပ်စုက နေအိမ်တွေမှာ လိုက်လံစစ်ဆေးပြီး မိန်းကလေး ၁ ဦးနဲ့ ယောကျာ်းလေး ၄ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဖုန်းထဲမှာ ဆန္ဒပြတဲ့ပုံတွေ တွေ့တာကြောင့် ဖမ်းသွားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း လူးထရပ်ကွက်က အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးကိုတော့ နေအိမ်မှာလာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ကျောက်ဖားရပ်ကွက်က ဆီဆိုင်ပိုင်ရှင်နဲ့ ကသဲတောင်ကုန်းက မိန်းကလေး ၂ ဦးကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်တွေထဲ၊ အိမ်တွေထဲထိ လိုက်လံစစ်ဆေးပြီးတော့ လာရောက်ရှာဖွေတဲ့သူ မတွေ့ပါက အိမ်မှာရှိတဲ့မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 hours Ago

ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ ပူးပေါင်းပြီး စစ်အာဏာရှင် စနစ်ပြုတ်ကျရေး ချီတက်ဆန္ဒပြ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မေ ၉ ရက် မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကြောင်းမှာပါတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ အာဏာသိမ်းစစ်ကောင်စီက အသက်သွင်းနေတဲ့ စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာမသင်လိုတဲ့အတွက် သပိတ်မှောက်ထားကြပါတယ်။

3 hours Ago

ပုလဲသပိတ်ဦးဆောင်သူတစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦး မေလ ၈ ရက်နေ့ ညက ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

“မနေ့ညက ၉ နာရီလောက်မှာ ဖမ်းဆီးခံရတယ်။ သူ ပုလဲသပိတ် ဦးဆောင်ထဲ ပါတယ်။ အခု ဖမ်းခံရတာ ကိုဇော်ထွန်းပါ။ သူက ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ အရင် ကဗျာတွေ ရေးတယ်။ သူ့ရဲ့ကလောင်အမည်က ခက်သီပါ။ သူ့ကို ရွှေဘိုမှာ ဖမ်းဆီးခံရတယ်” လို့ ကဗျာဆရာ ကိုခက်သီရဲ့သူငယ်ချင်းက ပြောပါတယ်။

3 hours Ago

ဂျပန်ရောက်မြန်မာများ၏ Try togeter at Japan အဖွဲ့ လှုပ်ရှားမှု

မြန်မာနိုင်ငံအခြေအနေအကြောင်းကို ဂျပန်ပြည်သူတွေ ပိုပြီး သိလာစေဖို့ ဂျပန်ရောက်မြန်မာတွေရဲ့ Try togeter at Japan အဖွဲ့က အပတ်စဥ် လှုပ်ရှားနေပါတယ်။

"ကျနော်တို့ TTAJ အဖွဲ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြောင်းရေးသားထားတဲ့ pamphlets နဲ့ Pocket Tissues တွေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိနားလည်လာစေဖို့၊ ဂျပန် အစိုးရက ဖိအားပေးကူညီလာစေဖို့ ရည်ရွယ်ပြီးတော့ လူစည်ကားတဲ့ ဘူတာကြီးတွေမှာ အပတ်စဉ် ဝေငှနေပါတယ်။  ဒီတပတ်ရဲ့ လှုပ်ရှားမှုကိုတော့ ဒီနေ့ (မေ ၈ ရက် က) တိုကျို၊ ရှင်းကိုအိဝ ဘူတာမှာ ပြုလုပ်ခဲ့ပါတယ်" လို့ ပါဝင်သူတယောက်က ပြောပါတယ်။

3 hours Ago
More News
Up