Worldometer

March 27, 2020

စပိန်တွင် လူသေဆုံးမှု မြင့်လာသဖြင့် အအေးခန်းထရပ်ကားကို ယာယီရေခဲတိုက်အဖြစ် ပြောင်းလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးတာ မြင့်တက်လာတဲ့ စပိန်နိုင်ငံမှာ မတ်  ၂၆ ရက်က အအေးခန်း ထရပ်ကားတစီးကို ယာယီရေခဲတိုက်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ မက်ဒရစ်မြို့က  ရေခဲပြင် စကိတ်ကွင်းကို အအေးခန်း ထရပ်ကား ရောက်ရှိလာတာဖြစ်ပြီး  ထရပ်ကားမောင်းသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နှာခေါင်းစည်း စည်းထားသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း ကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ထားကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ရေခဲတိုက်တွေမှာ အလောင်းတွေကို နေရာမပေးနိုင်တော့ဘူးလို့ တာဝန်ရှိသူတွေ ပြောကြားပြီးနောက် မြို့တော် မက်ဒရစ်က ရေခဲပြင် စကိတ်ကွင်းဟာ ရေခဲတိုက်တခု ဖြစ်လာပါတယ်။ မတ်လ ၁၄ ရက်က အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီးနောက်ပိုင်း စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်က ၁၀ ဆ မြင့်တက်လာပါတယ်။ မတ်လ ၂၅ ရက်က တစ်နေ့တည်း သေဆုံးသူ  ၇၃၈ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ တရုတ်နိုင်ငံကို ကျော်တက်ခဲ့ပါတယ်။ မတ်လ ၂၇  ရက် Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့် စုစုပေါင်း သေဆုံးသူ  ၄,၃၆၅ ဦးရှိပြီး ကူးစက်ခံရသူ ၅၇၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
1 year Ago

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်၌ ၄ လအတွင်း ၈၁၀၀၀ ကျော် သေဆုံးနိုင်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လာမယ့် ၄ လအတွင်း အမေရိကမှာ လူပေါင်း ၈၁,၀၀၀ ကျော် သေဆုံးနိုင်ပြီး ဇွန်လအထိ ကပ်ရောဂါ လျော့ကျသွားမှာ မဟုတ်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်က လုပ်တဲ့ အချက်အလက်တွေက ဆိုပါတယ်။ ဆေးရုံတင်ရတဲ့  လူနာအရေအတွက်ဟာ ပြည်နယ်တချို့မှာ နောက်ပိုင်းမှ မြင့်တက်လာနိုင်ပေမယ့် ဧပြီ ဒုတိယသီတင်းပတ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်တက်ဖွယ် ရှိပါတယ်။ လေ့လာချက်အရ  လူသေဆုံးနှုန်းဟာ  ဇွန်လမှာ ကပ်ရောဂါအဆင့်ဖြစ်တဲ့ တနေ့ကို ၁၀ ယောက်အောက် လျော့နည်းနိုင်ပေမယ့် ဗိုင်းရပ်စ်ကြောင့် ဇူလိုင်လအထိ လူတချို့ ဆက်လက်သေဆုံးနိုင်ဖွယ် ရှိပါတယ်။ ဒီလေ့လာချက်ဟာ အစိုးရ၊ ဆေးရုံနဲ့ တခြားသတင်းရင်းမြစ်တွေက ထုတ်ပြန်တဲ့  ကိန်းဂဏန်းတွေကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံရဲ့ သေဆုံးနှုန်းဟာ အနိမ့်ဆုံး ၃၈၀၀၀ ဝန်းကျင်ကနေ အမြင့်ဆုံး ၁၆၂၀၀၀ ဝန်းကျင်အထိ ကွာခြားချက် ကြီးကြီးမားမားနဲ့ ပြောင်းလဲနိုင်တယ်လို့ ရိုက်တာသတင်းမှာ ‌ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိ အမေရိကန်နိုင်ငံတဝန်းမှာ သေဆုံးသူ ၁,၃၀၀ ကျော် ရှိနေပြီး ကူးစက်ခံရသူ ၈၅,၀၀၀ ကျော် ရှိနေတယ်လို့ မတ်လ ၂၇ Worldometer ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
1 year Ago

March 14, 2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဗဟိုချက်အဖြစ် ဥရောပကို သတ်မှတ်

ဥရောပတိုက်ဟာ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဗဟိုချက် ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက မတ် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။  WHO ရဲ့ အကြီးအကဲ ဒေါက်တာတတ်ဒရိုစ်ဂတ်ဘရီအီးဆပ်က နိုင်ငံတွေအနေနဲ့  တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေ အသုံးပြုပြီး အသက်တွေ ကယ်တင်ကြဖို့ တိုက်တွန်းပါတယ်။  အခုလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲရဲ့ မှတ်ချက်ဟာ မတ် ၁၃ ရက် တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီးနောက် ထွက်ပေါ်လာတာပါ။ ဥရောပနိုင်ငံတွေထဲမှာ အီတလီပြီးတဲ့နောက် ဒုတိယအဆိုးဆုံးက စပိန်ဖြစ်ကာ သောကြာနေ့က သေဆုံးသူ ၁၂၀ ရှိခဲ့လို့၊ လူသေဆုံးမှုနှုန်းက ၅၀  ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ကူးစက်ခံရသူစုစုပေါင်းကလည်း ၅၂၃၂ ယောက် ရှိသွားပါပြီ။  စပိန်၊  အီတလီတို့လိုပဲ ပြင်သစ်မှာလည်း ကူးစက်ခံရသူ ၃၆၆၁ ယောက် ရှိနေပြီး သေဆုံးသူက ၇၉ ဦးရှိပါပြီ။  ဂျာမနီမှာလည်း ၃၆၇၅ ယောက် ကူးစက်ခံထားရပြီး ၈ ဦးသေဆုံးကာ ဗြိတိန်မှာတော့ ကူးစက်ခံရသူ ၇၉၈ ဦးနဲ့ သေဆုံးသူ ၁၁ ဦးရှိနေတယ်လို့ သိရပါတယ်။  ကမ္ဘာတဝန်းနိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ မတ်လ ၁၄ ရက် မနက် ၁၀ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူပေါင်း  ၁၄၅၆၃၁ ယောက်၊ သေဆုံးသူ ၅၄၂၃ ယောက်နဲ့ ပြန်ကောင်းလာသူ ၇၁၁၆၉ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
1 year Ago
More News
Up