UEFA

November 15, 2020

ပင်နယ်တီ ၂ လုံးအထိ လွဲခဲ့သည့် စံချိန်ရှင်ရာမို့စ်ကို စပိန်နည်းပြ ကာကွယ်ပြောဆို

မနေ့က ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီ ၂ လုံးလွဲခဲ့သူ စံချိန်ရှင် ဆာဂျီယိုရာမို့စ်ကို စပိန်နည်းပြ လူးဝစ္စ အင်းနရစ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဆွစ်ဇာလန်နဲ့ပွဲမှာ ရာမို့စ်ဟာ ဘူဖွန်ရဲ့စံချိန်ကိုဖြတ်ကျော်ပြီး ဥရောပဘောလုံးသမိုင်းမှာ နိုင်ငံအသင်းအတွက် ပွဲအများဆုံးကစားထားနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်း ခေါင်းဆောင်ရဲ့ ပင်နယ်တီကန်ချက် ၂ ခုကတော့ ဆွစ်ဇာလန်ဂိုးသမား ယန်ဆွမ်မာကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာပါ။ ရီမိုဖလူရာက ဆွစ်ဇာလန်အသင်းအတွက် ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာသွင်းယူပေးခဲ့ပြီး စပိန်အသင်းအတွက် ဂျရတ်မော်ရီနိုက ၈၉ မိနစ်မှာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။  ဒီပွဲမှာ ရာမို့စ်ဟာ ၂၃ မိနစ်အတွင်း ပင်နယ်တီ ၂ လုံးလွဲချော်ခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပင်နယ်တီ ၂၅ လုံးဆက်တိုက် ဝင်အောင်ကန်နိုင်ခဲ့သူဖြစ်ပါတယ်။  ဒီစံချိန်ကောင်းတွေကြောင့် ရာမို့စ်ဟာ စပိန်အသင်းအတွက် ပင်နယ်တီ ကန်သွင်းသူအဖြစ်ကနေ ဖယ်ရှားခံရမှာ မဟုတ်ဘူးလို့ နည်းပြ အင်းနရစ်က ပြောပါတယ်။ “ရာမို့စ်ရဲ့ ပင်နယ်တီမှတ်တမ်းတွေက တကယ်ကိုကောင်းပါတယ်။ ဒါ့ကြောင့် တစ်လုံး၊ နှစ်လုံးလောက် လွဲတာနဲ့ သူ့ကို ပင်နယ်တီကန်သွင်းသူအဖြစ်ကနေ ဖယ်ရှားဖို့ဆိုတာ မတရားတာပါပဲ။ ကျနော်တို့အသင်းမှာ ပင်နယ်တီကန်နိုင်တဲ့သူမျ ားစွာရှိပါတယ်။ အဲဒီထဲမှာ ရာမို့စ်က ထိပ်ဆုံးမှာရှိနေပါတယ်။” ပင်နယ်တီလွဲခဲ့ပေမယ့် ရာမို့စ်ဟာ မွေးရာပါ အနိုင်ရရှိသူဖြစ်တယ်လို့လည်း ဂျာရတ်မော်ရီနိုက ပြောပါတယ်။  “ရာမို့စ်က မွေးရာပါ အောင်နိုင်သူပါ။ ဒီနေ့မှာ သူဟာ ပင်နယ်တီ ၂ လုံးလွဲခဲ့ပေမယ့် သူဟာ အနိုင်၊ အရှုံးများစွာကို ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားလည်း ဖြစ်ပါတယ်။” စနေနေ့ သရေရလာဒ်ကြောင့် စပိန်အသင်းဟာ UEFA Nations League လိဂ် A ရဲ့အုပ်စု ၄ မှ ဂျာမနီ အသင်းရဲ့နောက် ၁ မှတ်အကွာနဲ့ အဆင့် ၂ နေရာကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
6 months Ago

September 24, 2020

မက်ဆီနှင့်ရော်နယ်ဒိုမပါသည့် UEFA၏ ဆန်ကာတင်အကောင်းဆုံးကစားသမား ၃ ဦးစာရင်းထွက်

UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ကာတင် ၃ ဦးကို ထုတ်ပြန်ကြေညာခဲ့ပြီး ဒီစာရင်းမှာ မက်ဆီနဲ့ရော်နယ်ဒိုတို့  မပါဝင်ခဲ့ပါဘူး။  ဒါဟာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်သူတို့ ၂ ဦး  မပါဝင်တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီဆုကို ၃ ကြိမ်ရရှိခဲ့ပြီး ဆန်ကာတင်စာရင်းမှာ  ၉ ကြိမ် တိတိပါဝင်ခဲ့သူဖြစ်ပါတယ်။  ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ ဆု ၂ ကြိမ်ရရှိခဲ့ဖူးသူဖြစ်ကာ  ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဆန်ကာတင်စာရင်းကို ၆ ကြိမ်ဝင်ရောက်နိုင်ခဲ့ပါတယ်။  ဒီကစာသမား ၂ ဦးဟာ သူတို့မျိုးဆက်ရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် ဆယ်စုနှစ် တခုကျော်ကြာ မှတ်ကျောက်တင်ခံနိုင်ခဲ့သူတွေပါ။  ဒါပေမယ့် သူတို့ နှစ်ဦးစလုံးဟာ အသက် ၃၀ ကျော်အရွယ်ကို  ရောက်ရှိလာခဲ့ကြပြီတာကြောင့် တဦးချင်းအောင်မြင်မှုတွေနဲ့ တဖြည်းဖြည်းဝေးကွာလာခဲ့တာပဲ ဖြစ်ပါတယ်။   ရော်နယ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ လှည့်ပြန် ခဲ့ရပြီး မက်ဆီရဲ့  ဘာစီလိုနာအသင်းကလည်း ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်မှုနဲ့အတူ ဆီမီးအဆင့်ကနေ  ထွက်ခွာခဲ့ရပါတယ်။  ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး မက်ဆီဟာလည်း ၃ ဂိုးပဲ ရရှိခဲ့ပါတယ်။  ထွက်ပေါ်လာတဲ့ ဆန်ကာတင်စာရင်းမှာ မန်စီတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်း၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးနဲ့ ဂိုးသမား မန်နျူရယ်နော်ယာတို့ ပါဝင်နေ ပါတယ်။  ဒီဘရိုင်းနဲ့လီဝန်ဒေါစကီးတို့ နှစ်ဦးထဲက တဦးဟာ ဒီဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့လည်း သတင်းကြီးနေပါတယ်။  ဒီဆုကို လီဗာပူးနောက်ခံလူ ဗန်ဒိုက်က  ပြီးခဲ့တဲနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးအသင်းဟာ အက်သလက်တီကို အသင်းကို ရှုံးနိမ့်ပြီး ရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီနှစ်ဆန်ကာတင်  စာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။  UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို အောက်တိုဘာ ၁ ရက် ချန်ပီယံလိဂ် အုပ်စု မဲခွဲမှု မတိုင်ခင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာ တင်စာရင်းမှာ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်၊ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်နဲ့ လိုက်ပစ်ဇ် နည်းပြ နာဂယ်စ်မန်းတို့ ပါဝင်နေပါတယ်။ 
8 months Ago
More News
Up