Twilight

June 18, 2020

ဒိုင်ယာနာအကြောင်းရုပ်ရှင်တွင် Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်သရုပ်ဆောင်မည်

Twilight ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ခရစ္စတင်းစတီးဝပ်ဟာ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာအနေနဲ့ ရုပ်ရှင်ကားသစ်တကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီရုပ်ရှင်ကားရဲ့ နာမည်ကိုတော့ Spencer လို့ အမည်ပေးထားခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ကာလတွေက သတင်းစာမျက်နှာတွေပေါ်မှာ မင်းသမီးအနေနဲ့ ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်နဲ့ လက်ထပ်ထိမ်းမြားခဲ့တာဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ အမှန်တကယ်သိလာခဲ့တဲ့ အချိန်ကာလတွေကို ရိုက်ကူးပုံဖော်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီကားကိုတော့ အော်စကာ ဆန်ကာတင် နာမည်ကြီးရုပ်ရှင်ကားတွေဖြစ်တဲ့ No၊ Jackie စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ ပါ့ဘလိုလာရိန်းက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ နာမည်ကြီး ရုပ်သံစီးရီးစ် Peaky Blinders ရဲ့ ဇာတ်ညွှန်းရေးဆရာ စတီဗင်နိုက်က တာဝန်ယူသွားမှာလို့ ဟောလိဝုဒ်သတင်းတွေက ဆိုပါတယ်။ ပါ့ဘလိုလာရိန်းကတော့ သရုပ်ဆောင်မင်းသမီး စတီးဝပ်ဟာ “ဒီကနေ့ခေတ်ရဲ့ အတော်ဆုံး သရုပ်ဆောင်တွေထဲက တယောက်ဖြစ်တယ်” လို့ ပြောပါတယ်။ ဒိုင်ယာနာစပင်ဆာဟာ မင်းသား ချားလ်စ်နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ ၂ ဦးသား ကင်းရှင်းနေခဲ့ကာ ၁၉၉၆ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြတာပါ။ အဲဒီနောက် ၁၉၉၇ ခုနှစ်မှာတော့ သူဟာ ပဲရစ်စ်မှာ ကားမတော်တဆမှုနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ခုတခါ ရုပ်ရှင်အနေနဲ့ ဖန်တီးမှုမှာတော့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ Twilight ရုပ်ရှင်စီးရီးစ်တွေမှာ ဘယ်လာဆွမ်းဇာတ်ကောင်နဲ့ အောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ပြန်လည်ရိုက်ကူးတဲ့ နာမည်ကြီးရုပ်ရှင် Charlie's Angels မှာ သရုပ်ဆောင်အ ရည်အသွေးပြနိုင်ခဲ့တဲ့ ခရစ္စတင်းစဆတီးဝပ်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ လာမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းလောက်မှာမှ စတင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
1 year Ago

May 16, 2018

ဒေါက်ဖိနပ်ချွတ်၊ ခြေဗလာဖြင့် ပွဲတက်ခဲ့သည့်အတွက် နာမည်ကြီးနေသည့် Twilight မင်းသမီး (ရုပ်သံ)

နာမည်ကျော် Twilight ရုပ်ရှင်ကားတွေရဲ့ ပင်တိုင်သရုပ်ဆောင် မင်းသမီး ခရစ္စတန်စတီးဝပ်တ်ဟာ ရုပ်ရှင်ပွဲတော်တခုကို တက်ရောက်ချိန်မှာ ဒေါက်မြင့်ဖိနပ်ကို ချွတ်ပြီး ခြေဗလာနဲ့ ပွဲတက်ခဲ့လို့ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ သူဟာ နာမည်ကျော် ကန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာခဲ့တာဖြစ်ပြီး အခုနှစ်ရဲ့ ဂျူရီအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သတင်းမီဒီယာတွေရှေ့မှာ ပြုံးပြပြီး ဓာတ်ပုံအရိုက်ခံခဲ့ပြီးနောက်မှာ သူစီးလာတဲ့ အနက်ရောင် Louboutin ဒေါက်မြင့်ဖိနပ်ကို ချွတ်ပြီး ကော်ဇောနီပေါ် လျှောက်လှမ်းသွားခဲ့တာကို တွေ့ရပါတယ်။ မင်းသမီးဟာ ပြီးခဲ့တဲ့နှစ်ကလည်း အပြေးလေ့ကျင့်တဲ့ အားကစားဖိနပ်နဲ့ ပွဲတက်ခဲ့လို့ နာမည်ကြီးခဲ့ပါသေးတယ်။ “အရိုးသားဆုံးပြောရရင် လူတိုင်း ဖိနပ်ပါး စီးသင့်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ဒေါက်ဖိနပ်အမြင့်ကြီးတွေ မစီးသင့်ဘူးလေ။ ဒါ ကျမရဲ့အမြင်ပါ။” စတီးဝပ်တ်က ကော်ဇောနီပေါ်မှာ ခြေဗလာနဲ့ ပွဲတက်ခဲ့တဲ့ ပထမဆုံးတယောက်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ကန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း သရုပ်ဆောင် မင်းသမီးကြီး ဂျူလီယာ ရောဘတ်စ်ဟာ ခြေဗလာနဲ့ ခုလိုပဲ ပွဲတက်ခဲ့ဖူးပါသေးတယ်။
3 years Ago
Up