The Voice Myanmar Season 3

December 21, 2020

The Voice Myanmar တွင် နဂါးနီသီချင်းကို ကိုယ်တိုင်ဆိုင်းတီးသီဆိုပြီး အစွမ်းပြခဲ့သူ ခင်ရတနာစိုး (ရုပ်သံ) 

“ဆင်းရဲခြင်း လွတ်ကင်းအောင်… လမ်းပြဆောင်ပါမည်… ရတနာခုနစ်သွယ် တကယ်ပင်စုံညီ… တို့အမျိုးသားတိုင်းပြည်… ဆင်းရဲခြင်း လွတ်ကင်းအောင်… လမ်းပြ ဆောင်ပါမည်… ရတနာခုနစ်သွယ် တကယ်ပင်စုံညီ… တို့အမျိုးသားတိုင်းပြည်… မွဲတဲ့လူ လှူဒါန်းနိုင်မည်… ကျောင်းဆောက်ကာ ဘုရားတည်… ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏ တို့… မ,တဲ့ကိန်းဆိုက်မယ်” ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တေးရေး ရွှေတိုင်ညွန့် ရေးစပ်ထားခဲ့တဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “နဂါးနီ”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ခုတခါမှာတော့ ဒီသီချင်းကို The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင် ခင်ရတနာစိုးရဲ့ သီဆိုယှဉ်ပြိုင်မှုနဲ့ တကျော့ပြန် ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။ မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ခင်ရတနာစိုးက ဒီသီချင်းကို ဆိုင်းဝိုင်းနဲ့ ကိုယ်တိုင်တီးပြီး အစွမ်းပြယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒိုက်ဦးမြို့က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၀ အရွယ် ခင်ရတနာစိုးဟာ Blind Audition အဆင့်မှာ အားလုံးရင်းနှီးကျွမ်းဝင်ကြပြီးဖြစ်တဲ့ “ငယ်ကျွမ်းဆွေ”သီချင်းနဲ့ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Battle Round အဆင့်ပြိုင်ပွဲမှာတော့ ခိုင်သဒ္ဒါစိမ့်နဲ့အတူ တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းနဲ့ အပြိုင်ကြဲသီဆိုခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ နောက်တဆင့် KnockOut Round အဆင့်မှာတော့ ခင်ရတနာစိုးက “ဘယ်ရည်းစားကိုအချစ်ဆုံးလဲ” သီချင်းနဲ့ ယှဉ်ပြိုင်ကာ Live Show အဆင့်ကို ဆက်လက်တက် ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပရိသတ်တွေက မဲပေးမှုအများဆုံး ပြိုင်ပွဲဝင်တယောက်နဲ့ သက်ဆိုင်ရာ Coach က ထပ်မံရွေးချယ်တဲ့ ပြိုင်ပွဲဝင်တယောက်ကိုသာ ထပ်မံပြီးတော့ ရွေးချယ်တာဖြစ်ကာ ခင်ရတနာစိုးက မီးနိုရဲ့ “အနှောင်အဖွဲ့”သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်အစွမ်းပြသွားခဲ့ပြီး ပရိသတ်မဲ အများဆုံးနဲ့ နောက်တဆင့် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆီမီးဖိုင်နယ်အဆင့်မှာတော့ ခင်ရတနာစိုးက “ဆောင်းကြာခြည်” သီချင်းနဲ့ ထပ်မံအစွမ်းပြပြီး မဲအများဆုံးနဲ့ တဦးတည်းသော အမျိုးသမီးပြိုင်ပွဲဝင်အနေနဲ့ နောက်ဆုံးဖိုင် နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။ ဒီအဆင့်မှာတော့ ခင်ရတနာစိုးက “နဂါးနီ”၊ N Oo L က “ခရီးသွားမီးခိုးတန်းများ”၊ တွမ်ပီးက “အိပ်မက်+ Shadow of the day” ၊ Error အဖွဲ့က “This is the rap” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်မဲအများဆုံးနဲ့ Winner ဆုရရှိသူကို ရွေးချယ်ခဲ့ရာမှာ N Oo L က ရရှိသွားခဲ့တာပါ။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ N Oo L ဟာ တတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
5 months Ago

The Voice Myanmar ပြိုင်ပွဲတွင် N Oo L က Winner ဆုရရှိ (ရုပ်သံ) 

လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar Season 3 သီချင်းဆို ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲကို မနေ့ညကကျင်းပရာမှာ ပြိုင်ပွဲဝင် N Oo L က ပရိသတ်တွေပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုကို ရရှိသွားခဲ့ပါတယ်။ ဒီအဆင့်မှာ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက N Oo L၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက တွမ်ပီး၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ခင်ရတနာစိုး၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက Error အဖွဲ့တို့က အပြိုင်ကြဲသီဆို ယှဉ်ပြိုင်သွားခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round၊ စတုတ္ထအဆင့် Live Show ပြိုင်ပွဲနဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်တွေပြီးသွားခဲ့ပြီး နောက်ဆုံးဖိုင်နယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ N Oo L က “ခရီးသွားမီးခိုးတန်းများ”၊ တွမ်ပီးက “အိပ်မက်+ Shadow of the day” ၊ ခင်ရတနာစိုးက “နဂါးနီ”၊ Error အဖွဲ့က “This is the rap” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်မဲအများဆုံးနဲ့ Winner ဆုရရှိသူကို ရွေးချယ်ခဲ့ရာမှာ N Oo L က ရရှိသွားခဲ့တာပါ။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ N Oo L ဟာ တတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- The Voice Myanmar
5 months Ago

October 5, 2020

Evanescence သီချင်းဖြင့် ယှဉ်ပြိုင်ပြီး Battle Round ကို ဖြတ်ကျော်နိုင်ခဲ့သည့် Janus နှင့် နော်ပြည့်စုံအေးကြူ(ရုပ်သံ)

       မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ ပထမအဆင့် Blind Audition ပြိုင်ပွဲတွေပြီးဆုံးသွားခဲ့ပြီဖြစ်ကာ လတ်တလော မှာတော့ Battle Round အဆင့်ကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲအစမှာတော့ R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် Janus နဲ့ နော်ပြည့် စုံအေးကြူတို့က နာမည်ကြီးအမေရိကန်ရော့ခ်တေးဂီတအဖွဲ့ Evanescence ရဲ့ “Bring Me to Life” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။        Evanescence အဖွဲ့ကို ၁၉၉၅ ခုနှစ်က အဆိုတော် Amy Lee နဲ့ ဂစ်တာသမား Ben Moody တို့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Fallen”တေး အယ်လ်ဘမ်ကတော့ ပွဲဦးထွက်အယ်လ်ဘမ်လည်း ဖြစ်သလို စီးပွားရေးအရ ရောင်းအား အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး အယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ The Open Door ၊ ၂၀၁၁ ခုနှစ်မှာ Evanescence ၊ ၂၀၁၇ ခုနှစ်မှာ Synthesis တေးအယ်လ်ဘမ်တွေကို ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Evanescence အဖွဲ့ဟာ အခုနှစ် ထဲမှာတော့ The Bitter Truth အယ်လ်ဘမ်ကို ထွက်ရှိထားခဲ့ပြီး လက်ရှိအဖွဲ့ဝင်တွေက တော့ စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက တောက်လျှောက်ပါဝင်ခဲ့သူ အဆိုတော် Amy Lee နဲ့ တခြားအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Tim McCord ၊ Will Hunt ၊ Troy McLawhorn ၊ Jen Majura တို့ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ် ၂ ခုကျော်ကာကကို ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ Evanescence တေးဂီတအ ဖွဲ့အနေနဲ့ ဂရမ်မီဆုအပါအဝင် ဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားခဲ့ပြီ ဖြစ်ပါ တယ်။ ခုတခါ The Voice Myanmar Season 3 မှာ ပြိုင်ပွဲဝင် Janus နဲ့ နော်ပြည့်စုံအေးကြူတို့ သီဆိုယှဉ်ပြိုင်တဲ့ “Bring Me to Life” သီချင်းကတော့ Evanescence အဖွဲ့ရဲ့ “Fallen”တေး အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ Janus က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး အမေရိကန် အဆိုတော် Frank Sinatra ရဲ့ "Stranger in the night" သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ နော်ပြည့်စုံအေးကြူကတော့ အမေရိကန်ဟဲဗီးမက်တယ်လ် တေးဂီတအဖွဲ့ Slipknot ရဲ့ “Psychosocial” သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခုတခါ သူတို့ ၂ ယောက်ရဲ့ “Bring Me to Life” သီချင်းနဲ့ Battle Round ယှဉ်ပြိုင်မှု အဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ R. ဇာနည်က Janus ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရပဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။ ခုတခါမှာတော့ နော်ပြည့်စုံအေးကြူကို Coach နီနီခင်ဇော်က ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  
7 months Ago

“စနေမှာရွာတဲ့မိုး”သီချင်းဖြင့် Battle Round ကို ကျော်ဖြတ်နိုင်ခဲ့သူ ပြိုင်ပွဲဝင် Jen Jeng (ရုပ်သံ)

“လားလားလားလားလား လာ… လားလားလားလား လာ လာ လာ… လားလား လားလား လာ လာ လာ… လားလားလားလား လာ လာ လာ… ရွှေအိုရောင်လိုမှုန်းတဲ့ အသား… ဒီကမ္ဘာပေါ်မှာ နှစ်ယောက်မရှိဘူး… ပင်လယ်ပြင်လို စိမ်းတဲ့စကား… ချွဲချွဲ နွဲ့နွဲ့ ပြောမှာလား” ဒါကတော့ အားလုံးသိကြပြီးဖြစ်တဲ့ “စနေမှာရွာတဲ့မိုး”သီချင်းထဲက တေးသွားစာသားတွေဖြစ်ပြီး ခုတခါမှာတော့ The Voice Myanmar Season 3 ရဲ့ ပြိုင်ပွဲစင်မြင့်ထက်မှာ တကျော့ပြန် ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ တချိန်က နာမည်ကြီးသီချင်းတပုဒ်ဖြစ်ပြီး လက်ရှိအချိန်ထိတိုင် ထင်ရှားနေဆဲဖြစ်တဲ့ “စနေမှာရွာတဲ့မိုး”သီချင်းကိုတော့ တေးရေးကိုဆွေနွယ်က ရေးစပ်ပေးထားခဲ့ပြီး စိန်လွင်နဲ့ ပုလဲတို့ခေတ်ကစလို့ ဂျက်မြသောင်းနဲ့ အယ်လ်ခွန်းရီ၊ ဇော်ဝင်းထွဋ်နဲ့ ဟေမာနေဝင်း၊ အောင်ရင်နဲ့ ကော်နီတို့ သီဆိုချိန်အထိ ပရိသတ်တွေ ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 3 ပြိုင်ပွဲရဲ့ ပထမအဆင့် Blind Audition ပြိုင်ပွဲတွေပြီးဆုံးသွားခဲ့ပြီဖြစ်ကာ လတ်တလော မှာတော့ Battle Round အဆင့်ကို စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲအစမှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ဖြုန်းတီးနဲ့ Jen Jeng တို့က “စနေမှာရွာတဲ့မိုး”သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ ဖြုန်းတီးက အဆိုတော် မျိုးကြီးရဲ့ နာမည်ကျော် “လွမ်းတဲ့စိတ်”သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ Jen Jeng ကတော့ ဂျေမောင်မောင်ရဲ့ “စိတ်ကူးတောင်ပံများ”သီချင်းနဲ့ ယှဉ်ပြိုင်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ “ငွေပန်းချီခြယ်ရင် ရှုံးသတဲ့လား… လူရယ်ချင်အောင် မြှောက်ပင့်သူ… ကိန္နရီ မောင်နှံ ထုံးဖွှဲ့စကား… မုန်းမုန်းမေ့မေ့ ဘေးမှာထား… သီတာရေမြေဆုံးစေသား… တ ကယ်ပါ အဟုတ်ပါ… ချစ်လို့ပါ… အချစ်မူးလေးများ ပြောတဲ့စကား… ယုံရင်ရူးမယ် စိတ် ညစ်မယ်” Battle Round မှာတော့ ပြိုင်ပွဲဝင် ဖြုန်းတီးနဲ့ Jen Jeng တို့  ၂ ယောက်ရဲ့ ဒီသီချင်းကို ရက်ဂေးပုံစံ သီဆိုဖျော်ဖြေမှုဟာ ပုံစံတမျိုးနဲ့ ကွဲထွက်နေခဲ့ပြီး သီချင်းဆုံးတဲ့ထိ ဒိုင်တွေကို ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ သီချင်းအဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာ ရန်ရန်ချန်းက Jen Jeng ကို ရွေးချယ်ခဲ့တာမို့ ဖြုန်းတီးက ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
7 months Ago
More News
Up