Test Kits ဖြင့် စစ်ဆေး

October 8, 2020

မကွေးတိုင်းတွင် Test Kits ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းမှာ အောက်တိုဘာ ၇ ရက်နေ့က Test Kits နဲ့ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ တိုင်းအတွင်း မြို့နယ်တွေအလိုက် Test Kits တွေနဲ့ ကိုဗစ်-၁၉ ရေဂါပိုးရှိမရှိ စစ်ဆေးချက်တွေအရ မကွေးမြို့နယ်၊ မကြီးကန် ယာယီယာဉ်ရပ်နားစခန်းက အမျိုးသား ၃ ဦး၊ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်က အမျိုးသား ၁ ဦး၊ ပခုက္ကူမြို့နယ် ပူပေါင်းစစ်ဆေးရေးဂိတ်က အမျိုးသား ၁ ဦး၊ မြို့သစ်မြို့နယ်နဲ့ တောင်းတွင်းကြီးမြို့နယ်က အနံ့မရတဲ့ အမျိုးသမီး ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက DVB ကို ပြောပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ကလည်း Test Kits နဲ့ စစ်ဆေးရာမှာ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အမျိုးသား ၁ ဦးနဲ့ တောင်တွင်းကြီးမြို့နယ်က အနံ့ပျောက်တဲ့ အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အတည်ပြုလူနာတွေဟာ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ် ဘက်တွေက ဝင်ရောက်လာတာဖြစ်ပြီး မြို့သစ်မြို့နယ်က အမျိုးသမီးတစ်ဦးကတော့ ခရီးသွားရာဇဝင်မရှိဘဲ ရောဂါကူးစက်ခံရကာ လူနာနဲ့ဆက်စပ်ခဲ့တဲ့သူတွေကို အသွားအလာကန့်သတ်ပြီး ဓာတ်ခွဲနမူနာပေးပို့သွားမယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ မကွေးတိုင်း မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါရှိမရှိ နာရီပိုင်းအတွင်းစစ်ဆေးနိုင်တဲ့ Test Kits ၄၀၀၀ ဖြန့်ဝေထားပြီး နောက်ထပ် ၅၀၀၀ ထပ်မံဖြန့်ဝေသွားမယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းမှာ အောက်တိုဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၂ ဦး ရှိပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ သတင်း-မင်းထီး
9 months Ago

October 6, 2020

မကွေးတိုင်း၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kits ဖြင့် စစ်ဆေးရာ ၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့ 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ မင်းဘူးကားကြီးကွင်းမှာ အောက်တိုဘာ ၅ ရက်နေ့က Test Kits နဲ့စစ်ဆေးရာ အမျိုးသား ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က "ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာကြတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို  Test Kits နဲ့စစ်ဆေးရာ မင်းဘူးမြို့ကားကြီးကွင်းမှာ အမျိုးသား ၃ ဦးနဲ့ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အမျိုးသား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။ အဲဒီအတည်ပြုလူနာတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးကုသပေးမှာဖြစ်ပြီးတော့ သူတို့နဲ့ထိစပ်တဲ့သူတွေကိုလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးမယ်လို့ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို နာရီပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ Test Kits တွေကို ပထမအသုတ်အနေနဲ့ ၄၀၀၀ ခန့်ဖြန့်ချိထားပြီး နောက်ထပ် ၅၀၀၀ ခန့် ထပ်မံဖြန့်ချိပေးဖို့ရှိပါတယ်။ Test Kits တွေကို အဓိကအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သံသယလူနာတွေ၊ အစာအိမ်ရောဂါသမားတွေနဲ့ ကုန်စည်စီးဆင်းမှုအတွက် နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ ယာဉ်မောင်း ၊ယာဉ်နောက်လိုက်တွေကို  ဦးစားပေးစစ်ဆေးမှာဖြစ်တယ်"လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၂ ဦးထိတွေ့ရှိထားပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
9 months Ago
Up