SME

December 23, 2020

ကရင်ပြည်နယ်က လုပ်ငန်းရှင်တချို့ ချေးငွေမရသဖြင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်နေ

ကရင်ပြည်နယ်က လုပ်ငန်းရှင်တချို့ဟာ နိုင်ငံတော်ရဲ့ ချေးငွေမရရှိတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေရှိနေပြီး စက်ရုံနဲ့ အလုပ်ရုံတချို့ ယာယီရပ်နားရတာတွေရှိတယ်လို့ လုပ်ငန်းရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံတော်က စက်ရုံအလုပ်ရုံတွေ လုပ်ငန်းလည်ပတ်ဖို့ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးပေးတာတွေ  ဆောင်ရွက်ပေးနေပေမယ့် လုပ်ငန်းရှင်တချို့ မရရှိတဲ့အတွက် အလုပ်သမားတွေကို အလုပ်ပေးနိုင်ဖို့ လုပ်ငန်ရှင်တွေအနေနဲ့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ ဘားအံမြို့၊ မဟာဘားအံအထည်ချုပ်စက်ရုံ၊ ဒါရိုက်တာ ဦးစိုးနိုင်က “အလုပ်ရှင်တွေရဲ့ အခက်အခဲကို အဓိကထားပြီး ပံ့ပိုးပေးနိုင်မှ အလုပ်သမားတွေကို အများကြီး အလုပ်ခန့်နိုင်မယ်။ အခက်အခဲအများကြီး ကြုံနေရတဲ့ အလုပ်ရှင်က ဘယ်လိုရပ်တည်နိုင်မလဲ၊ မရပ်တည်နိုင်တော့ အလုပ်သမားတွေ အလုပ်ပေးနိုင်ဖို့နည်းသွားမယ်”လို့ ဆိုပါတယ်။ အစိုးရဘက်က စက်ရုံကို လာရောက်စစ်တာတွေရှိပြီး၊ ပံ့ပိုးမှုကဏ္ဍတွေမှာ လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးတာမရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ အထည်ချုပ်စက်ရုံ ပိတ်သိမ်းလိုက်တဲ့အတွက်  အလုပ်ရှာဖွေရာမှာ အလုပ်အကိုင်အခွင့်အရေးမရရှိလို့ စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ ဘားအံမြို့၊ အမှတ်၉ရပ်ကွက်၊ မသက်သက်ခိုင်က “ကိုဗစ်ကြောင့် စက်ရုံပိတ်တော့ တခြားအလုပ်တွေလည်း ရှာကြည့်တယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ရောဂါကြောင့် စားဝတ်နေရေးလည်း အခက်အခဲဖြစ်တာပေါ့”လို့ ပြောပါတယ်။ နိုင်ငံတော်ချေးငွေ မရရှိတဲ့အတွက် စက်ရုံ၊ အလုပ်ရုံနဲ့ အသေးစားလုပ်ငန်းတချို့ ရပ်နားရတာတွေ၊ အလုပ်သမား လျှော့ချတာတွေ ရှိနေတဲ့အတွက် လုပ်ငန်းလည်ပတ်နိုင်ဖို့ ပြည်နယ်အစိုးရအနေနဲ့  ဖန်တီးပေးသင့်တယ်လို ကုန်သည်ကြီးများအသင်း တာဝန်ရှိသူက ဆိုပါတယ်။ ကရင်ပြည်နယ် ကုန်သည်ကြီးများအသင်း၊ ဒုဥက္ကဋ္ဌ(၁) ဦးဇော်ဌေးက “အခက်အခဲတော့ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ထိပြီဆိုတာနဲ့ အောက်က SME လေးတွေရှိမယ်။ သူတို့အောက်က လေဘာတွေ အများကြီး အခက်အခဲတွေဖြစ်တယ်”လို့ ဆိုပါတယ်။ ကရင်ပြည်နယ် ကုန်သည်ကြီးများအသင်းမှာ အသင်းဝင်ပေါင်း ၂၅၇ ဦးရှိပါတယ်။ ကိုဗစ်ကာလအတွင်း နိုင်ငံတော်က စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ အတိုးနှုန်းသက်သာစွာနဲ့ ပထမအကြိမ် ချေးငွေပေးအပ်ရာမှာ  စီးပွားရေးလုပ်ငန်းရှင် ၃၃ ဦး တင်ပြတောင်းခံရာမှာ ၂၇ ဦးသာ တင်ပြတောင်းခံငွေရဲ့ ၃ ပုံ ၁ ပုံပဲ ရရှိပါတယ်။ ဒုတိယအကြိမ် ချေးငွေပေးအပ်ရာမှာ စီးပွားရေးလုပ်ငန်းရှင် ၁၃၉ ဦးတင်ပြတောင်းခံရာမှာ မွေးမြူးရေး၊ စိုက်ပျိုးရေးနဲ့ ကော်စေ့လုပ်ငန်းရှင် ၇ ဦးသာ ချေးငွေရရှိတယ်လို့  ကရင်ပြည်နယ်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူက ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း နိုင်ငံသားပိုင် စက်ရုံနဲ့အလုပ်ရုံ ၅၀၀ ကျော်၊ နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံရှိရာမှာ အလုပ်သမားပေါင်း ၆၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေရာက  စက်ရုံ ၃ ရုံ ယာယီရပ်နားခဲ့တဲ့အတွက် အလုပ်သမား စုစုပေါင်း ၄၀၀၀ နီးပါး အလုပ်ရပ်နားခဲ့ရပါတယ်။ သတင်း - ရဲမင်းခေါင်
5 months Ago

November 23, 2019

မြန်မာ့ခရီးသွားဘဏ်က SME ခရီးသွားလုပ်ငန်းများအတွက် အပေါင်ပစ္စည်းမဲ့ ချေးငွေ စတင်ထုတ်ပေး

SME ခရီးသွားလုပ်ငန်းတွေအတွက် အပေါင်ပစ္စည်းမလိုဘဲ ချေးငွေထုတ်ပေးတာကို ဒီနေ့ စတင်လုပ်ဆောင်နေတယ်လို့ မြန်မာ့ခရီးသွားဘဏ်က တာဝန်ရှိသူ ပြောပါတယ်။ မြန်မာ့ခရီးသွားဘဏ်က ခရီးသွားလုပ်ငန်းတွေအတွက် အပေါင်ပစ္စည်းမလိုတဲ့ ချေးငွေအာမခံစနစ်  (CGI) နဲ့ ပထမဆုံး စတင်ငွေချေးပေးတာလည်း ဖြစ်ပါတယ်။ လုပ်ငန်းတခုအတွက် ချေးငွေ အနည်းဆုံး သိန်း ၂၀၀ ကနေ စတင်ချေးယူနိုင်ပြီး အများဆုံးပမာဏ သတ်မှတ်ထားတာ မရှိဘူးလို့ မြန်မာ့ခရီးသွားဘဏ်က တာဝန်ရှိသူတဦးဖြစ်တဲ့ အန်ဒရူးခန့်က ပြောပါတယ်။ အခုလောလောဆယ်မှာတော့ ချေးငွေရယူမယ့် ခရီးသွားလုပ်ငန်းတွေက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ရဲ့ အသင်းဝင်တွေကိုသာ ချေးငွေထုတ်ချေးပေးမယ်လို့ ဆိုပါတယ်။  ချေးငွေအတွက် ဘဏ်အတိုးနှုန်းကတော့ ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပြီး CGI စနစ်နဲ့ ချေးမယ်ဆိုရင်တော့ မြန်မာ့အာမခံလုပ်ငန်းအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်းနဲ့ စုစုပေါင်း ၁၆ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။  လုပ်ငန်းရှင်တွေဘက်က ပြောရမယ်ဆိုရင်တော့ အခုသတ်မှတ်ထားတဲ့ ချေးငွေ အတိုးနှုန်းက များနေသေးတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဖြိုးဇော်ဝေက ပြောပါတယ်။ အခုလို ချေးငွေထုတ်ပေးတာကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ မြန်မာ့ခရီးသွားဘဏ်တို့ ပူးပေါင်းဆောင်ရွက်တာပါ။ ချေးငွေရယူဖို့အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ရဲ့ ထောက်ခံချက်၊ စက်မှုဝန်ကြီးဌာနရဲ့ အသေးစား အလတ်စားလုပ်ငန်း ဖြစ်ကြောင်းထောက်ခံချက်၊ မြန်မာ့အာမခံလုပ်ငန်းရဲ့ အာမခံထောက်ခံချက်တွေ ရရှိပြီးမှသာ ငွေထုတ်ချေးပေးမှာဖြစ်ပါတယ်။  နောက်ပိုင်းမှာလည်း ခရီးသွားလုပ်ငန်းမဟုတ်တဲ့ တခြား အသေးစား အလတ်စားလုပ်ငန်းတွေကိုလည်း ငွေထုတ်ချေးပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။   သင်းသင်းဇော်
1 year Ago
More News
Up