RCSS/SSA

April 21, 2021

RCSS/SSA လွိုင်တိုင်းလျန်းဌာနချုပ်အနီးသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ RCSS/SSA ရှမ်းပြည်တပ်မတော် ဒေသ ၁ လွိုင်ကော်ဝမ်းတပ်အနီးကို  ပြီးခဲ့တဲ့ရက်ပိုင်းက  အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အမြာက်တပ်က လက်နက်ကြီးနဲ့ ၂ ရက်ဆက်တိုက်ပစ်ခတ်ခဲ့အပြီး ဒီကနေ့မနက်မှာလည်း မိုင်းပန်မြို့နယ်ဘက်က RCSS/SSA  လွိုင်တိုင်းလျန်းဌာနချုပ်အနီးကို လက်နက်ကြီးတွေ ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။

ဒီမနက် ၈ နာရီကျော်လောက်က ဌာနချုပ်အနောက်မြောက်ဘက်မှာရှိတဲ့ ချိုင့်ဝှမ်းထဲကို ၈၁ မမ အမျိုးအစား မော်တာကျည် ၃ လုံးကျရောက်လာသလို တချိန်တည်းလိုမှာပဲ အဆိုပါနေရာနဲ့ ၁ ကီလိုမီတာကျော်လောက်မှာ  စက်သေနတ်နဲ့ပစ်သံ ကြားရတယ်လို့  RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ဌာနချုပ်ရဲ့ အနောက်အရပ်မှာရှိတဲ့ မြန်မာစစ်စခန်းက ပစ်လိုက်တာပါ။  ၃ ခါပစ်တယ် ၊ တစ်ကြိမ်နဲ့တစ်ကြိမ် မိနစ်ပိုင်းပဲခြားတယ်။ လက်နက်ကျည်က တောထဲက ချိုင့်ဝှမ်းထဲကျတာ ထိခိုက်မှုမရှိပါဘူ။ တချိန်တည်းလိုပဲ အဲဒီနေရာနဲ့ ၁ ကီလိုကျော်  ၂ ကီလိုဝေးတဲ့ ကျနော်တို့ရဲ့ နောင်ကော်စခန်းဘက်ကနေလည်း စက်သေနတ်နဲ့ အကြိမ် ၂၀ လောက် ဆွဲပစ်တာကြားရတယ် ၊ ကျည်ခွံတွေ ဘယ်နေရာကျလည်းဆိုတာ စစ်ဆေးနေတုန်းပါ ၊ အဲဒါလည်း နောက်ထပ်မြန်မာစစ်စခန်းတစ်ခုကနေပစ်တာ ဖြစ်တယ်  ”

အခုလို ဌာနချုပ်နဲ့ ထိန်းချုပ်နယ်မြေတွေထဲ ထိပါးလာတဲ့အပေါ် စစ်ရေးအရ မှတ်ချက်ပေး လို့မရသေးကြောင်း ၊ ကြိုတင်ပြင်ဆင်မှုကတော့ အမြဲရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

RCSS/SSA ဟာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ၊ သီပေါ ၊ နမ့်လန်၊ နမ္မတူ စတဲ့ဒေ သတွေမှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA ပလောင်တပ်ဖွဲ့ SSPP ရှမ်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ 

လတ်တလောရက်ပိုင်းတွေမှာ ကေအိုင်အို ၊ ကေအန်ယူတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်သလို RCSS/SSA ကို ပြည်သူတွေကလည်း ဝင်တိုက်စေလိုပေမယ့် နေရာဒေသအခြေအနေချင်းမ တူညီကြောင်း၊ တိုက်ပွဲဖြစ်ရင် ဒေသခံပြည်သူတွေ များစွာထိခိုက်ရတဲ့အတွက် ခံစားချက်ကိုဦးစားပေးလို့မရဘဲ အစစချင့်ချိန်နေရတယ်လို့ ဗိုလ်မှူး စိုင်းခမ်းစံက ပြောပါတယ်။ 

RCSS/SSA ဟာ ဦးသိန်းစိန်အစိုးရ၊ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အန်စီအေ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး အာဏာသိမ်းစစ်ကောင်စီတက်လာချိန်မှာတော့  ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်အားလုံးကို ရပ်နားထားပါတယ်။ 

ဓာတ်ပုံ-Tai Freedom

3 months Ago

April 3, 2021

အာဏာသိမ်းစစ်ခေါင်းဆောင်များ ပြည်သူပေးသည့်ပြစ်ဒဏ်ခံရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေအနေနဲ့ ပြည်သူကပေးတဲ့ပြစ်ဒဏ်ကို မလွဲမသွေခံယူရမယ်လို့  PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါတယ်။

အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ဧပြီ ၃ ရက်နေ့မှာ ကျင်းပနေရာမှာ  RCSS/SSA ရှမ်းပြည်တပ်မတော် ခေါင်းဆောင်  ဗိုလ်ချုပ်ကြီးယွက်စစ်က  ပြောဆိုခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ အန်စီအေ စာချုပ်ကို ပြန်လည်သုံးသပ်ဖို့၊ ပြည်သူတစ်ရပ်လုံးဆင်နွှဲနေတဲ့ နွေဉီးတော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုကို  ဆက်လက်ပံ့ပိုးကူညီဖို့၊ ပြည်သူလူထုကို စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကို တားဆီးဖို့၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ PPSTရဲ့  ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုတွေအကြားက နည်းလမ်းပေါင်းစုံနဲ့ နွေဉီးတော်လှန်ရေးကို အရှိန်အဟုန်နဲ့ မကြောက်မရွံ့ဆင်နွှဲနေတာကိုလည်း လေးလေးနက်နက် ဂုဏ်ပြုတယ်လို့လည်း  ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

PPSTအနေနဲ့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဖမ်းဆီးခံရသူတွေအားလုံး ချက်ချင်းလွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ အလွှာအသီးသီးက ပြည်သူတွေနဲ့တူ ခိုင်ခိုင်မာမာရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

4 months Ago
More News
Up