Quarantine

September 13, 2020

တိုက်ကြီးတွင် ကိုဗစ်လူနာ ၁ ဦးတွေ့ရှိ၊ ထိတွေ့ခဲ့သည့် မိသားစုဝင်များကို Quarantine ပို့မည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာ ကိုဗစ်-၁၉ လူနာ ၁ ဦးတွေ့ရှိခဲ့ပြီး ထိတွေ့သူ မိသားစုတွေကို Quarantine ပို့ဖို့ စီစဉ်နေတယ်လို့   ဗောဓိကုန်းရပ်ကွက်အုပ်ချူပ်ရေးမှူးက ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက် မနက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ တိုက်ကြီးမြို့နယ်က လူနာ ပါဝင်တယ်လို့ ဆိုပါတယ်။  လူနာအမျိုးသမီးဟာ ခါးနာဝေဒနာကုဖို့  ရန်ကုန်ကို သွားရာကနေ ကိုဗစ်-၁၉ ရောဂါပိုး တွေ့တာလို့  အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။ “သူနဲ့အတူနေ မိသားစု ၃ ဦးကို အိမ်မှာပဲ နေခိုင်းပြီး စောင့်ကြည့်ထားတယ်။ သူ့တူတစ်ယောက်နဲ့ သူ့ကို ရန်ကုန်လိုက်ပို့တဲ့ တက္ကစီသမားကိုတော့ တိုက်ကြီး အ.ထ.က မှာ Quarantine ထားတယ်။ လူနာရဲ့တူတော်စပ်သူက ဒီနေ့ YBS ၃၇ စီးပြီး ရန်ကုန်က ပြန်လာလို့ ယာဉ်ပေါ်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် ၆ ဦးကို နေအိမ်မှာထားပြီး စောင့်ကြည့်မယ်လို့ ကျန်းမာရေးအဖွဲ့က ပြောတယ်။ ခုချိန်ထိတော့ မြို့နယ် ကိုဗစ်-၁၉ ကော်မတီက လမ်းနဲ့အိမ်ကိုတော့ လော့ဒေါင်းချတာတွေ၊ အသွားအလာကန့်သတ်တာတွေ လုပ်ဖို့ မညွှန်ကြားသေးဘူး” လို့ ပြောပါတယ်။ ဒီနေ့မှာတော့ တိုက်ကြီးမြို့နယ် မိုးစေတနာပရဟိတအဖွဲ့က YBS ယာဉ်နဲ့ ရပ်ကွက်တွင်း ဆေးဖျန်းတာတွေကို လုပ်နေတယ်လို့ သိရပါတယ်။ မေသွယ်
8 months Ago

ပခုက္ကူမြို့၌ Quarantine ထားရှိသည့်  ၂၂ ဦး ကိုဗစ်ရောဂါပိုးမတွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့ Quarantine ထားရှိတဲ့ ၂၂ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖက်တွေ စစ်ဆေးရာမှာ အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ဘူးလို့ သိရပါတယ်။ ပခုက္ကူ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ထားသူတွေကတော့ ပြည်ပက ပြန်လာသူတွေဖြစ်ပြီး တရုတ်က ၃ ဦး၊ ထိုင်းက ၃ ဦး၊ ရခိုင်က ၁၁ ဦး (ဒုတိယအကြိမ်စစ်ဆေး)၊ ရခိုင်ကပြန်လာတဲ့ ကမ္မမြို့က ၂ ဦး နဲ့ ရန်ကုန်မှာ သင်တန်းတက် ပြန်လာပြီးနောက် Hospital Quarantine ထားရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂ ဦး နဲ့ စောင့်ကြည့်လူနာ ၁ ဦး၊ စုစုပေါင်း ၂၂ ဦးကို စစ်ဆေးခဲ့တာလို့ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုထွန်းအောင်လင်းက ပြောပါတယ်။  “ခုပိုးမတွေ့တဲ့လူတွေက contact တွေ မဟုတ်ဘူး။ ရောဂါရှိတဲ့သူနဲ့ ပတ်သက်ဆက်နွှယ်ဖူးတဲ့ သူတွေလည်း မဟုတ်ဘူး။ သူတို့က နိုင်ငံခြားကနေ ပြန်လာကြတယ်။ ဒါမှမဟုတ် ရခိုင်က ပြန်လာကြတယ်။ ဒါမှမဟုတ် သက်ဆိုင်ရာနေရာ ရောဂါပိုးတွေ့တဲ့နေရာကနေ ပြန်လာကြတယ်။ သူတို့တွေကို သေချာအောင်လို့ဆိုပြီး Quarantine ထားထားတာပါ။ သတ်မှတ်ရက် ၁၄ ရက်ပြည့်အောင်တော့ သူတို့နေရမယ်၊ ပြီးရင်တော့နေရပ်ပြန်လို့ရပါတယ်။” စက်တင်ဘာ ၈ ရက်နေ့က ဓာတ်ခွဲနမူနာတွေကို ရယူပေးပို့ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အဖြေရရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ပေါ့ဆမှု (လုံးဝ)မရှိဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ပန်ကြားချက်တွေကို တိကျစွာ မပျက်မကွက် လိုက်နာဆောင်ရွက်ကြဖို့ ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ ပခုက္ကူမြို့ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတာများတဲ့ မြင်းခြံမြို့နဲ့ ထိစပ်နေပြီး မြိုင်မြို့နယ်က ကူးစက်ခံ လူနာ ၁ ဦးလည်း မခုက္ကူပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ရန်ကုန်နဲ့ မြင်းခြံမြို့တွေက ပြန်လာသူတွေကို ပခုက္ကူမြို့က ဆရာအတတ်သင် TTC ကျောင်းဝင်းအတွင်း Quarantine စင်တာနဲ့ ရခိုင်နဲ့ နိုင်ငံခြားက ပြန်လာသူတွေကိုတော့ လေယာဉ်ကွင်းဟောင်း နေရာမှာ ထားရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မကွေးတိုင်းအတွင်းမှာ စက်တင်ဘာ ၁၂ ရက်နေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၁၀ ဦးရှိပြီ ဖြစ်ပြီး  ၃ ဦးကတော့ ရောဂါပျောက်ကင်းပြီးဆေးရုံက ဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။  မကွေးတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ ၁၂ ရက်နေ့က အတည်ပြုလူနာ ၂ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  ခင်ပြည့်စုံဝင်း
8 months Ago

September 12, 2020

တာမွေကျန်းမာရေးဝန်ထမ်း ၁ ဦးပိုးတွေ့၊ ကျန်းမာရေးမှူးအပါအဝင် ၉ ဦး Quarantine ဝင်

တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်း ၁ ယောက်မှာ ပိုးတွေ့ခဲ့ပြီးနောက် မြို့နယ်ကျန်းမာရေးမှူးအပါအဝင် ၉ ယောက် Quarantine ဝင်နေတယ်လို့ ကာယကံရှင်ကျန်းမာရေးမှူး ဒေါက်တာနှင်းလဲ့ရည်က ဒီဗွီဘီကို ပြောပါတယ်။ “ကျမတို့ရုံးမှာလည်း ကျန်ခဲ့တယ်ပေါ့နော်။ အိမ်ပြန်လို့ Home Quarantine နေဖို့ အဆင်မပြေတဲ့သူတွေ ကျန်ခဲ့တာ ဆရာမလေး ၂ ယောက်တော့ ရှိတယ်လေ။ အရမ်းအရေးကြီးတဲ့ဟာတွေတော့ လုပ်ပေးနေပါတယ်။ ဒါပေမဲ့ လူနာတွေ ဘာတွေတော့ မကြည့်ဘူးပေါ့နော်။ ရုံးမှာ ရုံးစောင့်ရော အပါအဝင်ဆိုရင် ၃ ယောက်ကျန်ခဲ့ပါတယ်။ အစားအသောက်တွေ စီစဉ်ပေးရင်တော့ ကောင်းတာပေါ့နော်။ သူတို့အထဲကနေ အပြင်ထွက်လို့မရဘူး။” Quarantine ဝင်ရတဲ့ တာမွေမြို့နယ်ကျန်းမာရေးမှူးအပါအဝင် ၉ ယောက်ကို လှိုင် Quarantine စင်တာကို မနေ့က ပို့ဆောင်ထားတယ်လို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောပါတယ်။ တကယ်လို့ သူတို့အကုန်လုံးပါသွားရင် ခရိုင်ကျန်းမာရေးကလာပြီး ဒေသန္တရကျန်းမာရေးလုပ်ငန်းမှာ အရေးကြီးတဲ့ သင်္ချိုင်းလက်မှတ်ကိစ္စကို ဆောင်ရွက်ပေးမယ်လို့ တာမွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ဒီဗွီဘီကိုပြောပါတယ်။ “ဒါကြီးက ရပ်ထားလို့မရဘူး။ သင်္ချိုင်းလက်မှတ်မပါရင် သင်္ဂြိုဟ်လို့မှမရတာ” လို့ သူက ပြောပါတယ်။
8 months Ago

ပဲခူး ပိုးတွေ့လူနာ ဖုန်းအော်ပရေတာ အမျိုးသမီးနှင့်ထိတွေ့ခဲ့သူများကို Quarantine ထားရှိ

ပဲခူးမြို့ ICON မှာ အလုပ်လုပ်တဲ့ တယ်လီဖုန်းအော်ပရေတာ ၀န်ထမ်းအမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် ကလိဆေးရုံကို ပို့ဆောင်ကုသထားပြီး ထိတွေ့ခဲ့သူတွေကို ပဲခူးတက္ကသိုလ်မှာ Quarantine ၀င်ခိုင်းထားပါတယ်။ ကျန်းမာရေး၀န်ကြီးဌာနကနေ စက်တင်ဘာလ ၁၁ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁၅၇ ထပ်မံတွေ့ရှိတဲ့ထဲမှာ ပဲခူးမြို့က အတည်ပြုလူနာ ၁ ဦး ပါ၀င်ခဲ့တာပါ။ အခုတွေ့ရှိတဲ့ ပဲခူးမြို့က အတည်ပြုလူနာက ပဲခူးမြို့ နာရီစင်အနီး ICON အပေါ်ဆုံးထပ်မှာ အလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် တယ်လီဖုန်းအော်ပရောတာ အမျိုးသမီး၀န်ထမ်း ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။  သူက စက်တင်ဘာ ၉  ရက်နေ့ကတည်းက အနံ့မရလို့ဆိုပြီး ကျန်းမာရေးဌာနကို အကြောင်းကြားတဲ့အတွက် ပဲခူးပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ်ထားရှိကာ ဆေးကုသခံယူနေသူဖြစ် တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။ သူ အလုပ်လုပ်ခဲ့တဲ့ ICON ကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက ပိတ်ခိုင်းထားပြီး ပိုးသက်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။  အဲဒီအမျိုးသမီး အလုပ်လုပ်တဲ့ ICON က တယ်လီဖုန်းအော်ပရေတာ ရုံးခန်းအတွင်းမှာ သူနဲ့အတူတူ လုပ်ဖော်ကိုင်ဖက် ၂ ဦးရှိတယ်လို့ ဆိုပါတယ်။ ပိုးတွေ့လူနာအဖြစ် အတည်ပြုလိုက်ပြီးနောက် မိဘတွေနဲ့ အတူအလုပ်လုပ်တဲ့ ၀န်ထမ်း ၂ ဦး၊ အလုပ်သွားအပြန် ကြိုပို့လုပ်ပေးတဲ့ ဆိုင်ကယ်သမားမိသားစု အပါအဝင် ၁၁ ဦးကို Home Quarantine ထားရာကနေ ပဲခူးတက္ကသိုလ်မှာ Facility Quarantine ဝင်ခိုင်းထားတယ်လို့  ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။ အခု ပဲခူးမြို့က အတည်ပြုလူနာ အမျိုးသမီးနဲ့ပါဆို ပဲခူးတိုင်းအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ၅၁ ဦးထိရှိပြီး လက်ရှိအခြေအနေမှာ အားလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။ သတင်း - အောင်စိုးမိုး
8 months Ago
More News
Up