PPE

May 13, 2020

PPE ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်နေမှုအပေါ် မီးမောင်းထိုးပြသည့် လက်ဘနွန် ဓာတ်ပုံဆရာ

စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ PPE ပစ္စည်းတွေကို အဓိကထား ရိုက်ကူးပုံဖော်တဲ့ ပရောဂျက်တခုကို လက်ဘနွန် ဓာတ်ပုံဆရာတဦးက ဖန်တီးလိုက်ပါတယ်။ မြို့တော်ဘေရွတ်ရဲ့လမ်းတွေပေါ်ကို ရောက်ရှိလာတဲ့ PPE ပစ္စည်းတွေကို အဓိကထား ရိုက်ကူးထားတဲ့ဓာတ်ပုံဆရာ အိုမာဖရန်ဂီရဲ့ ပရောဂျက်ဟာ သူ့အတွက် ဘေးကင်းလုံခြုံရေးနဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကမ်ပိန်းတခု ဖြစ်လာခဲ့ပါတယ်။  လမ်းတွေပေါ်မှာ  စုပုံထားတဲ့ PPE ပစ္စည်းတွေကို ပုံမှန်လမ်းလျှောက်ထွက်စဉ် မြင်တွေ့ခဲ့ရပြီး ဒီအရာတွေကို မိုဘိုင်းဖုန်းနဲ့ စတင်ရိုက်ကူးမှတ်တမ်းတင်မိခဲ့တယ်လို့ ဖရန်ဂီက ပြောပါတယ်။ လက်အိတ်တွေ၊ နှာခေါင်းစည်းတွေဟာ လူသားတွေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပေမယ့် ဒီပစ္စည်းတွေကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ဖြစ်လာမယ့် ညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာ အဆိပ်အတောက်ဟာ COVID–19 ရောဂါရဲ့ ခြိမ်းခြောက်မှုထက် ပိုလို့ဆိုးရွားနိုင်တယ်လို့ ဖရန်ဂီက Reuters သတင်းကို ပြောပါတယ်။  ဒီပရောဂျက်ကို ဖရန်ဂီက “ဘေရွတ်မြို့ကို ကျူးကျော်သူများ” လို့ နာမည်ပေးထားပြီး PPE ပစ္စည်းတွေကို စည်းမဲ့ကမ်းမဲ့စွန့်ပစ်နေခြင်းနဲ့ ပြည်သူတွေရဲ့ သတိပြုမိနိုင်မှုကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
1 year Ago

April 23, 2020

ဒါကာရှိအထည်ချုပ်စက်ရုံများတွင်  PPE ကာကွယ်ရေးဝတ်စုံများချုပ်နေ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ  အထည်ချုပ် စက်ရုံတွေမှာ  ဧပြီ ၂၁ ရက်က  ပြည်ပပို့ကုန် အထည်တွေအစား ပြည်တွင်းက ဆရာဝန်၊ သူနာပြုတွေအတွက်   ကာကွယ်ရေးဝတ်စုံ (PPE) တွေ ချုပ်လုပ်နေပါတယ်။  နိုင်ငံအတွင်း PPE ဝတ်စုံတွေ  ပြတ်လပ်နေချိန်မှာ Celebrity Garment Exports  စက်ရုံဟာလည်း   PPEတွေ ချုပ်တဲ့ စက်ရုံတွေထဲက တခု ဖြစ်ပါတယ်။   အရင်က အထည်ချုပ်စက်ရုံကို ပိတ်ထားပေမယ့်  အခုအခါမှာတော့ စက်ချုပ်သမတွေဟာ အစိုးရအမှာစာ   (PPE) ဝတ်စုံတွေ ချုပ်နေတယ်လို့ စက်ရုံ MD က ရှင်းပြခဲ့ပါတယ်။  စက်ရုံ   MD မိုဟာမက်-ရှော်လစ်အာမက်က  တကယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ လော့ဒေါင်း ပြီးသွားတဲ့အခါ   တခြားနိုင်ငံ  ဝယ်လိုအားရှိရင်  တင်ပို့ဖို့ စဉ်းစားနေတယ်ဆိုပြီး ပြောပါတယ်။   ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးရဲ့ လော့ဒေါင်းဟာ   ဧပြီ ၂၅ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။   အခုဆိုရင်  PPE ဝတ်စုံတွေကို ဒါကာမြို့ နေရာ အတော်များများမှာမြင်တွေ့နေရပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးဖို့ စောင့်ဆိုင်းနေသူတွေဟာလည်း  PPE ဝတ်စုံတွေ ဝတ်ထားကြပါတယ်။  ဧပြီ ၂၁ ရက်အထိ ဘင်္ဂလားဒေ့်ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၃၈၂ ယောက်၊ သေဆုံးသူ ၁၁၀အထိ ရှိလာတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
1 year Ago
Up