PKPF

November 22, 2021

လွိုင်ကော်ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ် ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရဲစခန်းမှာ  ထိန်းသိမ်းခံထားရတဲ့  အသက် ၁၇ နှစ်အရွယ် လူငယ်တယောက် သေနတ်နဲ့ပစ်ခံရပြီး  သေဆုံးသွားတယ်လို့  ကရင်နီပြည်သူ့အင်အားစု PKPFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဧပြီလ ၃၀ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းကနေ ပြန်လာတဲ့ လူငယ် ၇၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

သူတို့တွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး လွိုင်ကော်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ အဲဒီထဲက အဂျော့ လို့ခေါ်တဲ့ လူငယ်ဟာ အသက် ၁၇ နှစ်သာ ရှိသေးတဲ့အတွက် သူ့ကို ရဲစခန်းအချုပ်မှာပဲ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ထိန်းသိမ်းခံနေရစဉ် ရဲစခန်းမှာ သူ့ကို စာရင်းဇယားတွေ လုပ်ခိုင်းတာတွေရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရဲနဲ့ စစ်တပ် အချင်းများပြီး ပစ်ခတ်မှုဖြစ်ရာကနေ သူ့ကို သေနတ်ထိမှန်သေဆုံးတာလို့ ကြားသိရကြောင်း PKPF ပြောခွင့်ရသူက ပြောပါတယ်။

“သူက အရမ်းလိမ္မာတယ်ပြောတယ်။ နောက်ပြီး စာရင်းဇယားလည်း နည်းနည်းလုပ်တတ်တော့ ရဲစခန်းမှာ သူ့ကို အချုပ်ထဲမှာ မထားဘဲ သူ့ကို အပြင်မှာ ထားပေးတယ်ပြောတယ်။ ရဲဝန်ထမ်းတွေ အိပ်တဲ့ တန်းလျားမှာ ထားပေးတယ်ပြောတယ်။ ရဲစခန်းရဲ့ ရုံးစာရင်းဇယားတွေကို လုပ်ကူခိုင်းတယ်လို့ပြောတယ်။ တရက်တော့ ရဲနဲ့ စစ်သားနဲ့ အချင်းချင်းရန်ဖြစ်ကြရင်းနဲ့ စစ်တပ်တွေက ရမ်းသန်း ပစ်ခတ်ရင်း သူ့ကို ထိမှန်ပြီးသေတယ်လို့လည်း ပြောတယ်။ နောက်တခုက သူက ထမင်းစားဇွန်း ခက်ရင်းနဲ့  စစ်တပ်အရာရှိရဲ့နောက်ကျောကို ထိုးလိုက်လို့ စစ်တပ်က ပစ်သတ်လိုက်တယ် အဲလိုတော့ ပြောတယ်။ ဒါပေမဲ့ နှစ်ခုစလုံးက မသေချာသေးဘူး။ မနက်ဖြန်ရုံးချိန်းရှိတယ်။ သူ့ရုံးချိန်းမှာ အတိအကျ သိရမယ်လို့ ကျနော်ထင်တယ်။”

သေဆုံးသွားတဲ့ အဂျော့ဟာ လွိုင်ကော်မြို့ နာနာတ်တောရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ 

လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်း တက်ရောက်ခဲ့ကြတဲ့ လူငယ် အယောက် ၇၀ ဟာ  ဖမ်းဆီးခံနေရတာ အချိန် ၇ လလောက်ရှိနေပြီဖြစ်ပေမဲ့ အခုအချိန်အထိ အမှုအမိန့်မချသေးသလို ပြန်လည်းမလွှတ်ပေးသေးပါဘူး။

4 days Ago

September 18, 2021

ကယားပြည်နယ် ၈ မြို့နယ်တွင် တိုက်ပွဲအကြိမ် ၇၀ ကျော်ဖြစ်ပွား၊ သေဆုံးသူ ၉၀ ကျော်ရှိ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်(ကရင်နီပြည်)မှာ စစ်ကောင်စီတပ်နဲ့  တိုက်ပွဲပေါင်း  ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၀ ကျော်ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၁၈ ရက်  PKPF ရဲ့ထုတ်ပြန်ချက်မှာတော့ ကရင်နီပြည်က မြို့နယ် ၈ ခုမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပြီး  ဒီးမောဆိုမှာ ၂၃ ကြိမ်၊ လွိုင်ကော်မှာ ၁၃ ကြိမ်၊ ဖယ်ခုံမှာ ၉ ကြိမ်၊ လွိုင်လင်လေးမှာ ၈ ကြိမ်၊ မိုးဗြဲမှာ ၅ ကြိမ်၊ ဘော်လခဲမှာ ၅ ကြိမ်၊ ဖရူဆိုမှာ ၉ ကြိမ်နဲ့ ဖားဆောင်းမှာ ၁ ကြိမ် ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။

ကရင်နီပြည်မှာ  သေဆုံးသူ ၉၃ ရှိခဲ့ရာမှာ နှစ်ဘက်တိုက်ပွဲကြောင့် PDFနဲ့ လက်နက်ကိုင်အဖွဲ့က ၁၆ ဦး သေဆုံးခဲ့ပြီး ကျန်သေဆုံးသူတွေကတော့ သပိတ်ကာလ သေဆုံးသူ ၂ ဦး၊စစ်တပ်ရဲ့အကြောင်းမဲ့ သတ်ခံရသူ ၇၁ ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၅ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

လတ်တလောအချိန်ထိ ကရင်နီပြည်မှာ  စစ်ကောက်စီက ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးခဲ့သူ ၁၀၇ ဦး ၊ပုဒ်မ ၃၀၂ နဲ့ဖမ်းခဲ့သူ ၇ ဦး၊ပုဒ်မ ၁၉(စ)နဲ့ဖမ်းခဲ့သူ ၆ ဦး၊ပုဒ်မ ၁၇(၁)နဲ့ဖမ်းခဲ့သူ ၄ ဦးရှိနေတာကြောင့် ဖမ်းဆီးခံရသူပေါင်းဟာ စုစုပေါင်း ၁၂၄ ဦး ရှိနေတာဖြစ်ပြီး မနေ့ကထိနောက်ထပ်ဖမ်းဆီးခံရသူ ၁၅ ဦးလောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

2 months Ago
Up