NUG

October 26, 2021

NUG အစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့်ကို ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြည်ပအခြေစိုက် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့  အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့်ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက်  ဦးဘိုလှတင့်ကို  သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်တာလို့ NUG နိုင်ငံခြားရေးဌာနက  အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီလွှတ်တော်အမတ်ဟောင်း ဦးဘိုလှတင့်ဟာ  ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အစိုးရအဖွဲ့မှာ ဆောက်လုပ်ရေးဝန်ကြီးနဲ့ သတ္တုတွင်းဝန်ကြီးတာဝန်  ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့မှာလည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို NCGUB ဖျက်သိမ်းခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

21 hours Ago

နိုင်ငံကို ဘယ်လိုတည်မလဲ၊ NUCC ၊ NUG၊ CRPH ဆိုင်ရာ စဉ်းစားချက်များ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ဦးဆောင်ဦးရွက်နဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖွဲ့စည်းပုံ ၃ ခုဖြစ်တဲ့  NUG, CRPH နဲ့ NUCC တို့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ရှိပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အစိုးရတရပ်ရဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အကန့်အသတ် အကျပ်အတည်းကြားထဲကပဲ သူ လုပ်နိုင်သမျှသော တာဝန်ကို ဆောင်ရွက်ရပါမယ်။ 

NUG ရဲ့အလုပ်က အစိုးရတရပ်ရဲ့ တာဝန်ကို ထမ်းဆောင်ရတာပါ။ သို့သော်လည်း ကျနော်တို့ အားလုံးသတိပြုရမှာက ပုံမှန်လည်ပတ်နေတဲ့ ရွေးကောက်ခံ အစိုးရတရပ်ဆီက မျှော်လင့်ကြမယ့် လုပ်ဆောင်မှုမျိုးတွေ NUG ဆီမှာ အလုံးစုံတောင်းဆိုမျှော်လင့်လို့ မရတာနိုင်တာပါ။ NUG ဟာ နိုင်ငံနဲ့ ပြည်သူ အဆုံးစွန် ဘေးအန္တရာယ်နဲ့ အကျပ်အတည်းကြုံနေရတဲ့ အခြေအနေအတွက် ယာယီအစိုးရပါ။ ဒါ့ကြောင့်ရှိသမျှ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည်အားလုံးက ရိုးရှင်းတဲ့ ရည်မှန်းချက်တွေဆီကိုပဲ ဦးတည်ရမှာပါ။

အဲဒီရည်မှန်းချက်တွေကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အနိုင်ရရေးနဲ့ အနာဂတ်မှာ အသက်ဝင်ရမယ့် ဖွဲ့စည်းပုံယန္တရားတွေအတွက် အခြေခံအုတ်မြစ်ချရေးပဲ ဖြစ်ပါတယ်။ တခြားရှုပ်ထွေးတဲ့ အကြောင်းကိစ္စတွေကိုတော့ လူသတ်စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှုကို မြန်မာပြည် မခံရတော့တဲ့ အချိန်ထိ ရွှေ့ဆိုင်းထားရပါဦးမယ်။ 

NUG ရဲ့ နောက်ထပ်အရေးကြီးတဲ့ အလုပ်တခုက နိုင်ငံတကာ အသိုင်းအဝန်းကို တခြားသော အစိုးရဖွဲ့စည်းပုံတရပ်ရှိနေကြောင်း သိစေဖို့ပါ။ NUG သာ ပေါ်ထွက်မလာခဲ့ဘူးဆိုရင် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအတော်များများက ယာယီအစိုးရအဖြစ် အသိအမှတ်ပြုပြီး ဖြစ်နေပါလိမ့်မယ်။

NUG ပေါ်ထွက်လာတာကြောင့်သာ နိုင်ငံတကာအသိုင်းအဝန်းအတွက် မတူတဲ့ စင်ပြိုင်တောင်းဆိုမှု ပေါ်လာပြီး စစ်အာဏာရှင်နဲ့  အကန့်အသတ်မရှိ ဆက်ဆံလို့ မရစေတာပါ။ NUG သာမရှိဘူးဆိုရင် အဟန့်အတားမရှိတဲ့ ဆက်ဆံရေးတွေ လုပ်ကြပါလိမ့်မယ်။ 

အခုအထိတော့ NUG ဟာ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ အနေအထားကို မရောက်သေးပါဘူး။ ဒါပေမဲ့ NUG ရဲ့ အရေးကြီးတဲ့ အောင်မြင်မှုက စစ်ကောင်စီကို ယာယီအစိုးရအဖြစ် လက်ခံမလာအောင် ပိတ်ဆို့ထားနိုင်တာပဲ ဖြစ်ပါတယ်။ 

CRPH ကတော့ ရွေးကောက်ပွဲ ပြတ်ပြတ်သားသား နိုင်ခဲ့တာကနေ ရလာတဲ့ တရားဝင်မှုကို ထိန်းပေးထားတဲ့ဖွဲ့စည်းပုံ ဖြစ်ပါတယ်။ ဒီရွေးကောက်ခံ အမတ်အုပ်စုကနေသာ ပုန်းကွယ် တိမ်းရှောင်ရင်း သတ္တိရှိရှိနဲ့ CRPH ဆိုပြီး မလုပ်ခဲ့ရင် NUG ရော NUCC ရော ပေါ်လာစရာ အကြောင်းမရှိပါဘူး။

ဂျန်ဇီတွေ၊ သပိတ်ကော်မတီတွေ၊ CDM တွေ၊ အရပ်ဘက်လှုပ်ရှားသူတွေ၊ NLD ပါတီဝင်တွေရဲ့ သတ္တိနဲ့ စွမ်းအားလိုပဲ အရေးကြီးတဲ့ ဖြည့်ဆည်းရပ်တည်မှုအပိုင်းက CRPH ဖွဲ့စည်းတာကနေ လာပါတယ်။ ဂျန်ဇီတွေ၊ သပိတ်ကော်မတီတွေ၊ CDM တွေ၊ NLD ပါတီဝင်တွေဟာ ခုခံရေး မြစ်မကြီးထဲမှာ များပြားလှတဲ့ ဒီလှိုင်းအရှိန်အဟုန်တွေကို ဖန်တီးခဲ့ပါတယ်။ ထုထည်ကြီးလှတဲ့ ပြည်သူ့အာဏာလှုပ်ရှားမှုကို သူတို့ တည်ဆောက်ခဲ့ပါတယ်။ CRPH ၊ NUG နဲ့ NUCC တို့ကတော့ ဒီရေစီးမှာ အရေးကြီးတဲ့ ဦးတည်လမ်းကြောင်းတွေ ပေးပါတယ်။ 

အရင်ရေးခဲ့တဲ့ မှတ်ချက်မှာ NUCC ကို အလေးပေးပြောပါတယ်။ အကြောင်းကတော့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပျိုးထောင်တဲ့ အလုပ်၊ တွဲစပ်တဲ့အလုပ်၊ ကျယ်ပြန့်နက်ရှိုင်းစေတဲ့ အလုပ်၊ အတူတကွ ဖြစ်ရေး အလုပ်တွေဟာ အလွန်အရေးကြီးလို့ပါ။ အဲဒါတွေပါမှ အာဏာရှင်အပေါ် အောင်ပွဲခံနိုင်မှာပါ။ မနေ့ကရော၊ ဒီနေ့ရော၊ မနက်ဖြန်အတွက်ရော အလွန့်အလွန် အရေးကြီးတဲ့ အလုပ်ပါ။ 

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အကြီးဆုံးအမှားက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရင် ရွေးကောက်ခံအစိုးရအနေနဲ့ လုံလောက်တဲ့ ပါဝါရှိပြီ၊ ဒါဆိုရင် ရှုပ်ထွေးတဲ့ ပြဿနာတွေ စဖြေရှင်းလို့ ရပြီလို့ တွေးခဲ့တဲ့ ကိစ္စပါ။ များပြားတဲ့ လူမျိုးစုတွေ ရှိနေတဲ့ဒီနိုင်ငံမှာ နိုင်ငံတည် သဘောသဘာဝဘယ်လို ဖြစ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေခံကျတဲ့ သဘောတူညီမှု ရှိမနေသေးတာဟာ မြန်မာပြည်ရဲ့ ကြီးမားလှတဲ့ ပြဿနာပါ။ ရှုပ်ထွေးတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က အလွန်အားကြီးတဲ့ ဒီမိုကရက်တစ် မန်းဒိတ် ( ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နိုင်တာ) ဖြစ်စေဦးတော့ အဲဒီတခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။ 

ရွေးကောက်ပွဲတွေ ဆိုတာကတော့ တယောက်ယောက်နိုင်တဲ့ကိစ္စပါ။ လူအများစုက ဘယ်သူနိုင်လဲ ဆုံးဖြတ်တာပါပဲ။ လူမျိုးစုတွေ စုံလင်ကွဲပြားတဲ့ နိုင်ငံမှာတော့ နိုင်ငံတည်တယ်ဆိုတာ ဘုံတူညီချက်နဲ့ အပေးအယူပြုရတဲ့ကိစ္စ ဖြစ်ပါတယ်။ တခြားသူတွေ ရှုံးနေတဲ့ အခြေအနေမှာ ဘယ်သူမှ နိုင်ငံရေးအရ အကြွင်းမဲ့ အောင်နိုင်သူဖြစ်လို့ မရပါဘူး။ လူအများစုက အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ ပုံစံနဲ့ သွားလို့လည်း မရပါဘူး။ လူများစုရော လူနည်းစုရောက အလယ်လမ်းရှာပြီး ကြီးငယ် နည်းများမဟူ အားလုံးရဲ့ လိုလားချက် ဆန္ဒတွေပြည့်အောင် လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လူတိုင်းက တစုံတရာသော အပေးအယူကို (အတင်းအကျပ် လက်ခံခိုင်းလို့ မဟုတ်ဘဲ) ကိုယ့်သဘောဆန္ဒအရကို လက်ခံလာကြအောင် လုပ်ရမယ့်ကိစ္စပါ။ အများဆုံးရဖို့နဲ့သာ သွားကြမယ်ဆိုရင် အခြေခံသဘောတူညီချက် မရနိုင်ပါဘူး။ ဒါဆိုရင် မယုံကြည်တာ၊ သဘောထားကွဲတာ၊ ရန်ဖြစ်နေတာနဲ့ စစ်တပ်စိုးမိုးမှုက နောက်ဆယ်စုနှစ် များစွာတိုင် မပြီးမစီးနိုင် ဖြစ်နေပါလိမ့်မယ်။

NUCC အရေးကြီးရတာက ဘုံသဘောတူညီချက်၊ နားလည်မှုနဲ့ စုပေါင်းအမြင်ကို တည်ဆောက်ပေးနိုင်တဲ့ ယန္တရား ဖြစ်လို့ပါ။ 

CRPH ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်နိုင်ထားတာကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်သူအားလုံးအနေနဲ့ မဲနိုင်မှုအားဖြင့် ရှိနေတဲ့ စီမံပိုင်ခွင့် (မန်းဒိတ်) ရဲ့ အင်အားနဲ့ တရားဝင်မှုကို အသိအမှတ်ပြုရပါမယ်။ CRPH ရဲ့ တရားဝင်မှုနဲ့ အရေးကြီးမှုကို ဘေးထုတ်ဖို့ ကြိုးစားမယ်ဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဖွဲ့စည်းမှုယန္တရားဆိုင်ရာ ခေါင်းဆောင်မှုပေးနေတဲ့ တရားဝင် ထင်ရှားတဲ့အင်အားစုတစ်ခုကို နိမ့်ကျအောင် လုပ်သလိုဖြစ်မယ့် အန္တရာယ်ရှိပါတယ်။ NLD ကို လူတွေအများကြီး မဲပေးခဲ့ပါတယ်။ အဲဒီမဲဆန္ဒရှင်အတော်များများဟာ အခုအခါမှာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကို ခုခံကာကွယ်နေကြပါတယ်။ ဒါဟာ လှုပ်ရှားမှုရဲ့ အရေးကြီးတဲ့ အင်အားရင်းမြစ်တခု ဖြစ်ပါတယ်။ 

တချိန်တည်းမှာ မဲအများဆုံးရထားလို့ နိုင်ငံရေးအင်အားစုအားလုံးကို ကိုယ်စားပြုတယ်၊ CRPH သာလျှင် အမှန်တကယ် ကိုယ်စားပြုတယ်လို့ ယူဆရင်လည်း အမှားပါပဲ။ အခြေခံဥပဒေ ပြောင်းလဲရေး မအောင်မြင်ခဲ့တာ၊ ငြိမ်းချမ်းရေးနဲ့  ညီညွတ်ရေး အလုပ်မဖြစ်ခဲ့တာ၊ ပင်လုံသဘောတူညီချက် အသစ်မရခဲ့တာ၊ ရွေးကောက်ပွဲနိုင်ငံရေးကို အာဏာသိမ်း ဖျက်ဆီးတာမျိုး မဖြစ်အောင် မကာကွယ်နိုင်ခဲ့တာ စတဲ့ ကျရှုံးမှုတွေထဲက အကြီးဆုံးသင်ခန်းစာကတော့ ရွေးကောက်ပွဲနိုင်ငံရေး တခုတည်းနဲ့တော့ စစ်ယန္တရားရဲ့ ဖိနှိပ်စိုးမိုးထားမှုကို ဖယ်ရှားဖို့ မလုံလောက်နိုင်ဘူး ဆိုတာပါ။ 

ထပ်တိုးလိုအပ်နေတာက အတူတကွဖြစ်ဖို့၊ နားထောင်ကြ စကားပြောကြဖို့၊ သဘောတူညီမှု ရှာကြဖို့၊ စုံလင်ကွဲပြားလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လှုပ်ရှားပါဝင်သူအားလုံး ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပါ။ မြန်မာပြည်ရဲ့ အကွဲအပြဲဇာတ်လမ်းကို ရွေးကောက်ပွဲနိုင်တာ တခုတည်းနဲ့ မဖြေရှင်းနိုင်ပါဘူး။ ပေါင်းကူးတံတားထိုးတာ၊ ဘုံတူညီမှုရှာတာ၊ ယုံကြည်မှုတည်ဆောက်တာတွေနဲ့ ဖြေရှင်းရမှာပါ။ 

အဲဒါတွေလုပ်ဖို့ အလွန်အရေးကြီးတဲ့ နေရာမှာရှိတာက NUCC ပါ။ ။

အီဂေါဗလာဇီဗစ်

1 day Ago

စီးပွားကူးသန်း ဒုညွှန်ချုပ်၊ ညွှန်မှူးအယောက် ၃၀ ကို NUG အမည်ပျက်စာရင်းသွင်း ထုတ်ပယ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာ နမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးတွေအပါအဝင် ဝန်ထမ်းအကြီးအကဲ အယောက် ၃၀ ယောက်ကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက် ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်ကိုတော့ စီးပွား‌ရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ မတရားတဲ့ အမိန့်အာဏာဖီဆန်ရေး လှုပ် ရှားမှု(CDM)ပြုလုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေး ကင်းရေးနဲ့ ဖိအားကင်းစင်စေရေးတို့အတွက် အလေးထားဆောင်ရွက်နေတယ်လို့ ဖော်ပြ ထားပါတယ်။

ဒါကြောင့်မို့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ် ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နဲ့ မူပိုင်ခွင့်ဦးစီး ဌာ နတွေက ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ၊ ကုန်သွယ်ရေးဦးစီးဌာနနဲ့ စားသုံးသူရေးရာ ဦးစီးဌာနတွေက ညွှန်ကြားရေးမှူးတွေ၊ ဒုတိယညွှန်ကြားရေးမှူး တွေ အယောက် ၃၀ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူ တွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၂၀၀ နီးပါးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၉,၀၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

1 day Ago

October 25, 2021

မီတာခ အဓမ္မကောက်ခံသူများကို ပြင်းထန်စွာ အရေးယူမည်ဟု NUG သတိပေး

အတင်းအဓမ္မ မီတာခကောက်ခံနေသူတွေနဲ့ လျှပ်စစ်မီးဖြတ်နေသူတွေ ပြင်းထန်စွာ အရေးယူခံရမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေဖို့ ဓာတ်အားဖြတ်တောက်တာတွေ ဆက်လုပ်နေတဲ့ စစ်ကောင်စီ ယန္တရား လည်ပတ်နိုင်ဖို့ အားပေးကူညီနေကြတဲ့ ညွှန်ကြားသူ အဆင့်ဆင့်၊ ဆောင်ရွက်သူ အဆင့်ဆင့်ဟာ အရေးယူခံရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်ညှင်းပန်းနှိပ်စက် မှုတွေကြောင့် ပြည်သူလူထုကိုယ်စိတ်ဆင်းရဲ ပင်ပန်းနေတာအပြင် စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးလျော့စေဖို့နဲ့ စစ်ကောင်စီဆီကို လျှပ်စစ်ဓာတ် အားခရန်ပုံငွေ မရောက်ရှိစေဖို့ အိမ်သုံးလျှပ်စစ်ဓာတ်အားခတွေကို NUG အစိုးရက ကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထုဘက်ကလည်း မီတာခမပေးဆောင်တာ၊ CDM လှုပ်ရှားမှုမှာ တက်ညီလက်ညီ ဆောင်ရွက်နေတာတွေကို တွေ့ရပြီး ဆက်လက်ပြီးတော့လည်း ပူးပေါင်းပါဝင်ပေးကြမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်တခုဖြစ်တဲ့ CDM လှုပ်ရှားမှာ အမှန်တရား ဘက်တော်သားဖြစ်တဲ့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေက စိတ်အားထက်သန်စွာ ကြံ့ကြံ့ခံဆောင်ရွက်နေကြပေမယ့် တချို့ဝန်ထမ်းတွေက CDM လှုပ်ရှားမှာ ပါဝင် ခြင်းမရှိတဲ့အပြင် စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်နိုင်ဖို့ လျှပ်စစ်ဓာတ်အားခကောက်ခံ ပေးနေတာတွေကိုလည်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့ပြီးဖြစ်ကာ အဲဒီနေ့က စတင်ကာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ အနေနဲ့ ရုံးတက်ခြင်းမပြုကြဖို့လည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ ယန္တရား လည်ပတ်စေမယ့် ကိစ္စရပ်တွေကို လုံးဝဆောင်ရွက်ခြင်း မပြုကြဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားခ ကင်းလွတ်ခွင့်ပြုတာ၊ ဆိုင်းငံ့တာတွေနဲ့ ပတ်သက်တဲ့ အမိန့်ကို နာခံကြဖို့ တတိယအကြိမ် သတိပေးတားမြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

သတိပေးတားမြစ်နေတဲ့ကြားက အတင်းအဓမ္မ ဓာတ်အားခ ကောက်ခံတာ၊ ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေဖို့ ဓာတ်အားဖြတ်တောက်တာတွေကို ဆက်လက်ဆောင်ရွက်နေကြမယ်ဆိုရင်တော့ ညွှန်ကြားသူ အဆင့်ဆင့်၊ ဆောင်ရွက်သူ အဆင့်ဆင့်ကို နိုင်ငံ့ဝန်ထမ်းဥပဒေအရသော်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအရ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်ပုန်ကန်မှုအဖြစ်အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

2 days Ago

၁၂ နှစ်အထက် ကလေးများအတွက် Pfizer ကိုဗစ်ကာကွယ်ဆေးသာ စိတ်ချရဟု NUG ထုတ်ပြန်

အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် လက်ရှိအချိန်ထိ Pfizer-BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေး တမျိုးတည်းကသာ စိတ်ချရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်ထဲမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု အရေးပေါ်အခြေအနေမှာ အသုံးပြုခွင့် (Emergency Use Listing - EUL) ရရှိထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဖြစ်တဲ့ AstraZeneca/ COVISHIELD™ ၊ Johnson & Johnson ၊ Moderna ၊ Pfizer-BioNTech ၊ Sinopharm (BIBP) နဲ့ Sinovac ကာကွယ်ဆေးတွေထဲမှာ Pfizer-BioNTech ကာကွယ်ဆေး တမျိုးတည်းသာ အသက် ၁၂ နှစ်မှ စတင်ထိုးနှံနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က စတင်ကာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား အခြေခံပညာ ကျောင်းသား ကျောင်းသူတွေကို တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျောင်းအပ်နှံထားကြပြီး ကျောင်းတက်ကြမယ့် ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံမှုမှာ အကျုံးဝင်မှာဖြစ်ပြီး အခြေခံပညာကျောင်းသား ကျောင်းသူ ၁ သန်းလောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ခုလိုထုတ်ပြန်ထားပေမယ့် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့် ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေကပါ ကျောင်းဆက်မတက်ကြဘဲ တော်လှန်နေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို လျှော့ချပြီး နိုင်ငံအသီးသီးရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို အမြန်ဆုံးနာလန်ထူ စေဖို့အတွက် ကာကွယ်ဆေးကို လျင်မြန်စွာ တိုးချဲ့ထိုးနှံနိုင်ဖို့ နိုင်ငံတိုင်းက ကြိုးစားနေကြပြီး ဒီရောဂါကူးစက်မယ့် အန္တရာယ်ဟာ လူသားတဦးတယောက်ချင်းစီကို အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိပါက ဘယ်သူမှ ဘေးကင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် ၁၂ ဒသမ ၃၈ သန်းကျော်ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၉၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၅၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

2 days Ago

ပြည်သူ့စစ်သားနှင့်မိသားစုဝင်များအတွက် ငွေကျပ်သိန်း ၂၀ ဒေါက်တာဆာဆာ ထောက်ပံ့လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြည် သူ့စစ်သားနဲ့ မိသားစုဝင်တွေအတွက် ငွေကျပ်သိန်း ၂၀ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်သားများအဖွဲ့ People’s Soldiers က ကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာတစောင် ထုတ်ပြန်ထားပါတယ်။

ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ် မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့စစ်သားစကားဝိုင်း” ကိုလည်း တင်ဆက်နေတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၉ လနီးပါးရှိလာခဲ့ပြီဖြစ်ကာ ဒီ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်း မာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်လက်အောက်ကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေဟာလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားတာပါ။

2 days Ago
More News
Up