Mask မတပ်သူ ဘတ်ငွေ ၂၀၀၀၀

April 26, 2021

ထိုင်းတွင် Mask မတပ်သူများကို ဘတ်ငွေ ၂၀၀၀၀ ဒဏ်တပ်မည်

ကိုဗစ်-၁၉  တတိယလှိုင်းရောက်ရှိလာတဲ့ ထိုင်းနိုင်ငံမှာ  ကူးစက်သူဦးရေနေ့စဉ် ထောင်နဲ့ချီ တွေ့ရှိနေတာကြောင့် ဘန်ကောက်၊ ချင်းမိုင်နဲ့ တခြားခရိုင်ပေါင်း ၄၀ ကျော်မှာ နှာခေါင်းစည်း မတပ်ရင် ဒဏ်ငွေ ဘတ် ၂၀၀၀၀ ပေးဆောင်ရမယ်လို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ အမိန့်ကို ဒီမတိုင်ခင်က ထိုင်းနိုင်ငံ ၄၂ ခရိုင်မှာ ထုတ်ပြန်ခဲ့ပြီး ဘန်ကောက်နဲ့ ချင်းမိုင်ခရိုင်ကတော့ ဧပြီ ၂၅  မှာ ထုတ်ပြန်ထားပြီး ဧပြီ ၂၆ ရက်ကစလို့ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဘယ်သူမဆို အိမ်ထဲက အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ထားရမှာဖြစ်ပြီး မလိုက်နာဘူး ဆိုရင်  အများဆုံး ဘတ်ငွေ ၂၀၀၀၀ အထိ ပြစ်ဒဏ်ထိမယ်လို့ သက်ဆိုင်ရာ ခရိုင်ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားတာပါ။ 

ဒါ့အပြင် ဘန်ကောက်မှာလည်း ဧပြီ ၂၆ ကစပြီး ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ လက်ဝှေ့ရုံ ၊ အားကစားရုံ ၊ အပမ်းဖြေစရာနေရာ၊  ပြတိုက်၊ စာကြည့်တိုက်၊ နေ့ကလေးထိန်းကျောင်း၊ လူအိုစောင့်ရှောက်ရေးဌာန၊ ရေကူးကန်အစရှိတဲ့ နေရာပေါင်း ၃၀ ကျော်ကို ယာယီပိတ်ထားပြီး စင်ထရယ်ကုန်တိုက်ကြီးတွေကိုလည်း အချိန်ကန့်သတ်ဖွင့်လှစ်ဖို့ ထုတ်ပြန်ထားပါတယ်။ 

ချင်းမိုင်မှာလည်း လေဟာပြင်ဈေး ညဈေးတွေ ယာယီပိတ်ထားပြီး ဧပြီ ၂၆ ကစလို့ မည်သည့် ပွဲလမ်းသဘင်မျှ မကျင်းပရ၊  လူ ၁၀ ယောက်ထက်ပိုပြီး မစုဝေးရ၊ ဘာသာရေးကိစ္စတွေ သက်ဆိုင်ရာဘာသာရေးအကြီးအကဲတွေရဲ့ လမ်းညွှန်မှုအောက်တွင်ဆောင်ရွက်ရန်၊ သက်ဆိုင်သူ သာပါဝင်ရန်၊ အသုဘအခမ်းအနားမှာ လူအယောက် ၅၀ ထက်မပိုရ၊ စည်းကမ်းချက်တွေ မလိုက်နာဘူးဆိုရင် ၁ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံးကျခံရမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းဟာ ဘန်ကောက်နာမည်ကြီး လောင်းကစားဝိုင်းနဲ့ နိုက်ကလပ်တွေကနေ ကူးစက်လာတာဖြစ်ပြီး အခုဆိုရင် တနိုင်ငံလုံး ( ၇၇ ခရိုင် ) လုံးကို ပြန့်နှံ့ သွားပြီဖြစ်ပါတယ်။ 

အဖြစ်များဆုံးမှာ ဘန်ကောက်နဲ့ ဒုတိယ ချင်းမိုင်ခရိုင်ဖြစ်ပြီး ချင်းမိုင်ကတော့ ဒီကနေ့မှာ အနည်းငယ်လျော့နည်းလာလို့ အဆင့် ၅ ကို ရောက်သွားပါတယ်။ 

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာနရဲ့ ဒီကနေ့မနက်ထုတ် ပြန်ချက်အရ တနိုင်ငံလုံးမှာ ပိုးတွေ့လူနာသစ် ၂၀၄၈ ဦးရှိပြီး ၈ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဇန်နဝါရီမှ ဒီကနေ့ထိ ကိုဗစ်-၁၉ ကူးစက်သူ ၅၇၅၀၈ ဦးရှိပြီး ၃၁၅၉၃ သက်သာ ပျောက်ကင်းကာ ၁၄၈ ဦးသေဆုံးခဲ့ပါတယ်။ 

ကိုးကား -  pptvhd36  ၊ ချင်းမိုင်နယူးစ် ၊ CCSA ထုတ်ပြန်ချက် 

3 months Ago
Up