maglev ရထား

July 21, 2021

တနာရီကီလို ၆၀၀ ထိပ်တန်းအမြန်နှုန်းဖြင့် မောင်းနိုင်သည့် ရထား တရုတ်အစိုးရ ထုတ်ဖော်ပြသ

တရုတ်အစိုးရဟာ တနာရီ ကီလိုမီတာ ၆၀၀ ထိပ်တန်းအမြန်နှုန်းနဲ့ မောင်းနိုင်တဲ့  maglev မက်လဗ် ရထားတစီးကို ဇူလိုင် ၂၀ မှာ ထုတ်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုယ်တိုင် တီထွင်ပြီး ကမ်းရိုးတန်းမြို့ ချင်းဒေါင်မှာ ထုတ်လုပ်တဲ့ ဒီရထားရဲ့ အမြင့်ဆုံး အမြန်နှုန်းကြောင့် ကမ္ဘာ့မြေပေါ်သွားယာဉ်တွေထဲမှာ အမြန်ဆုံး ဖြစ်လာတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

လျှပ်စစ်သံလိုက်လှိုင်းရဲ့ အားကို သုံးတာဖြစ်လို့ မက်လဗ်ရထားဟာ ရထားလမ်းပေါ်မှာ ရထားသံလမ်းနဲ့ ကိုယ်ထည်နဲ့ မထိဘဲ လေပေါ်မှာ ရှိနေမယ်လို့လည်း ဆိုပါတယ်။ 

တရုတ်ဟာ အင်မတန် ကန့်သတ်ထားတဲ့ ပမာဏနဲ့ ဆယ်စုနှစ် ၂နှစ်နီးပါးကြာအောင် ဒီနည်းပညာကို သုံးနေခဲ့တာပါ၊ ရှန်ဟိုင်းမြို့မှာလည်း  လေဆိပ်တွေကနေ မြို့ထဲကို ပြေးဆွဲတဲ့ ဒီနည်းပညာသုံး မက်လဗ် ရထားလိုင်း တလိုင်း ရှိပြီးသား ဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲမှာ မြို့ချင်းဆက် ဒါမှမဟုတ် ပြည်နယ်ချင်းဆက် မက်လဗ် ရထားလိုင်းတွေ မရှိသေးတာကြောင့် ပိုမြင့်တဲ့ မြန်နှုန်းဟာ ကောင်းကောင်း အသုံးဝင်နိုင်ပါတယ်။ ခုတော့ ရှန်ဟိုင်းနဲ့ ချန်ဒုမြို့တွေ အပါအဝင် တချို့ မြို့တွေမှာ သုတေသနတွေ စလုပ်နေပါပြီ။ မက်လဗ်ရထားရဲ့ တနာရီ ကီလို ၆၀၀ အမြန်နူန်းနဲ့ဆိုရင် မိုင် ၆၂၀ ဝေးတဲ့ ပေကျင်းမြို့ကနေ ရှန်ဟိုင်းမြို့ထိ ခရီးကို ၂ နာရီခွဲသာ ကြာတော့မှာပါ။ ဒီခရီးကို လေယာဉ်နဲ့ သွားရင် ၃ နာရီ ကြာပြီး မြန်နှုန်းမြင့်  ရထားနဲ့ သွားရင် ၅ နာရီခွဲ ကြာမှာ ဖြစ်ပါတယ်။

ဂျပန်နဲ့ ဂျာမနီလို နိုင်ငံတွေကလည်း မက်လဗ်ရထားလမ်း ကွန်ရက်တွေ တည်ဆောက်ဖို့ စဉ်းစားနေပေမယ့် ကုန်ကျစရိတ်မြင့်ပြီး လက်ရှိ ရထားလမ်းတွေနဲ့ သဟဇာတ မဖြစ်ဘဲ ရှိနေပါတယ်။

2 weeks Ago
Up