LG

May 10, 2020

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လူသေဆုံးခဲ့သည့် LG Polymers စက်ရုံပိတ်ပေးရန် အိန္ဒိယတွင်ဆန္ဒပြ

အိန္ဒိယနိုင်ငံ တောင်ပိုင်း အင်ဒရာ ပရာဒေ့ရှ်ပြည်နယ်က ဝိဆာခါ ပတ္တနမ်မြို့က LG Polymers စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သေဆုံးခဲ့သူ ၃ ယောက်ရဲ့ အလောင်းတွေကို ရွာသားတွေက စက်ရုံဝင်ပေါက်မှာ မေ ၉ ရက်ကချထားပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ စက်ရုံအပြင်ကို ထွက်လာတဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေကြောင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လူ၈၀၀ ကျော် ဆေးရုံတင် ကုသခံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ လူတွေ ခုထိ ဆေးရုံပေါ်မှာပဲ ရှိနေပါသေးတယ်။  မေ ၉ ရက်နေ့က ရဲညွှန်ချုပ် စက်ရုံကို လာကြည့်ချိန်မှာ ရွာသားတွေဟာ စက်ရုံဝင်ပေါက်မှာ အလောင်း ၃ လောင်း နဲ့အတူ ထိုင်သပိတ်မှောက်ခဲ့ကြတယ်လို့ ANI သတင်းဌာနမှာ ဖော်ပြထားပါတယ်။  ဓာတ်ငွေ့ယိုစိမ့်မှုကို စုံစမ်းစစ်ဆေးတဲ့ အရာရှိတွေ စက်ရုံထဲ ဝင်ချည်ထွက်ချည် သွားနိုင်ရေး အတွက် ရဲတွေက စက်ရုံဝင်းထဲ အတင်းဝင်ခဲ့တဲ့ ဆန္ဒပြသူတချို့ကို ဟန့်တားခဲ့ပါတယ်။  ဆန္ဒပြသူတွေက တရားမျှတမှု လိုချင်တယ်လို့ အော်ဟစ်ရင်း လူနေရပ်ကွက်နဲ့နီးတဲ့ စက်ရုံကို အပြီးပိတ်ပေးဖိုက တောင်းဆိုခဲ့ကြတယ်လို့ ANI သတင်းဌာနက ပြောပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံး ရေနံဓာတုကုမ္ပဏီ LG Chem Ltd ရဲ့ လက်အောက်ခံ LG Polymers စက်ရုံရဲ့ စီမံခန့်ခွဲရေးအရာရှိတွေကို ဖမ်းဖို့ ဆော်သြခဲ့ပါတယ်။ စက်ရုံ စီမံရေးအဖွဲ့ကို တာဝန်ပေါ့ဆမှု၊ လူသေမှု စွဲချက်တွေနဲ့ ရဲတွေက တရားစွဲ ထားပါတယ်။ LG Polymers စက်ရုံကတော့ ဒီဖြစ်ရပ်ဒဏ်ကိုခံရတဲ့ လူအားလုံးကို မေ ၉ ရက်နေ့က တောင်းပန်ခဲ့ပြီး အဆိပ်သင့် ဓားစာခံတွေနဲ့ မိသားစုတွေကို တတ်နိုင်သမျှ အားလုံး ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။ ဓာတ်ငွေ့လှောင်ကန်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ခုလို ဘေးဆိုးဆိုက်ရတာဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေက ပြဆိုထားတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။
1 year Ago
Up