KTV ဆိုင်

October 26, 2021

ဆားလင်းကြီးမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ လောင်းကစားဝိုင်းများနှင့် KTV ဆိုင်များကို PDF သတိပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်  ကိုင်းရွာလမ်းခွဲတောင်ဘက်မှာ အောက်တိုဘာ ၂၆ ရက်  ညနေ ၄ နာရီလောက်က  စစ်ကောင်စီယာဉ်တန်းကို မိုင်း ၁၈ လုံးဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကျနော်တို့  ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်း တိုက်ခိုက်ခဲ့တာဗျ။ အကျဆုံးကတော့ ကျနော်တို့ဘက်ကမရှိဘူး။ စစ် (--) တွေဘက်ကတော့  ကားလေးစီးလာတယ်။ သုံးစီးမိုင်းထိတယ်ပျက်စီးတယ်ဗျ။ စစ်ကောင်စီဘက်က အကျဆုံးတော့ အတိကျ မပြောနိုင်ဘူး”လို့  ဆားလင်းကြီးပြည်သူကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ   အခု အောက်တိုဘာလထဲမှာ  စစ်ကောင်စီယာဉ်တန်းကို သုံးကြိမ်အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း  ဒေသခံ PDF ကပြောပါတယ်။

ဆာလင်းကြီးမြို့နယ် ကျားတက်ကျေးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ တစ်ယောက်လည်း  ဒီ ညနေ ၃ နာရီကျော်မှာ နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခံရတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အသတ်ခံရသူက စစ်ကောင်စီသတင်းပေးတာတွေလုပ်တယ်။ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားတာတွေ စစ်ကောင်စီ သတင်းပေးတာတွေလုပ်တယ်။ CDMလုပ်တဲ့ ဝန်ထမ်းတွေ ခြိမ်းခြောက်တာတွေလုပ်တယ်လို့ နာမည်ထွက်နေတာ” လို့  ကျားတက်ရွာသားက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ကလည်း ဖောင်းကတာကျေးရွာက ဒလန်တစ်ဦး အသတ်ခံရပြီး အခု အောက်တိုဘာလအတွင်းမှာ အသတ်ခံရသူ ၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဆာလင်းကြီးမြို့နယ်မှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းဖွင့်သူတွေနဲ့  KTVဆိုင်တွေ ချက်ချင်းပိတ်သိမ်းဖို့  ဆားလင်းကြီး SSTFက သတိပေးစာ ထုတ်ထားပါတယ်။ 

လောင်းကစားဝိုင်းနဲ့ KTV ဆိုင်တွေဟာ စစ်ကောင်စီကို အခွန်တွေ ပေးနေတာကြောင့် အခုလို ပိတ်သိမ်းခိုင်းတာဖြစ်ပြီး   လိုက်နာဆောင်ရွက်မှုမရှိပါက   စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ထောက်တိုင်မှန်သမျှ  ချေးမှုန်းရလိမ့်မယ်လို့လည်း SSTFက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမြို့တွေ ၊ ရွာတွေမှာ စစ်ကောင်စီ တပ်တွေက လိုင်းကြေးယူပြီး လောင်းကစားဝိုင်းတွေကို ပိုမို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးနေတာဖြစ်ပါတယ်။

3 months Ago

November 27, 2020

မကွေးမြို့တွင် ကိုဗစ်စည်းကမ်းမလိုက်နာသည့်  KTV ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး ဖွင့်လှစ်နေတဲ့ မကွေးကမ္ဘာ KTV ဆိုင်ကို နိုဝင်ဘာ ၂၇ ရက် မနက် ၁ နာရီလောက်က  ဖမ်းဆီးအရေးယူထားတယ်လို့ မကွေးခရိုင် ရဲတပ်ဖွဲ့ကနေသိရပါတယ်။ မကွေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက "ကပ်ရောဂါကာလအတွင်း မကွေးမြို့ မကွေးကမ္ဘာစားသောက်ဆိုင်မှာ KTV လုပ်ငန်း လုပ်ကိုင်နေတယ်လို့ တာဝန်သိပြည်သူတစ်ယောက်က သတင်းပေးတဲ့အတွက် မကွေးတိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကျော်မင်း ဦးဆောင်တဲ့ ရဲတပ်ဖွဲဝင်တွေက သက်သေတွေနဲ့အတူ ဝင်ရောက်ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။ အဲဒီလို ဝင်ရောက်ရှာဖွေရာမှာ ဆိုင်အတွင်းက K-5 အခန်းမှာ အမျိုးသမီးဝန်ထမ်း နှစ်ယောက်နဲ့ အမျိုးသားတွေတွေ့ရှိခဲ့ပြီး အမျိုးသားတွေကတော့ ထွက်ပြေးတိမ်းရှောင်သွားကာ ကာရာအိုကေသီဆိုရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကာရာအိုကေဆိုင်တာဝန်ခံ ကိုနိုင်လင်းနဲ့ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။ သတင်း-မင်းထီး
1 year Ago
Up