EPC ရုံး

September 27, 2022

လှိုင်မြို့နယ် EPC ရုံးရှေ့ စစ်ကောင်စီတပ်လုံခြုံရေးဘန်ကာ ပစ်ခတ်ခံရ

လှိုင်မြို့နယ် ၁၂ ရပ်ကွက် ပါရမီလမ်းနဲ့ အင်းစိန်လမ်းထောင့်ရှိ EPC ရုံးရှေ့က စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာကို ဒီကနေ့ညနေပိုင်းမှာ အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ညနေ ၄ နာရီက လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်များ လုံခြုံရေးယူထားတဲ့ ဘန်ကာကို အမည်မသိအဖွဲ့က ကားပေါ်မှ ဗုံးတွေ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးအရင်ပေါက်တာ၊ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေ အဆက်မပြတ်ကြားရတော့ပဲ။ EPC ရုံးပစ်ခံရပြီး ကားလမ်းတလျှောက် လမ်းပိတ်ပြီး စစ်နေတာ ဒဏ်ရာရတဲ့သူတွေများတယ် ကြားတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် မီတာရုံးအနီး ဘူတာရုံလမ်းတဝိုက် လမ်းနှစ်ဖက်လုံးပိတ်ကာ ကားတွေကို ပြန်လှည့်ခိုင်ပြီး စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့သလို လူနာတင်ယာဥ်ကားတွေလည်း ရောက်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လှိုင်မြို့နယ် EPC ရုံးမှာ စက်တင်ဘာ ၄ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဝန်ထမ်းအချို့ ဒဏ်ရာရရှိကာ ထရန်စဖော်မာအချို့ ပျက်စီးခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု နဲ့ပစ်ခတ်မှု ၃၈ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ် ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

4 months Ago

September 4, 2022

အိမ်မဲမြို့နယ် EPC ရုံးတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ စက်တင်ဘာလ ၃ ရက် ညပိုင်းက မြို့နယ် EPC လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့နယ် EPC ရုံးရှေ့မှာ ည ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ အိမ်မဲမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး ပထမဆုံးအကြိမ်ဗုံးပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ည ၉ နာရီလောက်ရှိမယ် ပေါက်တဲ့အချိန်က ကွမ်းဝယ်နေတုန်းအသံကြားလိုက်တာ ပထမတော့ ကုန်ကား ဘီးပေါက်တယ်လို့ထင်တာ။ နောက်မှ လျှပ်စစ်ရုံး ဗုံးပေါက်တယ်ပြောတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ည ၉ နာရီလောက်ဖြစ်ပြီး ရုံးရှေ့မှာပေါက်ကွဲခဲ့တာကြောင့် ဝန်ထမ်းတွေ ထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးခဲ့သလို မနက်ပိုင်းမှာလည်း မြို့ဝင် ထွက်ဂိတ်တွေမှာ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို အိမ်မဲမြို့နယ်မှာလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့မရှိတာကြောင့် စစ်ကောင်စီလက်အောက်ခံရုံးကို တိုက်ခိုက်တာ ဘယ်အဖွဲ့ကဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago
More News
Up