Disneyland

June 16, 2020

ဟောင်ကောင် Disneyland ဇွန် ၁၈ ပြန်ဖွင့်မည်

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လနဲ့ချီပိတ်ထားခဲ့ရတဲ့ နာမည်ကျော် ဟောင်ကောင် Disneyland အပန်းဖြေ ကစားကွင်းကို ဇွန် ၁၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လက ရှန်ဟိုင်း Disneyland အပန်းဖြေကစားကွင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဒစ္စနေးရဲ့ ဒုတိယမြောက်ဖွင့်လှစ်မှု ဖြစ်ပါတယ်။ ဟောင်ကောင် Disneyland ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရက်ကို လာရောက်လည်ပတ်သူ ဦးရေ ၃၄,၀၀၀ လောက်ရှိကာ Disney အပန်းဖြေ ကစားကွင်းတွေထဲမှာတော့ အသေးဆုံး ကစားကွင်းတခု ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက အချိန် ၅ လကြာ ပိတ်ထားခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်မှုမှာတော့ လာရောက်လည်ပတ်မယ့်သူတွေအနေနဲ့ အွန်လိုင်းမှတဆင့် တပတ်စောကာ ဘွတ်ကင်တင်ရမှာဖြစ်ပြီး ကစားကွင်းရဲ့ တနှစ်စာ အဖွဲ့ဝင် (Magic Access members) တွေကတော့ ကင်းလွတ်ခွင့်ရရှိမှာပါ။ ကစားကွင်းတွင်း လာရောက်ချိန်မှာလည်း ခန္ဓာကိုယ်အပူချိန် အဖျားတိုင်းတာတွေ၊ မျက်နှာဖုံး နှာခေါင်းစည်း Mask တပ်ဆင်တာမျိုးတွေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေဟာ ၁,၁၁၀ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၄ ယောက် ရှိနေပါတယ်။ Disney ဟာ တကမ္ဘာလုံးမှာရှိတဲ့ အပန်းဖြေကစားကွင်းတွေကို လနဲ့ချီပြီး ပိတ်ထားခဲ့ရတာ ဖြစ်ပြီး အမေရိကန်နိုင်ငံက Disney World နဲ့ Disneyland အပန်းဖြေ ကစားကွင်းတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ပိတ်ထားခဲ့ရကာ ဒါဟာ ကစားကွင်းအနေနဲ့ သမိုင်းမှာ အရှည်ကြာဆုံး ပိတ်ထားရမှု ဖြစ်ပါတယ်။ လက်ရှိမှာတော့ Disney World အပန်းဖြေကစားကွင်းကိုတော့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ အပြည့်အဝ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပြီး အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
11 months Ago

May 11, 2020

COVID-19 ကြောင့် သုံးလကြာပိတ်ထားခဲ့သည့် ရှန်ဟိုင်းနာမည်ကျော် Disneyland ပြန်ဖွင့် (ရုပ်သံ)

COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ၃ လလောက် ပိတ်ထားခဲ့တဲ့ ရှန်ဟိုင်းမြို့က နာမည်ကျော် Disneyland အပန်းဖြေ ကစားကွင်းကို ဒီကနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ခုလိုပြန်လည်ဖွင့်လှစ်မှုမှာ Disney အနေနဲ့ လာလည်မယ့်သူတွေကို ကိုယ်အပူချိန်တိုင်းတာမှုတွေ၊ လူချင်းပူးပူးကပ်ကပ်မဟုတ်ဘဲ ခပ်ခွာခွာနေထိုင်ဖို့တွေ၊ နှာခေါင်းစည်း(mask)အကာအကွယ်တွေအပါအဝင် ကျန်းမာရေးအတွက် စိတ်ချလုံ ခြုံရမယ့် အခြေအနေတခုထိ စောင့်ကြည့်စစ်ဆေးမှုတွေလည်း ပြုလုပ်မှာလို့ ဆိုပါတယ်။ ကြိုတင်လက်မှတ်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အလျင်အမြန်ပဲ ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ အပန်းဖြေကစားကွင်းထဲ လာရောက်လည်ပတ်သူ အရေအတွက်ကိုတော့ တရုတ် အစိုးရရဲ့ တောင်းဆိုကန့်သတ်မှုနဲ့ ပုံမှန်လာရောက်နိုင်သူ ဦးရေရဲ့ ၃၀ ရာခိုင်နှုန်း၊ လူပေါင်း ၂၄၀၀၀ လောက်သာ လည်ပတ်ခွင့် ပြုထားတာပါ။ ဖွင့်ပွဲအစနေ့မှာတော့ နာမည်ကျော် Disney ဇာတ်ကောက် မစ်ကီမောက်စ်ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ ဧည့်ကြိုဝန်ထမ်းတွေဟာ ဂိတ်ပေါက်ဝကနေ စောင့်ကြိုနေခဲ့ကြပြီး လူချင်းခပ်ခွာခွာ နေထိုင်ကြဖို့ အသိပညာပေးနေကြပါတယ်။ ရှန်ဟိုင်းမြို့မှာ စာသင်ကျောင်းတွေနဲ့ ရုပ်ရှင်ရုံတွေတချို့ကိုတော့ ပြီးခဲ့တဲ့လကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ရှန်ဟိုင်း Disneyland ကစားကွင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကမ္ဘာတဝန်းတွင် Disneyland ကစားကွင်းတွေရဲ့ ၆ ခုမြောက် ကစားကွင်းဖြစ်ပါတယ်။
1 year Ago
Up