COVID-19 အတည်ပြုလူနာ

December 29, 2020

ကိုဗစ်-၁၉ လူနာသစ် ၆၁၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၉ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၆၁၉ ယောက် တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၉ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၉ ယောက် ထဲမှာ ၁၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၈ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၀၉၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၆၁၉ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၉၂၈ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၄၆ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၃၈၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၄၈၃ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၃,၁၅၃ ယောက်၊ သေဆုံးသူ ၂,၆၃၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၅,၂၇၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Photo-MOHS
5 months Ago

May 23, 2020

စင်ကာပူတွင် မေ ၂၃ ရက်နေ့က COVID-19 အတည်ပြုလူနာ ၆၄၂ ဦး ထပ်တွေ့

စင်ကာပူနိုင်ငံမှာ မေ ၂၃ ရက်မှာပဲ COVID-19 အတည်ပြုလူနာဦးရေဟာ ၆၄၂ ဦး ထပ်တွေ့ပါတယ်။ စာရင်းအရ အတည်ပြုလူနာဦးရေဟာ ၃၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၃ ယောက် ရှိသွားပါပြီ။ စင်ကာပူ အခြေစိုက် ချန်နယ်နယူးအေးရှားစ် သတင်းကတော့ ဒီလူနာအသစ်တွေထဲမှာ မူကြိုကျောင်းဝန်ထမ်း နှစ်ဦး ပါတယ်လို့ ဖော်ပြထားပါတယ်။  စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကူးစက်ခံရတဲ့ လူနာအများစုမှာ  ရွှေ့ပြောင်းလုပ်သား အများစုပါဝင်တယ်လို့ သိရပါတယ်။ စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သား ၃ သိန်းကျော်ရှိပြီး သူတို့ဟာ ကျဉ်းကျပ်တဲ့ အဆောင်တွေထဲမှာ နေထိုင်ရလို့ ကူးစက်နှုန်း မြင့်မားတာလို့ သတင်းတွေက ဆိုပါတယ်။  အစိုးရကတော့ အားလုံးကို COVID-19 ရှိ၊ မရှိ ဆေးစစ်သွားမယ်လို့ မေ ၁၂ ရက်နေ့ကတည်းက ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
12 months Ago
More News
Up