COVID-10

July 1, 2020

ကမ္ဘောဒီးယားနှင့် ကိုရီးယားတွင် ပိတ်မိနေသည့်  မြန်မာနိုင်ငံသား  ၂၀၀ ကျော် ပြန်ရောက်

ကမ္ဘောဒီးယားနဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံတချို့မှာရောက်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ ခက်ခဲနေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့  ဇွန်လ ၃၀ ရက်က  ပြန်ခေါ်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေကို မြန်မာနိုင်ငံက ဆင်းသက်ခွင့်ပိတ်ထားတာကြောင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံကို ရောက်နေသူတွေအနေနဲ့ နေရပ်ပြန်လာလို့ မရဖြစ်နေတာပါ။ ဇွန်လ ၃၀ ရက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Myanmar Airways International) နဲ့ မြန်မာနိုင်ငံသား အယောက် ၉၀၊ အရေးပေါ်ကိစ္စ တာဝန်နဲ့ သွားရောက်မယ့် နိုင်ငံခြားသား ၇ ယောက်ကို ရန်ကုန်ကို ခေါ်ယူလာခဲ့တယ်လို့  နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အလားသူ ကိုရီးယားသမ္မတနိုင်ငံနဲ့ တခြားနိုင်ငံတချို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၂၉ ယောက်ကိုလည်း  ၁၁ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့  ပြန်ခေါ်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ကိုရီးယားရောက်  မြန်မာနိုင်ငံသား ၆၉ ယောက်၊ အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဂျာမနီ၊ ဗီယက်နမ်နဲ့ တောင်ဆူဒန်နိုင်ငံတို့ကနေ လာရောက်လိုက်ပါတဲ့ မြန်မာနိုင်ငံသားအယောက် ၅၀ နဲ့ မြန်မာသင်္ဘောသား ၁၀ ယောက်၊ စုစုပေါင်း ၁၂၉ ယောက်ကို  မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ ပြန်ခေါ်လာခဲ့ပါတယ်။ မနေ့ကလည်း ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသနဲ့ မကာအိုဒေသ၊ ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၃၀၁ ယောက်ကို ပြန်ခေါ်လာခဲ့ပြီး ဒီနေ့အချိန်ထိ ပြည်ပရောက်မြန်မာနိုင်ငံသား အယောက် ၇၀၀၀ လောက်ကို ပြန်ခေါ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ PHOTO-MOFA
1 year Ago

May 4, 2020

နေပြည်တော်တိုင်းစစ်ဌာနချုပ်က စစ်သည် ၁ ဦးတွင်  COVID- 19 ပိုးတွေ့

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် ၁ ဦးမှာ COVID-19  ရောဂါပိုးတွေ့ရှိရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွင်း တပ်မတော်ထဲမှာ ပထမဆုံး COVID-19 ရောဂါပိုးတွေ့တာလည်းဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။ အဆိုပါ စစ်သည်ဟာ ဧပြီ ၃၀ ရက်နေ့ကတည်းက ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားနေရပြီး မေလ ၁ ရက်နေ့မှာ COVID-19 ရောဂါနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံက ကုသဆောင်မှာ သီးခြားစောင့်ကြည့်ပြီး ကုသမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မေလ ၄ ရက်နေ့မှာ လူနာရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကိုယူပြီး PCR နည်းနဲ့ စမ်းသပ်စစ်ဆေး၊ ဓာတ်ခွဲအတည်ပြုတာမှာ COVID-19 ရောဂါပိုးတွေ့ရှိရတဲ့အတွက် COVID-19 ရောဂါကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာ ကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ “ရောဂါပိုးတွေ့တဲ့ စစ်သည်ကိုတော့ ရောဂါကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာကုသမှုပေးနေပါတယ်။ အခြေနေကောင်းပါတယ်။ ဘယ်ကနေကူးသလဲ၊ သူ့ဆီကနေ ဘယ်လောက်ကူးသလဲ၊ သူကရော ဘယ်လိုကူးခံရသလဲ စိစစ်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါစစ်သည်နဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့  သိရပါတယ်။ “သူနဲ့ထိတွေ့တဲ့သူတွေလည်း သူရုံးဌာနမှာ ထိတွေ့ထားတဲ့သူတွေကိုတော့ စစ်ဆေးနေပါတယ်။ ဘယ်လို ကူးတယ်။ သူ့ ပတ်ဝန်းကျင်မှာ သူနဲ့ Contact Person တွေ ဘယ်သူတွေရှိလဲ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ process တွေအတိုင်း ဆက်ပြီး ဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက  ပြောပါတယ်။ ပိုးတွေ့စစ်သည်အနေနဲ့ ခရီးသွားရာဇဝင်ရှိ မရှိကိုတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။ ရုရှားနိုင်ငံမှာ ပညာသင်သွားရောက်နေတဲ့ မြန်မာတပ်မတော်က သင်တန်းသား အရာရှိ ၅ ဦး လည်း COVID-19 ရောဂါ ကူးစက်ခံနေရတာရှိပါတယ်။
1 year Ago
Up