chevron

May 29, 2021

စစ်ကောင်စီအား ရန်ပုံငွေဖြတ်တောက်ရန် အစိုးရနှင့်စွမ်းအင်ကုမ္ပဏီများ လိုက်နာသင့်ဟု HRW ပြော

အာဏာသိမ်းစစ်ကောင်စီအတွက် ရန်ပုံငွေတွေကို ဖြတ်တောက်ပစ်ဖို့ မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ ငွေပေးချေမှုကို ဆိုင်းငံ့ထားဖို့  Chevron နဲ့ Total SA တို့ရဲ့ဆုံးဖြတ်ချက်ကို အစိုးရတွေနဲ့ စွမ်းအင်ကုမ္ပဏီတွေ လိုက်နာသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောပါတယ်။ 

သဘာဝဓာတ်ငွေ့က ရရှိတဲ့ အခွန်ငွေဟာ စစ်တပ်ရဲ့ အကြီးမားဆုံးသော ၀င်ငွေအရင်းအမြစ်ဖြစ်ပြီး ပေးဆောင်ရတဲ့ အခွန်အခပုံစံ အမျိုးမျိုးဟာ တစ်နှစ်ကို ခန့်မှန်းခြေ ၁ ဘီလီယံလောက်ရှိတယ်လို့လည်း ဆိုပါတယ်။ 

Total နဲ့ Chevron တို့က ကြေညာထားတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာကမ်းလွန်ရတနာ ဓာတ်ငွေ့သိုက်ကနေ မြန်မာနဲ့ ထိုင်းကို ဓာတ်ငွေ့သယ်ဆောင်ပေးတဲ့ ပိုက်လိုင်းကုမ္ပဏီဖြစ်တဲ့ မုတ္တမ ဂက်စ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီကပေးတဲ့ အစုပေါ်အမြတ်ငွေ ၁၅ ရာခိုင်နှုန်းကိုသာ သက်ရောက်စေတယ် လို့ ဆိုပါတယ်။  

Total ကတော့ ငွေပေးချေမှုတွေကို ဧပြီ ၁ ရက်ကစပြီး ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။ မုတ္တမမှာ ရှယ်ယာ ၃၁ ဒသမ ၂ ရာခိုင်နှုန်း နဲ့ ၂၈ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိကြတဲ့ Total နဲ့ Chevron တို့ဟာ အတူတကွ အဓိက ပိုင်ဆိုင်သူတွေဖြစ်ပါတယ်။ 

Total ဟာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလွန်းတဲ့ အခြေအနေကို နားလည်အသိအမှတ်ပြုပြီး နောက်ထပ်အရေးယူမှုတွေ လုပ်ဖို့လည်း ကြေညာချက်ထဲမှာ ထည့်သွင်း ပြောကြားထားပါတယ်။

 Total ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး အီးယူနဲ့ အမေရိကန်အာဏာပိုင်တွေက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေအပါအဝင် ပြည်တွင်း၊ပြည်ပ အာဏာပိုင်တွေရဲ့ ဘယ်လို ဆုံးဖြတ်ချက်ကို မဆို လိုက်နာမယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

Chevron ရဲ့ ကြေညာချက်ထဲမှာလည်း ပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုရရှိဖို့ တိုက်တွန်းပြီး မြန်မာပြည်သူတွေ၊ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့အတူ ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။ 

နောက်ထပ် သဘာဝဓာတ်ငွေ့ အခွန်ဝင်ငွေတွေအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း လေးစားလိုက်နာသွားမယ်လို့ ဆိုပါတယ်။ 

ဒီလို စီးပွားရေးသက်ရောက်မှုမျိုးက စစ်တပ်ကို ရက်စက်တဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို ရပ်တန့်သွားစေပြီးတော့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် စစ်မှန်တဲ့ဖိအား ပေးနိုင်ပါတယ်လို့ HRW Asia က advocacy director John Sifton က ပြောကြားခဲ့ပါတယ်။

4 months Ago
Up